Thursday, August 6, 2009

သားသားမွေးနေ့

ဒီနေ့ သားသားရဲ့ ပထမဆုံးသော မွေးနေ့...း)

Sunday, May 17, 2009

ဂျ

ဂျပန်သွားတောလား ၃

၁၆ ရက်နေ့

ဒီနေ့ တိုကျိုကနေ ကာနာဇာဝါသွားရမှာမို့ မနက်ကတည်းက ချက်ကောက်လုပ်ရတယ်။ နောက် ဒီတစ်ခါတော့ ဂျပန်ရောက်နေတဲ့ အင်ဒီးယန်းတွေနဲ့ တွေ့ရတယ်။ သူတို့ကတော့ သူဌေးအဖွဲ့ပေါ့။ နောက်အတန်းအစား တစ်ခုပေါ့လေ..။ အဲသည်ကိုရောက်ပြီး အလုပ်လုပ်ရင်း နောက် သူပိုင်လုပ်ငန်းပါ ထူထောင်နိုင်တဲ့အထိအောင်မြင်နေတဲ့သူများနဲ့ သံတမန်လူတန်းစား ပေါ့။



နောက် တခြား နောက်ထပ် ဂျပန်ရောက် အင်ဒီယန်း ပညာတတ်အသိုင်းအ၀ိုင်းပေါ့။ သူတို့ရဲ့ အမြင်ကတော့ တမူထူးခြားနေတာသတိထားမိကြတယ်။ အကောင်းတွေချည်းပဲပေါ့နော်။ ဂျပန်မှာ လာနေမယ့် နိုင်ငံခြားသားတစ်ယောက်ဖို့ အတော်ကြီးကို စိတ်ချမ်းသာစာရာကြီးပါပဲ။ တစ်ယောက်ကတော့ သူ့အဖို့လုပ်ငန်းခွင်ထဲမှာ တကယ်အံ့သြရတာကတော့ ဂျပန်တွေရဲ့ အချိန်တိကျမှုပါပဲတဲ့။ နေ့လည် ၁၂ နာရီထိုးတာနဲ့ တရုံးလုံးလိုပဲ မတ်တပ်ထရပ်လိုက်ကြပြီး နေ့လည်စာစားဖို့ ထွက်ကြပါတယ်တဲ့။ သံအစ်မတ်ကတော်တစ်ယောက်ကတော့ ဂျပန်တွေရဲ့ အသေးစိတ်ကအစ တိကျမှုကို ချီးကျူးပြောသွားပါတယ်။ ဥပမာကတော့ သူပထမဆုံး ဂျပန်မှာ ဆံပင်ညှပ်တဲ့အတွေ့အကြုံပါတဲ့။ သူဟာ ဆံပင်ညှပ်တိုင်း သူ့ဆံပင်ညှပ်မယ့်သူကို သူညှပ်ချင်တဲ့အတိုထက်ကို အမြဲ ၁လက်မစာလောက် ပိုရှည် ပြောထားလေ့ရှိတယ်တဲ့။ ဂျပန်မှာ ပထမဆုံးဆံပင်ညှပ်တော့ အဲသလိုပဲပြောပါတယ်တဲ့။ ပြီးသွားပြီဆိုတော့ သူစိတ်တိုင်းမကျဘူး။ သဘောမတွေ့ဘူးဖြစ်နေတာကို သူချက်ချင်းသဘောပေါက်လိုက်တယ်တဲ့။ အရင်က သူညှပ်ခိုင်းရင် ပြောချင်တာထက် တိုသွားတတ်လွန်းလို့ အမြဲ ၁ လက်မ စာ ချန်ပြောတတ်တာ.. တကယ်တော့ ဂျပန်မက အတိအကျ ညှပ်ပေးထားတဲ့အတွက် သူအဲလိုဖြစ်ရတယ်ပေါ့နော်..။ အဲသည်တော့ ဂျပန်ရောက်ပြီး ဆံပင်ညှပ်ရင် သူညှပ်ချင်တဲ့အရှည်အတိုင်း အတိအကျပြောနိုင်သွားပြီတဲ့။ စိတ်ဝင်စာဖွယ်.. :p














နောက် ဂျပန်စာ နေ့လည်စာစားကြတယ်။ ဟင်းသီးဟင်းရွက်တွေကို ရေနွေးငွေ့နဲ့ပေါင်းထားတာရယ် ၀က်သားအသားလွှာပေါင်းရယ်ပေါ့။ စားရတာ ပေါ့ရွှတ်ပေမယ့် စားလို့တကယ်ကောင်းပါ











နေ့လည်စာစားပြီးတဲ့နောက် Haneda လေဆိပ်ကနေ ANA 755 နဲ့ ကာနာဇာဝါကို သွားကြတယ်။ ကာနာဇာဝါမှာ ရေပူစမ်းရှိတဲ့ ဂျပန်ရိုးရာ ဟိုတယ်မှာ ၃ ယောက်တစ်ခန်း ဂျပန်စတိုင်နဲ့နေရတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာက ညစာကို ဂျပန်လိုဝတ်ပြီး စားရတာပါပဲ။



















ပြောရဦးမယ် ဆိုရင်ကြိုတင်ရထားတဲ အစီအစဉ်ထဲမှာ သည်ရေပူစမ်းမှာ စိမ်တဲ့ဟာပါတော့ လိုရမယ်ရ ရေကူးဝတ်စုံယူလာခဲ့ပေမယ့် လုံးဝ လုံးဝ ၀တ်ခွင့်မရှိပါဘူးတဲ့။ ကာနာဇာဝါ က ရေပူစမ်းဟိုတယ်ကို အသွားကားပေါ်မှာ ရှင်းပြသွားပါတယ်။ ရေထဲမဆင်းခင် သန့်ပြန်အောင် သုတ်ဖို့ တာဝဲလ် အသေးပဲရပါမယ်တဲ့။ အဲဒါနဲ့ ကိုယ်လက်သန့်စင်သုတ်သင်ပြီးရင် သည်အတိုင်း ရေထဲဆင်းရမှာပါတဲ့။ ဘာမှ ၀တ်ခွင့်မပေးပါဘူးတဲ့။ နောက် အဲသည် ချစ်စရာကောင်းတဲ့ ဂျပန်ဂိုက် အမျိုးသမီးကလေး အပြောကြောင့် အားလုံး ရယ်လိုက်ကြရတာ အုံးအုံးကျွက်ကျွက်ပါပဲ။ If you are really really shy, you can use that towel to cover your face တဲ့။






တကိုယ်လုံး မြင်နေရပြီးကာမှ မျက်နှာကလေး အုပ်ပြီး ဘာလုပ်ရမှာတုန်း..............လို့...။ တကတည်း။












တကယ်တော့ အဲသလိုမဟုတ်ပါဘူး။ ပတ်စရာ သီးသန့်လုပ်ထားတဲ့ တော်တော်လေးကို ခိုင်မြဲတဲ့ နှိပ်စေ့တွေပါတဲ့.. အစိမ်းရောင် အ၀တ်စ တွေ ထားပေးထားပါတယ်။ လုံးဝ ဓာတ်ပုံရိုက်ခွင့်မရှိတာကြောင့် အားလုံးရဲ့ အလှအပလေးတွေကို သည်မှာ တင်ပြခွင့်မရတာ ခွင့်လွှတ်ပေးကြပါ။






အဲသည် ရေပူစမ်း စိမ်ရတာ တကယ့်ကို ဘာနဲ့ မှ မတူအောင် ဇိမ်ကျတဲ့အရသာပါပဲ။ ရေငွေ့တွေရဲ့ အနံ့ကြောင့်ရော တကိုယ်လုံးပူနွေးတဲ့ ခံစားချက်ကြောင့် သွေးလှည့်ပတ်မှုတွေကောင်းပြီး သိပ်ကို relax ဖြစ်တာပါ။ အဟုတ်ပါ... အဟုတ်ပါ။







ဒီပုံကတော့ ကာနာဇာဝါက ဟိုတယ်မှာ ရိုက်ထားတဲ့ ဂျပန်က တိုကျိုတက္ကသိုလ်မှာ human security ယူထားတဲ့ ပီအိတ်ခ်ျဒိကျောင်းသားနဲ့ နားရင်းစကားပြောနေတုန်း ရိုက်ထားတာပါ။








နောက်နေ့မှာတော့ ဟိဂါရှိးချယဂေး လို့ခေါ်တဲ့ ကာနာဇာဝါမြို့ဟောင်း ကိုသွားလည်ရပါတယ်။ ဟိုးတုန်းက ဂေးရှမယ်တွေ ဖျော်ဖြေတဲ့ အိုချယာတွေရှိတာပေါ့နော်။








