Wednesday, December 13, 2006

Myo Kyawt Myine

မရောက်တာ အတော်ကြာလှပြီ ဖြစ်တဲ့ လမ်းအိုလေးကို ဘာရယ်မဟုတ် သည်နေ့ နည်းနည်း အားတာနဲ့ ၀င်ကြည့်ရင်း မျိုးကျော့မြိုင်ရဲ့ စာ တစ်စ တွေ့လို့ ဖတ်မိတယ်..။ စာကြီးစာကျယ်ကြီးမဟုတ်ပေမယ့် .. ကိုယ်သဘောကျမိလို့.. မျှဝေချင်ပါတယ်။ သူကြုံခဲ့တဲ့ ဘ၀၊ သူမှားခဲ့တဲ့ အမှားများနဲ့ သူ့ကိုယ်သူ နှစ်သိမ့်ပုံလေးတွေ..။

ငယ်ရွယ်သူတွေ ဟာ နုပျိုတဲ့ အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ..

နေမင်းကြီးဟာ ကိုယ့်ရဲ့ဘ၀ ပထမဆုံးနေ့ကို ခေါ်ဆောင်လာခဲ့တယ်။

ညရောက်တော့ လမင်းကြီးက ကိုယ့်ကို ဖမ်းညို့ထားတယ်။

လေတွေ တိုက်နေတဲ့ကြားမှာ မိုးရေစက်တို့ရဲ့ လွှမ်းခြုံခြင်းနဲ့

ကိုယ့်ဘ၀ကို စခဲ့ရတယ်။

လမ်းတွေက ကိုယ့်ကို နေရာပေါင်းများစွာပို့ခဲ့တယ်။

နှစ်တွေက ဘယ်နေရာရောက်ရောက် တားဆီးထားကြပြန်တယ်။

သိပ်စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတော့လည်း

ဖြစ်ချင်တာကို ရအောင်လုပ်မယ် ဆိုပြီး

ခရီးတွေ ကျော်ဖြတ်ခဲ့တယ်..။

ခေတ်ကာလတစ်ခုရဲ့ အချိန်တစ်ခုက ကိုယ့်ကို

နေရာပေးလိုက်တယ်။

အောင်မြင်မှုဆိုတာကလည်း ကိုယ့်ကိုလာပြီး

ခဏခြယ်မှုန်းပေးတယ်။

အဖြစ်အပျက်တွေ၊ အဆိုးအကောင်းတွေကလည်း

ကိုယ့်နားမှာ စောင့်ကြည့်နေကြတယ်။

သိပ်တတ်ကြွနေတဲ့ အရွယ်ဆိုတော့လည်း

ကိုယ့စိတ်ထက်ပိုပြီး

အရာရာညကို ဂရုမစိုက်ဘဲ ရှေ့ဆက်ခဲ့တယ်။

ပျော်စရာတွေ အများကြီး ရသလို

စိတ်ညစ်စရာတွေလည်း အသေအချာ

ထိတွေ့လာတယ်။

စိတ်တိုင်းမကျမှုတွေစုပြီးတော့

ကိုယ့်စိတ်ဓာတ်ကိုလည်း ဖျက်ဆီးတတ်လာတယ်။

ဘေးနားမှာရှိတဲ့ အဖော်တွေေနဲ့ ဝေးသွားရလောက်အောင်

အမှားတွေအများကြီး စလုပ်ခဲ့မိတယ်။

နေမင်းကြီးကိုလည်း အရင်လို ဂရုမစိုက်တတ်တော့ဘူး..

လေတွေ တိုက်တဲ့အချိန်၊ ဒါမှမဟုတ်

မိုးတွေရွာနေတာလည်း ကိုယ်မခံစားတတ်တော့ဘူး..

တစ်ယောက်တည်း ချောက်ချားစွာ

ညတွေ နေ့တွေကို ကျော်ဖြတ်နေမိတော့တယ်

ဒီလိုနဲ့ပဲ ဘ၀ရဲ့ ဒုတိယအရွယ်ကို ရောက်ခဲ့ရတယ်..။


အရာရာကို သိပ်အားမရှိပေမယ့် ခံနိုင်ရည်ရှိအောင်

တည်ဆောက်မိလာတယ်..။

လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကိုလည်း

တာဝန်ယူတတ်လာတယ်.

အဲလိုနဲ့ပဲ အမှားနည်းအောင် ကိုယ်နေတတ်လာတယ်။

တစ်ခါတလေလည်း ငယ်ငယ်တုန်းက

အချိန်တွေကို ပြန်မြင်နေမိတယ်

ပြန်မရနိုင်တော့မယ့် အဖော်ဆိုတာကိုလည်း သတိရနေမိတယ်..

အရွယ်တွေဆုံးရှုံးသွားတယ် ဆိုပေမယ့်

အရင်လို အင်အားတွေ လိုချင်နေမိတယ်။


တဖြည်းဖြည်းနဲ့ နံနက်တွေမှာ

နေမင်းကြီး ထွက်မယ့် အချိန်ကို စောင့်တတ်လာတယ်။

ညဆိုလည်း လမင်းကြီးဖမ်းညှို့နိုင်ဖို့

ကိုယ်ကြိုးစားတော့တယ်။

လေတွေ တိုက်နေတဲ့ ညနေခင်းတွေကို

ထိုင်ပြီးတော့ ပြန်ခံစားတတ်လာတယ်..

အဲဒီအချိန်မှာပဲ ကိုယ်တစ်ခု သေချာစွာ သိလိုက်ရတယ်..။


ကိုယ့်ဘ၀မှာ ဘယ်အရာတွေ ဘယ်လိုပဲ ဆုံးရှုံးဆုံးရှုံး

အရင်က ပြောခဲ့တဲ့စကားတွေ

ကိုယ်ရေးခဲ့တဲ့ စာသားတွေ

ငယ်ငယ်ကတည်းက ဖြူစင်စွာ ရူးသွပ်ခဲ့တဲ့

သီချင်းတေဗွ ဟာ ကိုယ့်နားမှာ

ပြုံးပြုံး ပြုံးပြုံးနဲ့ အမြဲရှိနေတုန်းပဲ

ကိုယ့်ကို အင်အားတွေ ပေးနေတုန်းပဲ

အကြိမ်ကြိမ် ကယ်တင်နေတုန်းပဲ ဆိုတာ...


ဒီလိုပါပဲ.. ငယ်ရွယ်သူတွေဟာ နုပျိုတဲ့ အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ..။


မျိုးကျော့မြိုင်