နောက်တစ်နေရာကတော့ kenrokuen garden နဲ့ kanazawa castle ကိုသွားပါတယ်။
တကယ်တော့ ကိုဘေးကိုသွားဖို့ အစီအစဉ်ထဲမှာပါပေမယ့် ဖလူအောက်ဘရိတ်ဖြစ်နေတယ်ဆိုလို့.. အဲသည်အစား နာဂိုယာမှာ ၁ ရက်ထပ်တိုးလိုက်ရပါတယ်။
နာဂိုယာမှာတော့ နာဂိုယာကာဆယ်လ်ဟိုတယ်မှာတည်းရပါတယ်။ နောက်ပြီး နာဂိုယာအင်မီဂရေးရှင်းဗျူရို ကို သွားလေ့လာရပါတယ်။ နောက် ဘရာဇီးလ်တွေ အနေများတဲ့ ကန်နီ (Kani) မြို့မှာ Migrant worker တွေ မြို့ကို အသစ်ရောက်လာသူတွေအတွက် ဘယ်လို service မျိုးတွေရှိတယ်ဆိုတာ သွားလေ့လာရပါတယ်။

နောက်တစ်မြို့ကတော့ Fuji City ပါ။ ဖူဂျီမြို့ဟာ သိပ်ကိုလှပါတယ်။ ဖူဂျီမီးတောင်ဟောင်းကိုေ၀၀ါးဝါးမြင်နေရတဲ့ရှုခင်းဟာ လွမ်းမောစရာပါ။ နောက် အိမ်လေးတွေရဲ့ ရှေ့တွေ လှေခါးပန်းလေးတွေ အိမ်ပြတင်းပေါက်လေးတွေမှာ ပန်းပင်လေးတွေနဲ့။ အဲသည်ကို ရထားနဲ့သွားကြပါတယ်။ ရထားပေါ်မှာ အလုပ်ကလဲ ပါပါသေးတယ်။ ထူးထူးခြားခြား နေ့လည်စာကို ရထားပေါ်မှာစားရတဲ့ ဘန်းကယော လို့ခေါ်တယ် ထင်တာပဲ။ ထမင်းဗူးနဲ့ပါ။ အရမ်းကို လှပချစ်စဖွယ်ကောင်းအောင် ထုပ်ပိုးထားတဲ့ကဒ်ထူစကူသားနဲ့လုပ်ထားတဲ့ ထမင်းဗူးကလေးပါ။ စားပြီးတော့ ရထားက ခုံတွေကို မျက်နှာချင်းဆိုင်ဖြစ်အောင် လုပ်ပြီး ကိုယ့်အုပ်စုနဲ့ကိုယ် ဆက်ဆွေးနွေးရပါတယ်။ ပြီးရင် ဂရုပ်ပရက်ဇန်တေးရှင်းလုပ်ရဦးမှာကိုး။

ဖူဂျီမြို့မှာ Machi no Eki လို့ခေါ်တဲ့ လမ်းဘူတာလေးဆိုတဲ့ပရောဂျက်တစ်ခုရှိပါတယ်။ အဲဒါကတော့ တနိုင်တပိုင်စားသောက်ဆိုင်လေးတွေ၊ ရေနွေးကြမ်းဆိုင် ကိမိုနိုဆိုင်၊ ဆာကေးဆိုင် ကလေးတွေက သူတို့ဆိုင်ကို မချိနော့အေးခိ လို အသတ်မှတ်ခံလိုက်တယ်ဆိုရင် ဒီမြို့ကိုရောက်လာတဲ့ လူစိမ်း၊ နိုင်ငံခြားသား တွေကို အကူအညီပေးပါတယ်။ ရင်းနှီးဖော်ရွေစွာနဲ့ မြို့မြေပုံပေးတာတို့ အခြားသော သတင်းအချက်အလတ်ပေးတာတို့ နောက်ပြီး မြို့ခံလူတွေနဲ့ရင်းနှီးဝင်ဆံ့ဖို့ ကူညီပေးတယ် ဆိုပါတယ်။ ကိုယ်တို့က ရေနွေးခြမ်းဆိုင် တစ်ဆိုင်ရယ် ကီမိုနိုဆိုင် တစ်ဆိုင်ရယ်ကို ၀င်လေ့လာရင် သူတို့ရဲ့ဖော်ရွေနွေးထွေးမှုကို ရခဲ့ပါတယ်။




ဒီပုံကတော့ ရေနွေးကြမ်းပြုလုပ်ပုံကိုပြေနေတာပါ။



ဒီပုံကတော့ အားလုံး ကီမိုနိုကို အစမ်းဝတ်ဆင်ခံစားကြည့်ကြတာပါ။ ကိုယ်တို့လူအုပ်ကို ဆိုင်ရှင်က မညည်းမညူ တစ်ဦးချင်းစီ ကီမိုနိုစမ်းသပ်ဝတ်ဆင်ခွင့်ပြုပါတယ်။ အလွန်ပဲဈေးကြီးလှတာကြောင့် လက်ကိုင်ပုဝါတစ်ထည်တောင် မ၀ယ်လာနိုင်ခဲ့ပါဘူး။






နောက်တစ်ရက်မှာ တိုကျိုကိုပြန်ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို courtesy call သွားကြရပါတယ်။ လက်ခံတွေ့ဆုံတဲ့ အရာရှိများကို လူငယ်များကနေ ဂျပန်နိုင်ငံရဲ့ Migrant နိုင်ငံခြားသားရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သတ်တဲ့ သိလိုတဲ့ မူဝါဒ တွေအကြောင်းမေးမြန်းခွင့်ရခဲ့ကြပါတယ်။ dress code က formal နဲ့ပါ။ အဲဒါ နိုင်ငံခြားရေးဝန်ကြီးရုံးက ပြန်အထွက် ရိုက်ထားတာပါ။

ပြန်ရောက်တာနဲ့ Group Work လုပ်ခိုင်းထားပါတယ်။ နေ့လည်ပိုင်းမှာ တခါတည်း Group Presentation လုပ်ရပါတယ်။

Coffee break နားတဲ့အချိန်မှာတော့ အခန်းပေါ်ခဏပြန်တက်လိုက်ဦးမယ် ဆိုပြီး ခဏလှဲလိုက်တာ မေ့ခနဲအိပ်ပျော်သွားပါတယ်။ ခရီးစဉ်တစ်လျှောက် ကိုယ်ပိုင်အချိန်နည်းလွန်းစွာနဲ့ ဆက်တိုက် ပင်ပန်းခဲ့တာကြောင့် ထင်ထားမိတာထက် ပိုအိပ်ပျော်သွားတာ နောက်ဆုံးပိတ် Group photo ရိုက်တဲ့အထဲ မပါလိုက်ရပါဘူး။

အဲသည်နေ့ညနေ ဟာ နောက်ဆုံးညနေပိုင်းဖြစ်တာကြောင့် အားလုံး တူတူထွက်စားကြသောက်ကြမယ့်အစီ အစဉ်ရှိပေမယ့် မြန်မာပြည်မှာ ရင်းနှီးခဲ့ရတဲ့ ညီမငယ် ခိုင်နဲ့ကလဲ တွေ့ချင်လှသလို တွေ့ကြဖို့ကလဲ အဲသည်တညနေပဲမို့ သူနဲ့ထွက်တွေ့ဖြစ်ပါတယ်။ သူနဲ့စကားပြောရတာ တအံ့တသြရှိလှပါတယ်။ ကိုယ်နဲ့ သိကျွမ်းစဉ်က ကလေးသာသာပဲရှိတဲ့ကလေးဟာ အခု တိုကျိုတက္ကသိုလ်မှာ Phd ကျောင်းသူကြီးဖားဖားဖြစ်နေသလို အတွေ့အကြုံတွေကလဲ ရင့်ကျက် တကယ့်ကို လူကြီးလေး တစ်ယောက်ဖြစ်လို့နေပါတယ်။ သူလဲ ကိုယ့်လို IR major ကဖြစ်ပြီး ကိုယ့်ရဲ့ Junior ဖြစ်ခဲ့ပေမယ့် အခုတော့ ကိုယ်က ဘက်ချလာဒီဂရီမှာ ရပ်နေခဲ့ပြီး သူက Phd အထိ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သလို.. တကယ့်ကို သူ့အတွက် ဂုဏ်ယူဝမ်းသာရပါတယ်။

ဂျပန်သွား တော့လား ၂

ဒီဂျပန်ခရီးစဉ်က တကယ်တော့ Japan Foundation က ဖိတ်တာပါ။ ဂျပန်သံရုံးကတဆင့် ရုံးကို ဆက်သွယ်လာပြီး JENESYS programme အနေနဲ့ migratoin နဲ့ ပတ်သတ်တဲ့ workshop တစ်ခုလုပ်မှာမို့လို့.. ရုံးက နေ ၃ ယောက် nominate လုပ်ခိုင်းတယ်။ ပြီး အက်ဆေးနဲ့ country report presentatoin ရေးတင်ရတယ်။ နောက် အင်တာဗျူး.. သည်လိုနဲ့ ကိုယ်အရွေးခံလိုက်ရသည်ပေါ့လေ..။ မြန်မာပြည်က participants အနေနဲ့ ဂျပန်ကို ၂ ပတ်ကြာသွားရမယ်၊ ခရီးစဉ်အတွင်းမှာ တိုကျို၊ ကာဝါစာကီ၊ နာဂိုရာ၊ ကိုဘေး။ ဖူဂျီ တို့ကိုလဲ ရောက်မယ်ဆိုတော့.. စိတ်လှုပ်ရှားစရာ ခရီးစဉ်ပေါ့လေ..။ သည်လိုနဲ့..
၁၁ရက်နေ့က.. ရုံးကအလုပ်လက်ကျန်သွားဖြတ်ပြီး အိမ်ကိုစောစောပြန်၊ သားသားနဲ့ နာရီဝက်လောက်နေပြီး လေဆိပ်ဆင်းခဲ့တယ်။ မနက်က ရုံးမသွားခင်ကတည်းက ကင်မရာကို ခရီးဆောင်အိတ်ထဲ ထည့်ခဲ့တယ်လို့ အမှတ်ရှိနေတာကြောင့် ညနေ လေဆိပ်ဆင်းခါနီး မမေ့မလျော့ရှာပြီးထည့်တာက ဘတ်ထရီချာဂျာနဲ့ ကြိုးပါ။ ဟိုရောက်မှ ကင်မရာကျန်ခဲ့တာသိတယ်။ အဲသလို ဖြစ်ရမယ်လေ..။
ရန်ကုန်က ဘန်ကောက်ကို TG 306 နဲ့ လာပြီး ဘန်ကောက်မှာ လေယာဉ်ပြောင်းစီးရတယ်။ ဘန်ကောက်-နာရီတာက TG 642 နဲ့။ ည၁၁နာရီ ၅၀ ဆိုတော့ သန်းခေါင်ကြီးပေါ့။ စောစောစီးစီး ချက်ကင် ၀င်ထားလိုက်မိတော့ လေဆိပ်ထဲ ထိုင်ငိုက်နေရတာပေါ့။ လေယာဉ်ပေါ်မှာလဲ ငိုက်သွားရတာပဲ။ အိပ်လို့ ပျော်တချက် မပျော်တစ်ချက်၊ နာရီတာကိုရောက်တော့ မနက် ၈နာရီ ၁၀ မိနစ်၊ ပစ်စည်းရွေးတာနဲ့ ဘာနဲ့ ၉နာရီ ၁၅ မှ အပြင်ထွက်နိုင်တယ်။ ဖလူပါမပါ စစ်တာတို့ ဘာတို့ရှုပ်နေသေးတာကိုး။ လေဆိပ်ကနေ လာကြိုပေးတဲ့ ဂိုက်က ဘက်စ် တစ်ကတ်တွေဝယ်ထားတယ်။ အင်မီဂရေးရှင်းမှာ တန်းစီကြတုန်းပဲ ထိုင်းကလာတဲ့ တစ်ယောက်ရယ်၊ လာအိုက တစ်ယောက်ရယ် နဲ့ သိသွားကြတယ်။ ဂိုက်က ရှေ့ဖလိုက်နဲ့ ရောက်နှင့်နေတဲ့ ဘရူနိုင်းက participant နဲ့ မိတ်ဆက်ပေးတယ်။ ခုထက်ထိတော့ မိန်းကလေးတွေချည်းပဲ။ ဘက်စ် က ၉ နာရီမှ ထွက်မှာမို့ ခဏစောင့်ရမယ် ဆိုတော့ ပိုက်ဆံလဲရမယ် ဆိုပြီး လဲထားလိုက်တယ်။ ဘက်စ်ပေါ်ရောက်တော့ ၉နာရီ ခွဲ၊ ဟုတ်တိပတ်တိနဲ့ စီးလာလိုက်တာ.. တော်တော်ကြာကြာမောင်းရသကိုး။ ဟိုတယ်ရောက်တော့ မနက် ၁၁နာရီ ထိုးနေပြီ။ စောင့်နေမယ် ဆိုတဲ့ Ms. Akiko ဆိုတာကို မတွေ့တော့ ကိုယ်တွေဟာကိုယ်တွေ ၀င်သွားကြတယ်။ ဟိုတယ်မှာ တော်တော်လေး စည်စည်ကားကားရှိနေတာ တော့ သတိထားမိရဲ့ ဘာမှန်းတော့ မသိဘူး။ ( နောက်မှ သမတပူတင်ရောက်နေတာလို့ သိရတယ်။ ) ဟိုတယ်မှာ ချက်ကင်ဝင်မယ် ဆိုတော့ နေ့လည် ၂ နာရီမှ ၀င်ရမယ် ဆိုတော့ ၄ယောက်သား အဲသည် အခိခို ဆန် ကို အရင် လိုက်ရှာကြတယ်။ တွေ့တော့သူက နေ့လည်စာအရင်သွားစားလို့ရပါတယ်တဲ့။ လိုအပ်တဲ့ map တို့.. allowance တို့ကို ထုတ်ပေးတယ်။ ချက်ကင် က ၂ နာရီမှ ဆိုတော့ ၄ ယောက်လုံးက အခန်းမြန်မြန်ယူပြီး နာချင်လှပေမယ့်လို့.................... ကိုယ်တို့ရောက်နေတဲ့နေရာက Akasaka တဲ့။ အဲသည်နားက ဂျပန်ဆိုင်တစ်ခုသွားပြီး စားကြတယ်။ ၄ ယောက်လုံး ဂျပန်ကို ပထမဆုံးရောက်သူတွေဖြစ်တာကြောင့် ဆိုင်ရှေ့က ပုံလေးတွေပြထားတာတွေကြည့်ပြီး ဆိုင်ရွေး ပြီး ၀င်ခွင့်ရဖို့.. တန်းစီရသေးတယ်.။ ထမင်းပေါင်းပန်ကန်လုံးပေါ်မှာ အသားစိမ်း၊ ငါးစိမ်းတွေ တင်ထားတဲ့ဟာကို သူများစားနေတာလေ ပြပြီး အဲဒါမျိုးတစ်ပွဲ ဆိုပြီးမှာစားလိုက်တယ်။ တန်းစီစောင့်ရတာဆိုတော့ တစ်ခုံလွတ်တစ်ခုံဝင်မို့ ၄ ယောက်လဲ တူတူမထိုင်ရပါဘူး။ သူများတွေလဲ အဲသလိုပဲ တစ်ယောက်တည်းလာ သုတ်သုတ်စား ပြီး သုတ်သုတ်ထပြန်ကြတာပဲ။ အင်မတန် အလောတကြီးနိုင်တဲ့ မြို့ပဲ လို့ သတ်မှတ်မိတယ်။ ဟင်းချိုကို ခွက်လိုက် မော့သောက်ရတဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ ယဉ်ကျေးမှုဆိုတာ ကိုယ်ရောက်တဲ့နေရာအလိုက် တန်ဖိုးဖြတ်သတ်မှတ်မှု ကွာခြားနိုင်တယ်လို့ သိမှတ်လိုက်မိတယ်။ မြန်မာပြည်မှာ ဟင်းချိုခွက်ကို ထမင်းဝိုင်း မှာ ခွက်စောင်းမော့သောက်ရင် သိပ်ရိုင်းတာပဲ ဆိုပြီး သတ်မှတ်မှာ အသေအချာပဲ့။



ထမင်းစားပြီး ဟိုနားဒီနားလျှောက်ပြီး ဖုန်းဆက်ချင်တာ ဘယ်လိုဆက်ရမှန်းကမသိ။ ထိုင်းကတစ်ယောက်နဲ့ ကိုယ်နဲ့ ကတတွဲ။ ဘရူနိုင်းကတစ်ယောက်က ရှော့ပင်းသမား .. သူတစ်ဗွေတည်း သွားတယ်။ လာအိုကတစ်ယောက်ကတော့ သူ့အသိနဲ့ ချိန်းမယ် ဆိုပြီး ခွဲထွက်သွားတယ်။ ထိုင်းကတစ်ယောက်လဲ.. ဖုန်းခေါ်ဖို့ ကြိုးစားတာ prepaid ၀ယ်ပြီး အဲသည်က နံပါတ်တွေအတိုင်း နှိပ်လိုက်.. ဘာမှန်းမသိတဲ့ ဂျပန်လိုတွေပြောလိုက်နဲ့ ဆိုတော့ ကိုယ်လဲ သူ့ကြည့်ပြီး ဖုန်းမဆက်သေးပါဘူးလေ.. ဆိုပြီး လက်လျှော့ရတယ်။ တကယ့်ကို အူတူတူ နေ့ပါပဲ။ နေ့လည် ၂ နာရီထိုးတဲ့အထိ မျက်နှာသစ် သွားတိုက်ခြင်း အလုပ်မလုပ်ရသေးဘဲ လျှောက်သွားနေရတာကိုး။ စိတ်ကမလန်းတော့ ဘာကိုမှ စိတ်မ၀င်စားဘူး။

၁နာရီ ၄၅ လောက် ဟိုတယ်ကို ပြန်လာတော့ အခန်းရပြီဆိုတော့ ချက်ကင်လုပ်ပြီး တရေး အိပ်ပစ်လိုက်တယ်။ ညနေမှာ welcome dinner ရှိတယ်ဆိုတော့... ၅နာရီ ပြန်ထ၊ ရေမိုးချိုး.. ဒင်နာကတော့ အင်ဖော်မယ်လ် မို့ တခြားနိုင်ငံကလာတက်တဲ့participants တွေနဲ့ မိတ်ဆက်ကြပြူကြ ပေါ့ပေါ့ပါးပါးပါပဲ။

၉နာရီ ခွဲ အခန်းပြန်ရောက်၊ အိပ်။ နောက်နေ့ ကစပြီး Worksop ၁၃ ရက်နေ့ပေါ့။ တစ်ယောက်ချင်း မိတ်ဆက် ပြီး အလှည့်ကြ ကိုယ့်ရဲ့ ပရက်ဇန်တေးရှင်းတွေထလုပ်ကြ၊ မေးတဲ့မေးခွန်းတွေဖြေရပေါ့။ တော်သေးတာက ကိုယ့် Report ကပဲ သိပ်ပြည့်စုံကောင်းမွန်နေလို့ မေးစရာမရှိလေသလား။ ဒါမှ မဟုတ် မေးခွန်းထုတ်ရလောက်တဲ့အထိ သူများတွေ စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်တာလားတော့ မသိ။ ဘာမေးခွန်းမှ ပြန်အမေးမခံဘူး။ (ဟီး) တကယ်တော့ U ပုံစံ မိတင်းစားပွဲ ပုံစံမှာ ကိုယ် ဒီဘက် U ရဲ့ အဆုံးမရောက်ခင် ၄ ယောက်မြောက် ဆိုတော့.. အားလုံး တော်တော် ပင်ပန်းနေကြပြီ ဆိုတော့ သိပ်စိတ်မ၀င်စားကြတော့တာဖြစ်မယ်။ နောက်ပြီး အဲသည်ည Formal Welcom dinner ရှိသေးတာကို ၆ ခွဲပြီးဖို့ဟာ ၇ နာရီ ထိုးဖို့ ၅ မိနစ်မှ နောက်ဆုံးတစ်ယောက် (vietnam) ရဲ့ presentation ကပြီးတယ်။ နောက် ကိုယ့် အမျိုးသားဝတ်စုံ ဆိုပြီး အပေါ်ပြေးတက် လဲရသေးတယ်။ မဆင်မခြင်ယူလာမိတာက ချိတ်ထမီအနက်နဲ့ ဘလောက်စ် အနက် နောက်က ဇစ်ဆွဲ။ ဦးနှောက် မရှိတာက အိမ်မှာဆိုရင် နောက်က ဇစ်ကို ဆွဲပေးမယ့်သူရှိတယ်။ အခုကိုယ့်ဟာကို ဘယ်လိုပဲ ကြီုးစားကြိုးစား ဘယ်လိုမှ မရ။ ချွေးဒီးဒီကျပါပဲ။ အဟုတ်ကို။ အဲဒါနဲ့ တစ်ယောက်ယောက်နဲ့ တွေ့မှ ဆွဲခိုင်းရမှာပဲ။ ဓာတ်လှေကားထဲ ကိုယ့်အဖွဲ့ထဲက တစ်ယောက်ယောက် နဲ့ တွေ့နိုင်ကောင်းရဲ့ ဆိုပြီး ပုဝါခြုံဆင်းလာခဲ့တယ်။ တော်သေးတယ် သြစတျေးလျက တစ်ယောက်နဲ့ တွေ့လို့ သူ့ကို အကူအညီတောင်းရတယ်။ အမျိုးသမီးချင်းမို့ တော်သေးတယ်။ အဲသလို အဲသလို ဖြစ်ပုံများတော့..။

ဒင်နာပြီးတော့ အားလုံးလဲ နည်းနည်း ရင်းနှီးနေကြပြီဆိုတော့ အပြင်သွားကြမယ် ဆိုပြီး အုပ်စုလိုက်ကြီး ပြန်ထွက်ကြတယ်။ (အကျီ င်္တော့ ပြန်လဲရတာပေါ့လေ..) ဂျပန်စတိုင် ဆိုင်မှာသွားပြီး သောက်ကြ၊ စားကြ ပြန်ရောက်တော့ ည ၁၂ နာရီ။

14ရက်နေ့၊ မနက်ပိုင်း Lecture နောက်တော့ OKUBO ဆိုတဲ့နေရာကို Field visit သွားရတယ်။ OKUBO ဆိုတာ ရှင်းဂျု ကု ထဲက ရပ်ကွက်တစ်ခုပေါ့။ အဆိုအရတော့ OKUBOမှာ နိုင်ငံတကာကလာရောက်ပြောင်းရွှေ့နေထိုင်အခြေချကြတဲ့ လူမျိုးပေါ့င်း ၁၀၈ မျိုးစုပေါင်းနေထိုင်နေကြတယ်တဲ့။ အများစုကတော့ ကိုရီးယားတွေပေါ့လေ..။ မြန်မာလိုရေးထားတဲ့ ဆိုင်တစ်ချို့လဲ တွေ့ခဲ့တော့ မြန်မာတွေလဲ ရှီမယ်မှန်းရတာပေါ့။ အစုအဖွဲ့နဲ့ဆိုတော့ ကိုယ့်ဟာကိုယ် ခွဲထွက်လို့လဲ မရတော့ သေချာတော့ ၀င်မကြည့်ခဲ့ရပါဘူး။ ထင်ထင်ရှားရှားကတော့ နှင်းဆီ ဖယ်မလီ မာ့ထ် ဆိုတာပဲ။ နောက်တော့ အဲသလို migrant ကလေးတွေ တကသလိုက် ၀င်ခွင့်ရဖို့ အခမဲ့ကျူရှင်သဘောမျိုးဖွင့်ထားတဲ့ ကျောင်းကိုရောက်ခဲ့တယ်။ ကလေးတွေနဲ့ တွေ့ဆုံပွဲပေါ့။ အဖွဲ့ထဲက ပါတဲ့သူတွေထဲက တရုတ်ကလာတဲ့သူက တရုတ်ကလေးတွေနဲ့ စကားပြောမေးမြန်းတာကို ဘာသာပြန်ပေးတယ်။ ဖလစ်ပင်းက တစ်ယောက် က ဖလစ်ပင်းကလေးတွေနဲ့ပေါ့.. ထိုင်းက ဆို ထိုင်းက .. မြန်မာကလေးရှိတယ်ဆိုပေမယ့်လို့.. ကိုယ်တို့သွားတဲ့နေ့က သူတို့လာတဲ့နေ့မဟုတ်ဘူး ဖြစ်နေလို့ မတွေ့ခဲ့ရဘူး။ ကျောင်းအုပ်အမျိုးသမီးက မြန်မာပြည်က သင်ရိုးညွှန်းတန်းတွေ လိုချင်တယ် ဆိုလို့ တနည်းနည်း နဲ့ ရောက်အောင်ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်။ ၁၅ရက်နေ့။ Tatebayashi ကိုသွားလေ့လာရတဲ့နေ့ပါပဲ။ JAR Japan Association for Refugeee အဖွဲ့ရဲ့ lecture နားထောင်ရတယ်။ နောက် ရဖျူဂျီ တချို့နဲ့ ခဏတွေ့။ နေ့လည်စာကတော့ ဂျပန်-ဘရာဇီးလီးယန်း စားသောက်ဆိုင်မှာ စားကြတယ်။ ဘရာဇီးမိုင်းဂရန့်ပေါ့။ သူတို့အကြောင်းလေ့လာရတာစိတ်ဝင်စားစရာပါ။ နောက် ဂျပ်န-ဘရာဇီးစာသင်ကျောင်း ကိုသွားလေ့လာကြတယ်။ အဲသည် ကျောင်းကအစိုးရအကူအညီ လုံးဝမပါဘဲ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ကျောင့်းပါ။ ဂျပန်-ဘရာဇီးကပြားလေးတွေရော၊ ဘရာဇီးကလေးတွေရော စသင်ကြားနေတဲ့ ကျောင်းပါ။ ကလေးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ တစ်ခု စိတ်ဝင်စားစရာကောင်းတာက ခါတိုင်းလို ဂျပန်လိုပြောတာကို အင်္ဂလိပ်လို ဘာသာပြန်ရတာမဟုတ်ဘဲ သူတို့ ဘာသာစကားနဲ့ ပြောတာကို ဂျပန်လို သူတို့ ဆရာမက ပြန်ပေးတယ်။ အဲဒါကိုမှ စကားပြန်က အင်္ဂလိပ်ကို တဆင့်ပြန်ပေးတယ်။ ကျောင်းစတင်ထူထောင်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးက သူ့ရဲ့ အတွေ့အကြုံ အခက်အခဲကို တွေ ကို ရှင်းပြရင် မျက်ရည်ပါကျတာ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ (((ဂန်ဘတဲ့))) ညမှာ ဖီးလ်ဆာဗေးရပို့တ်နဲ့ ဒစ်စကတ်ရှင်းပေါ့။ ပင်ပန်းတာကတော့ မပြောပါနဲ့တော့...............................





Tuesday, May 12, 2009

ဂျပန် သွားတောလား။

ဖိလစ်ပိုင်သွားတောလား တောင် မပြီးသေးဘူး အခုဂျပန်ရောက်နေတယ်။ အတွေ့အကြုံတွေ ခံစားမိတာတွေ.. တွေးမိတာတွေ အများကြီးပဲ။ ချရေးဖို့ အကြွေးတွေ များနေတယ်။ အဖွဲ့နဲ့ ပတ်သတ်တဲ့ workshop သဘောမျိုး တစ်ခု လာတက်ရတာပါ။ ၂ ပတ်လောက်ကြာမယ်။ ခါတိုင်းလို ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ မပါဘူး။ တစ်ယောက်တည်း။ စကတည်းကယဉ်သကို ဆိုတာလိုမျိုး.. ဒီခရီးစဉ် အားလုံးပြီးကာမှ ၀က်တုပ်ကွေးက ၀င်ရှုပ်လို့.. မလုပ်ဖြစ်တော့ဘူးလိုလို ဖြစ်လိုက်သေးတယ်။ ၁၁ ရက်နေ့ ထွက်လာရမှာကို ၈ ရက်နေ့ ညမှ ကွန်ဖန်းဖြစ်တယ်။ ပြသနာက ဗီဇာအခက်အခဲကြောင့် relieving က မလာနိုင်သေးပြန်ဘူး။ အလုပ်တွေကို ကသောင်းကနင်း ပဲ.. လွှဲရတယ်။ မပြီးပြတ်တဲ့ဟာတွေ အကုန်ဒီအတိုင်း ပစ်ခဲ့တာပဲ။ လူကြီးကလဲ အဲသည်အတိုင်းထားခဲ့ စိတ်ဖြောင့်ဖြောင့်သာသွားဆိုလို့.. ဒီရောက်တာနဲ့ အလုပ်တွေကို မကိုင်ပေါင်။ မှာတော့ မှာလိုက်သေးတယ်။ မင်းအခန်းမှာ အင်တာနက်ရလို့.. အီးမေးလ်စစ်မယ်ဆိုရင် အင်တာနက် အသုံးစရိတ်ပေးရရင် ရုံးကကျခံမယ်တဲ့။ ဆိုလိုတာက ပါးစပ်ကတော့ မလုပ်ပါနဲ့၊ အခုသွားတဲ့ကိစ်စကိုသာ အာရုံထားပြီး အကောင်းဆုံးလုပ်ခဲ့ပါ လို့ ထုတ်ပြောပေမယ့်.. စိတ်ထဲက အားရင် အီးမေးလ်တွေဖတ်ပြီး ဒိဘက်ရုံးက အလုပ်တွေကို လုပ်ပေးဦးနော် အသံတိတ် လို့မှာနေတာ...။ ခရီးသွားရတော့မယ်ဆိုရင် အမြဲအဲလိုပဲ..။ Relieving အချိန်မီဘယ်တော့မှ မရဘူး။ အဲသည် ဗီဇာကိစ်စ စိတ်အကုန်ဆုံးပဲ..။ ဘယ်လိုဖြစ်လို့ ဒီလောက် ဆတ်ဆတ်တုန်နေကြလဲ မသိပါဘူး။ တခြားလူတွေအားလုံး သဘောရှိဝင်လို့ရပြီး အဲသည် humanitarian အဖွဲအစည်းတွေကဆို... ဘယ်လိုဘယ်လိုသော သဘောမျိုးနဲ့.. သောက်ရေးမပါအောင် လိုက်လုပ်နေမှန်းကို မသိတော့ဘူး။ အဟုတ်စိတ်ကုန်တယ်။
ထားပါတော့..။
အဲသလိုနဲ့ ခုတော့ ဂျပန်ရောက်နေပါပြီ..။
ဆက်ရန်..။

Saturday, May 2, 2009

ကိုယ်ဘယ်လိုလူမျိုးလဲ..

ဘာရယ်မဟုတ်ပါဘူး.. သူငယ်ချင်းတချို့ facebook မှာ မေးခွန်းလေးတွေ ဖြေကြည့်ထားတာတွေ့တော့ ကိုယ်လဲ လိုက်ဖြေကြည့်တာပေါ့။
အမေးအဖြေတချီု့လိုက်လုပ်ကြည့်ပြီးသကာလ ဟောသလို အဖြေထွက်ပါသတဲ့။

ကိုယ်ဟာ ၇၀% မြန်မာပါ တဲ့။
နောက်ပြီး ကိုယ့်ကို အရောင်အားဖြင့် သတ်မှတ်ရရင် အ၀ါရောင်တဲ့။
နောက်ပြီး ကိုယ်ဟာ ကမာမြေ နဲ့တူသောလူတဲ့။

ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိရင် ဖြေကြည့်ရတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ ဒါပေမယ့် ဒီအဖြေတွေသိရဖို့အတွက် ဟိုလူ့ဖိတ်ရဒီလူ့ဖိတ်ရနဲက အဲသည် သူငယ်ချင်းတွေ စိတ်အနှောက်အယှက်ဖြစ်ရရင် တော့စိတ်မကောင်းပါဘူး။

ကိုယ်ပို့ပေးလိုက်တဲ့ သူတွေလဲ ဖြေကြည့်ရင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်လေ.. လို့ပဲ စိတ်ဖြေရတာပဲ။
အားလွန်းလို့တော့ မဟုတ်.. စထရက်စ် ရလိစ် လုပ်တဲ့အနေနဲ့.. လျှောက်မွှေတာ။


Friday, May 1, 2009

မွေးနေ့

April 27 က အသက် ၃၁ နှစ်ပြည့်ခဲ့ပြီ။ ရုံးဖွင့်ရက်လေ.. အလုပ်များလိုက်ပုံများ .. ဘာပို့စ်လေးမှတောင် အမှတ်တရ မတင်နိုင်ဘူး .. ။ မေမေက တော့ ထုံးစံအတိုင်း အုန်းနို့ခေါက်ဆွဲချက်ပေးတယ် ကျောက်ကျောကြိုပေးတယ်။ မနက်စောစောထ ဘုရားဆွမ်းတော်ကပ် ဘုရားရှိခိုးပေါ့။

Tuesday, April 21, 2009

Bijli

နာဂစ်ပြီးထားလို့ ဘာမှ မကြာသေးဘူး.. ဟိုတလောက ရခိုင်ဘက်ကို မုန်တိုင်းတစ်ခု ၀င်လိုက်ပါသေးတယ်..။
သင်္ကြန်တွင်းပိက်ရက်မှာ အသီးသီး အသက holiday တွေနဲ့ ထွက်ကြတာကြောင့်ရယ်.. နဂိုကတည်းက ၀န်ထမ်းတွေ safety and security အတွက် ကိုယ် ကfocal ဖြစ်တာရယ်ကြောင့်ရယ်.. သင်္ကြန်ပိတ်ရက်အတွင်းဟန်းဖုန်းက ၂၄နာရီ ဖွင့်ထားရပါတယ်..။ ဖြစ်ချင်တော့.. ကိုယ်လည်းမသိထားပါပဲ.. ရုံးက နိုင်ငံခြားသား ၂ ယောက်က ငပလီကို ကြွချီတော်မူသွားကြတယ်။ သွားတာ မသိလိုက်ဘူး..။ မုန်တုန်း ၀င်တော့မယ် ဆိုမှ ဖုန်းလှမ်းဆက်ကြတယ်..။ ငါတို့ဘာလုပ်ရမလဲ..။ ဘာ instruction ရှိလဲ တဲ့။ ကိုယ်လဲ အဲသည်တော့မှ ပြူးတူးပြဲတဲပေါ့..။ မုန်တိုင်းဝင်မယ့်အချိန် ဘာညာ ကွိကွ သိရအောင် သင်္ကြန်ပိတ်ရက်ကြီး ရုံးလာရပါသေးတယ်..။ သူတို့ ဖလိုက်ကိစ်စတွေကအစ ပေါ့။ ရုံးပိတ်ရက် ဘယ်သူမှ မရှိတော့ ကိုယ်ပဲ ဟိုဖုန်းဆက် ဒီဖုန်းဆက်။ မပြောလိုက်ချင်ဘူး။
သွားတုန်းက သွားကြပြီး ကြောက်လိုက်ကြတာလဲ လွန်ပါရော...။ လေတိုက်နှုန်းက ဘယ်လောက် အထိလဲ ဟင်..။ နာဂစ် တုန်းက ဘယ်လောက်လဲ..။ အော်.. တော်သေးတာပေါ့။ ငါတို့ ပြန်လာလို့မရသေးဘူးဆိုရင် ဘာလုပ်ရမလဲ.. နဲ့..။ မြို့ပေါ်တက်နေ။ ကမ်းခြေမနေနဲ့လို့..။ (ဒါပေမယ့် နေကြတာပါပဲ.. ဘာမှ မဖြစ်ကြတာ တော်သေးတာပေါ့)
စနေနေ့ကျတော့ ငါတော့ ဘေးကင်းစွာပြန်ေ၇ာက်ပြီ ဆိုတဲ့ SMS လေးပို့လာတယ်...။ တော်သေးတာပေါ့။.

ှSAP ဒုက်ခပေးသော နေ့ရက်များ

ဘလော့မရေးဖြစ်တာ SAP ကြောင့်ပါ လို့ ပြောရရင် လွန်မယ် မထင်ပါဘူး။
မြန်မာပြည်မှာရထားတဲ့ speed လေးနဲ့ မဖြစ်မနေ SAP သုံးခိုင်းတော့ ဘဒူလွန်လဲနော်..။ မဖြစ်ဖြစ်အောင် လုပ်ရတာပါပဲ..။ Bandwidth upgrade လုပ်ဖို့ budget ကျအောင် မနည်းပြောယူရတယ်။ မတ်လ ၁ ရက်နေ့က နေ စသုံးရမယ့်ဟာကို ၁၅ ရက် နေ့ အထိ transaction တစ်ခုမှ မသွင်းနိုင်သေးဘူး။ bandwidth မတိုးပေးရင် ဘာမှ လုပ်လို့မရဘူး ဆိုတဲ့အကြောင်း အတိုက် အခံ ပြောယူရတယ်။ နောက်ဆုံး ဘတ်ဂျက်ပေးမလား ဒီအတိုင်းပဲ ထိုင်နေရမလားဆိုတာမျိုးအထိ ကိုယ်ရေးပစ်လိုက်တယ်။ အဲသည်နေ့ နေ့ခင်းပိုင်းလောက်ကျတော့ စကိုက်ပ် အခု ၀င်ပါ။ ဒီဂျီက ပြောချင်တယ် ဆိုပဲ။ သောက်ကျိုးနည်း အဲသလို ..။ သူတို့ roll out team အနေနဲ့လဲ .. မစ်ရှင်များ အားလုံး SAP သုံးနေကြပါပြီ လို့ကပြောချင်။ ကျန်နေတဲ့ မစ်ရှင်တစ်ခုက ကိုယ်တို့ မစ်ရှင်ဆိုတော့.. အဲသလို အဲသလို..။ သည်လိုနဲ့ပဲ ရှိသမျှ Transaction တွေကို တက်သုတ်ရိုက် သွင်း။ အလွဲလွဲအချော်ချော်တွေဖြစ်။ ရုံးက လူတွေအားလုံးကိုpresentation လုပ်။ ဗရုတ်သုတ်ခနေ့ရက်များကို ဖြတ်ကျော်ပြီး သကာလာ သင်္ကြန်ပိတ်ရက်လေးနဲ့ နား... ဟင်း... သင်္ကြန်ပြီးလို့ရုံးပြန်တတ်တာနဲ့ အမှားတွေ သောက်သောက်လဲ။ ရုံးခွဲတစ်ခုက sap သုံးလို့မရလို့ .. excel upload file နဲ့ စာရင်းတွေ သွင်းထားတာကို ကိုယ်လဲ စစ်ပေးတာပဲ ဒါပေမယ့် ဘယ်လို မျက်စိချော်ခဲ့တယ်မသိ..။ ရှင်းလို့မရလောက်အောင် ရှုပ်ထွေးမှားယွင်းပြီး သွင်းထားတာတွေ နဲ့..။ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။
SAP = stop all production ပဲ။
အဟုတ်ပဲ..။
အဟုတ်ပဲ...။

Monday, February 9, 2009

ဖိလစ်ပိုင် သွား.. တောလား

ခေါင်းစဉ်ကတော့ ကိုနဗနရဲ့ ခေါင်းစဉ်တစ်ခုကို ယူသုံးပါတယ်။ (သူ့အရင် ရွှေစက်တော်သွားတောလား ဆိုတာကတော့ရှိပြီးသားပါ) ဒါက အင်ထရို။ (ဟီး)

အလုပ်ကိစ်စနဲ့ သင်တန်းလာရတာဆိုပေမယ့် ဒါသည်လဲ ခရီးသွားခြင်းမို့လို့.. ခရီးသွားခြင်းအောက်မှာထည့်ထားလိုက်တယ်။ လေယာဉ်က ဘန်ကောက်ထရန်စစ်မို့ ဘန်ကောက်လေဆိပ်ခဏနားရပါတယ်။ လေဆိပ်မှာ လျှောက်ကြည့်ရင်း နာရီမရှိတာသတိရလို့ နာရီဆိုင်တွေ လျှောက်ကြည့်ဖြစ်တယ်။ (နောက်ဆုံးနာရီဝယ်ဖြစ်တာက GUESS တံဆိပ်လက်ပတ်ကြိုး လယ်သာအဖြူရောင်နဲ့ဟာ။ ၂၀၀၆ ဗယ်လင်တိုင်းဒေးတုန်းက ကိုယ့်ကိုယ်ကို လက်ဆောင်ဝယ်ပေးထားတာ။ (ခိခိ) တကယ်တမ်းနောက်ကြောင်းပြန်ရရင် ကိုယ့်ဆီကို ဗယ်လင်တိုင်းနေ့အတွက် GUESS နာရီဝယ်ရင် ၁သောင်း ဒစ်စ်ကောင့်ပေးမယ့် ကဒ်ပြားလေးရတာက စတာပေါ့။ အဲသည် တစ်သောင်းကို သွားမ၀ယ်ဖြစ်ရင် အလကားဖြစ်သွားမှာ စိုးလို့... နောက်ထပ် ၉သောင်းစိုက်ပြီး ၁သိန်းကျော်တန်တဲ့ နာရီကို ၀ယ်ဖြစ်လိုက်တာ။ အဲလို .. အဲလို စတုပစ် စြဖ်တာတွေကလည်းရှိသေးတယ်။ လက်ပတ်ကြိုးလယ်သာအဖြူက ညစ်သွားတော့ မတပ်ချင်တော့လို့ ပစ်ထားတာ.. နာရီမရှိဘူးဖြစ်နေတာ .. ၁ နှစ်လောက်ရှိပြီလေ..။ ခုမှ နာရီတွေမြင်တော့ ၀ယ်မယ်ရယ် လို့ စိတ်ကူးရပြီး လျှောက်ကြည့်နေမိတာ.. အချိန်ကုန်လို့ကုန်မှန်းမသိလိုက်ဘူး။ ကိုယ်နဲ့ အတူပါလာတဲ့ ၂ ယောက်ကလဲ.. နိုင်ငံခြားခရီးတစ်ခေါက်မှ မသွားဖူးကြလို့.. ကိုယ့်နောက်ကလိုက်သူများပေါ့။ ဘာကိုမှ သတိပေးဖို့ တာဝန်မရှိဘူးလို့ ယူဆထားပြီး ခပ်အေးအေးပဲ.. .. ။ ဦးဆောင်သူကြီးက လိုအပ်သလို ညွှန်ကြားလိမ့်မည်ပေါ့။ မနီလာသွားမယ့် လေယာဉ်က ၂နာရီ ထွက်မယ့်လေယာဉ်ကို ၂နာရီထိုးခါနီး ၅မိနစ်လောက်မှ ..ဈေးဆက်ဝယ်နေတဲ့ကိုယ့်ကို လာပြောဖော်ရတယ်။ အဲသည်အချိန်ကိုယ်က စိတ်ကြိုက်တွေ့ပြီမို့ ငွေခြေနေပြီ။ ၅မိနစ်ပဲလိုတော့တယ်... သွားမှဖြစ်မယ်ထင်တယ်.. လို့ လာပြောမှ ခေါင်းနပမ်းတွေကြီးပြီး ရှေ့ဆုံးက ပြေးတော့တာပဲ..။ အဲတာတောင် ပါလာတဲ့တစ်ယောက်က လက်ထဲက စားလက်စမုန့်လေးကို သူတိုင်နေတဲ့ ခုံပေါ်တင်ခဲ့ရင် နိုင်ငံကြီးသားမပီသမှာစိုးလို့ အမှီုက်ပုံးလိုက်ရှာတာကို.. နောက်တစ်ယောက်က ဟဲ့.. ထားခဲ့။ နိုင်ငံငယ်သားလုပ်လိုက်တော့ .. လာခဲ့ ဆိုပြီး ဆွဲပြေးလာကြတယ်။ တကယ်ပဲ.. အားလုံးလူကုန်ပြီး ကိုယ်တို့ ၃ ယောက်ကို စောင့်နေကြတာ။ Final Call ဆိုပြီးတော့..။ ဟိုအော်.. ဒီအော် Announce လုပ်နေတဲ့ အသံတွေကတော့ ကြားတာပေါ့။ ကိုယ့်နံမည်အော်လို့အော်မှန်းမသိတာ..။ လေဆိပ်ထဲမှာ နေတာ ၃ နာရီကျော်လောက် ကြာလာတော့ ကိုယ်နဲ့ မဆိုင်သလိုဖြစ်သွားပြီး နားမထောင်မိတာနေမှာ.. ဟီး..။ ကိုယ်ထိုင်ရမယ့် ခုံရောက်တော့ .. အဲသည်လူက မကြည်မလင်နဲ့ ကြည့်တယ်။ ဒင်းတို့ကြောင့်နောက်ကျနေတာပေါ့.. အဲလို။
ကံကောင်းလို့ မကျန်ခဲ့တယ။် ပါလာတဲ့ထဲက တစ်ယောက်က ပြောသေးတယ်..။ အစ်မရယ်. . ဖြစ်မှဖြစ်ရလေ.. အစ်မက အေးအေး ဆေးဆေး ဆိုတော့ ကျွန်တော်တို့ကလဲ ရတယ်မှတ်တာပေါ့။ ပြီးတော့ ရှေ့ဆုံးက ပြေးတာ မနည်းလိုက်ရတယ်တဲ့။ တော်သေးတာ.. တော်သေးတာ....။

(ယောက်ျားက အဲဒါကြောင့်ပြောတာ.. စိတ်ကူးတည့်ရာလုပ်လုပ်နေပြီး အချိန်ကို မကြည့်တာကို အမြဲ အပြစ်တင်တယ်။ ဘယ်တော့မှ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ဘူးတဲ့။ ပြောတုန်းကတော့ နာသေးတယ်.. အဟက်. .ခုတော့..ဟုတ်ပါ့။ ကိုယ့်နောက်လိုက်ကြရတဲ့ ၂ ယောက်ခမျာ ကိုယ်ပြေးမှ မျက်ကလူးဆန်ပြာဖြစ်ရတယ်။ ပြင်ရဦးမယ့် မကောင်းတဲ့အကျင့်ပဲ)




အဲသလိုနဲ့ ရုံးကစီစဉ်ပေးတဲ့ ကားနဲ့ ဟိုတယ်ကိုရောက်တယ်။ ကိုယ်တို့နဲ့ အတူရောက်တာက သိရိလင်္ကာက ၂ ယောက်။ သီရိလင်္ကာ မစ်ရှင် က Resource Management Officer နဲ့ Deputy. အချင်းချင်းမိတ်ဆက်ကြတယ်။ ကိုယ့်နံမည်က မော်မော်၊ နောက်တစ်ယောက်က သီသီ၊ နောက်တစ်ယောက်က မင်းမင်း။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ ၃ ယောက်လုံးနံမည်တွေက ၂ လုံးဆင့်တွေမို့ .. သူက နောက်ပြောင်ပြီး ငါ့နံမည်က ဇီယာဇီယာ ပါတဲ့။ နောက်တစ်ယောက်က ရာ၈ျူးရာဂျူးပါ တဲ့။ တာဝန်ထမ်းဆောင်တဲ့နိုင်ငံမတူကြပေမယ့် အဖွဲ့အစည်းတစ်ခုတည်းက ၀န်ထမ်းများ ဖြစ်ကြတာကြောင့် ချက်ချင်း ခင်မင်သွားပါတယ်။ ဟိုတယ်မှာလဲ ချက်ကင်ဝင်ရော နောက်တပြသနာ စတယ်။ ရုံးက ဘွတ်ကင်လုပ်ထားပြီး ရုံးကပဲ ငွေချေမယ့်ကိစ်စနကို Deposit တောင်းတယ်။ US$ 600 ပါတဲ့။ တစ်ညတည်းစရိတ်အခန်းခက ဒေါ်လာ ၁၂၀ ဖြစ်ပြီးတော့ ကိုယ်တို့ တည်းမှာက ၁၃ရက် ကို ၆၀၀ ပဲတောင်းတာဆိုပေမယ့်... ဘယ်လိုလုပ်ပါမတုန်း။ ရုံးကထုတ်ခဲ့ရတဲ့ ကြိုတင်ခရီးစရိတ်ထဲက ဒေါ်လာ ၄၀၀ကိုက ဖိလစ်ပီးနိုး ၀န်ထမ်းတစ်ယောက်က ချေးထားလိုက်တယ်။ သူ့မှာ ငွေလိုနေလို့.. ဟိုရောက်တာနဲ့ သူ့မိန်းမလာပို့ပေးရင် ဖြစ်လား ဆိုလို့ပါ။ သူတကယ်တောင်းတာက ၃၀၀၊ ရရဲ့လား။ လိုသေးလားလို့ ပါးစပ် စပ်ဆော့ပြီးမေးမိတာ.. နောက်ထပ် ၁၀၀ လောက်ရရင် ပိုကောင်းမယ် လို့ ပြောလို့.. ၄၀၀ ထားခဲ့ရတယ်။ ဘန်ကောက်လေဆိပ်မှာက နာရီဝယ်လိုက်သေးတယ်..။ ၂၀၀ ကျော်လောက်ပဲ လက်ထဲကျန်ခဲ့တာ။ သင်တန်းကာလတလျှောက်လုံး ဒင်နာတစ်နပ်ပါပြီး အစားအသောက် အပြိးအငြိမ်း ညစာတစ်မျိုးပဲ ကိုယ့်စရိတ်နဲ့ကိုယ်စားရမှာမို့ ငွေပိုလဲမပါပါဘူး။ အဲသည်တော့လဲ ၂၀၀ ပေးတားလဲ ဖြစ်ပါတယ်တဲ့။ ချက်ကောက်လုပ်ရင် ပြန်ပေးမယ်တဲ့။ ဒါတော့ ဘယ်ဖြစ်မလဲ..ယူလာတာမှ နည်းနည်း သုံးဦးမှာပေါ့။ အဲသည်မှာ သိရိလင်္ကာ က တစ်ယောက်က သူ့ရဲ့ ဗီဇာကဒ်ကို ထုတ်ပေးတယ်။ သူတို့လဲ Cash Deposit မပေးနိုင်ဘူး။ သူကနေ ကိုယ်တို့တွေအတွက် အာမခံပေးတော့ အဆင်ပြေသွားတယ်။ ကိုယ်တွေမယ်က ဗီဇာကဒ်မပြောနဲ့ ဘာကဒ်မှ မရှိ၊ ဖြစ်ရပုံက .. အဲဒါနဲ့ သူတို့နဲ့ အတူ အပြင်ထွက် ညစာစားကြမယ် ရယ်လို့ ချိန်းချက်ပြီး ချက်ကင်လုပ်ပြီးတာနဲ့ ပြန်ထွက်ကြတယ်။ ဟိုတယ်ရှိတဲ့နေရာက ဖိလစ်ပိုင်းရဲ့ တကယ့် အချက်အချ Makati City လေ.. ဟိုတယ်လ်ကြီးတွေ ရှော့ပင်းမောလ်ကြီးတွေ နဲ့ စီးပွားရေးအဆောက်အအုံတွေချည်းပဲ သီးသန့်ရှိတဲ့နေရာ.. တော်ရုံတန်ရုံ ဆိုင်တွေမရှိး။ သိရိလင်္ကာက တစ်ယောက်က မနီလာကို ၃ကြိမ်မြောက်ရောက်တာ ဆိုတော့ သူခေါ်သွားမယ် ဆိုလို့ လိုက်ကြတယ်။ ရှော့ပင်းမောတွေဘက်မှာ Fast Food အစားအစာရောင်းတဲ့ နေရာတွေရှိတယ် ဆိုပြီးသွာကြတာ ၈နာရီခွဲ ကျော်ပြီမို့ မရှိနိုင်တော့ဘူးတဲ့။ အဲဒါနဲ့ အနားက Restaurant ကိုသွားကြသည်ပေါ့။ မိနု (Menu ကိုခေါ်တာ-ဟီး) ဖတ်ပြီး အော်ငိုချင်သွားတယ်... ။ အကုန်လုံးက ပီဆို ၃၀၀ အထက်တွေချည်းပဲ။ ဟင်းချိုလေးတစ်ခွက်ကို ပီဆို ၁၇၀၊ ဒေါ်လာနဲ့ ဆို .. ၄ ဒေါ်လာကျတယ်။ ထမင်းလေးပေါ်မှာ ငါးရှဥ့်ကျပ်တိုက်အသားပြားလေးအုပ်ထားတဲ့ ထမင်းတစ်ပွဲက ဈေးသက်သာတယ်ဆိုရမယ် ပီဆို ၃၂၀ (မြန်မာလို ၉၀၀၀ လောက်ကျတာပေါ့) အဲဒါမှာလိုက်တယ်။ အဲသည် သိရီလင်္ကာက တစ်ယောက်က ငါးရှဥ့်ပါတဲ့ အစားအစာတစ်ခုပဲ... ပီဆို ၄၇၀ တန် မှာတယ်။
လာချတော့. ကိုယ့်ဟာကိုအရင်လာချတယ်။ သူက သူ့ဟာမှတ်ပြီး ယူလိုက်တယ်။ သူ့ဟာလာချတော့မှ အဲဒါကို သူ့ဟာမှန်းသိတယ်။ လဲလို့ကမရတော့ဘူးလေ..။ သူကစားပြိးပြီကိုး။ နင့်ဟာငါပေးမယ်လို့ပြောပေမယ့်လို့.. အဲလောက် မကပ်သတ်ချင်တာနဲ့ ရပါတယ်။ ငါစားတာငါပေးပါမယ် ဆိုပြီး .. ၁၀ဒေါ်လာတန် ညစာကြီးကို စားဖြစ်လိုက်တယ်။ မြန်မာ ၃ ယောက်စာ ရျင်းလိုက်ရတာ.. မြန်မာငွေ ၂ သောင်းခွဲလောက်ကျတယ်။ ဒါတောင် တစ်ယောက်က စွပ်ပြုတ်လေး တစ်ခွက်ပဲ သောက်တယ်။ သူ့စွပ်ပြုတ်ကလဲ မြန်မာငွေနဲ့ ဆို ၄ထောင်ကျော်ကျတယ်။ မြန်မာပြည်က မုန့်ဟင်းခါး ပါးကန်လောက်တောင် မရှိတဲ့ ခွက်ပေါက်စလေးနဲ့။ မနီလာရောက် ပထမဆုံးညစာပေါ့။

နောက်နေ့ မိုးလင်းတာနဲ့ ဘရိတ်ဖတ်စားပြီး သင်တန်းခန်းမ တန်းဆင်းရတယ်။ ညနေကျတော့.. ရုံးက လုပ်ပေးတဲ့ ကြက်မြီး ပါတီ၊ အဲသည်မှာ မြန်မာပြည်က ဖဦးထုပ်ရဲ့ မိန်းမက ပိုက်ဆံ ၄၀၀ လာပြန်ပေးရင်း နောက်နေ့ သူလာကြိုပြီး Shopping Mall တွေလိုက်ပို့ပေးမယ် လို့ ချိန်းသွားတယ်။

ဆက်ပါဦးမည်...



Tuesday, February 3, 2009

မခွဲအတူ

မခွဲအတူဆိုတာ နံမည်ကျော် ကိုးရီးယားကားရဲ့နံမည်ကို ယူထားတာ။
ကိုယ့်ရဲ့မခွဲအတူကတော့ ကိုယ့်ရဲ့လက်ပ်တော့လေးပါပဲ။

အခုပဲတွေးနေမိတယ်။ သူမရှိဘဲ မနေနိုင်ဘူးနော်လို့...။ သူမပါရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလိုပဲ။
တော်တော်များများက စက်ထဲမှာ။ ဟီးဟီး ခေါင်းထဲမှာက ဘာမှ မရှိဘူး။

တော်တော်ရယ်ရတာက ကိုယ့်ရဲ့ မှတ်ဥာဏ်ထဲမှာက အမှိုက်တွေနဲ့ပြည့်နေတယ်။ အသစ်တွေဘာမှ ထပ်မှတ်လို့မရတော့သလိုဘဲ။ ဒီမလာခင်တစ်ပတ်က ရှုပ်ယှက်တွေခတ်နေတာဟာ တစ်ရက် အိမ်မှာ ဟန်းဖုန်းကျန်ခဲ့တယ်။ အဲသည်နေ့က အောဒစ်ကိစ်စတွေ ထရိန်နင်ကိစ်စတွေ ပြီးမှ ဒီဘက်ကို တင်ရမယ့် မာစတာဒေတာဖိုင်တွေ စကိုင်ရတယ်။ (ရုံးက မတ်လကစပြီး SAP စသုံးတော့မယ်။ PRISM FI ပေါ့။) တခြားမစ်ရှင်တွေထက် ကိုယ်တစ်ယောက်ပဲ ဒေတာပို့ပေးဖို့ ကျန်တော့တာဆိုတော့ အပြီးထိုင်လုပ်မယ် ဆိုပြီးလုပ်လိုက်တာ ည ၁၀နာရီခွဲရော.. ။ ယောက်ျားကို ဖုန်းဆက်ပြီးနောက်ကျမယ် ဆိုတာပြောဦးမှ ဆိုပြီး ဖုန်းကောက်ကိုင်လိုက်တယ်။ ဘာနံပါတ် နှိပ်ရမယ်မှန်းမသိဘူး။ ဖုန်းနံပါတ်ဆိုတာ ဟန်းဖုန်းထဲမှာ ရှိတဲ့အရာလေ..။ ခေါင်းထဲမှာ မရှိဘူး။ တော်တော်ကြောက်သွားတယ်။ ဖုန်းပါမလာရင် ငါဟာဘာမှ မသိပါလား ဆိုပြီးတော့။ ကိုယ့်အဖေအိမ်ကို ဖုန်းလှမ်းဆက်ပြီး ယောက်ျားရဲ့ ဖုန်းနံပါတ်မေးတော့.. ဖေဖေက လည်ချောင်းသံကြီးနဲ့... ဟေ.. တဲ့။ မအံ့သြနဲ့ဖေဖေ၊ ဟန်းဖုန်းအိမ်မှာကျန်ခဲ့တယ်။ သမီးက နံပါတ်ကို အလွတ်မရဘူးလို့။ အဲသလို။

အဲသလိုပဲ ကိုယ့်ရဲ့ မခွဲအတူက ကိုယ့်ရဲ့လက်ပ်တော့ပဲ။ ရုံးကနေ အိမ်ပြန်သယ်လိုက်၊ အိမ်ကရုံးပြန်သယ်လိုက်အပြင် ခရီးသွားလဲ သူမပါရင် စိတ်ထဲက မလုံခြုံသလိုပဲ။ သူပါရင် ကိုယ်လိုချင်တာအားလုံး စက်ထဲမှာရှိတယ်လေ..။

ခေါင်းက ဘာတွေနဲ့ပြည့်နေလဲ ဆိုတော့ တကယ့် အမှိုက်တွေနဲ့ပြည်နေတယ်။ ညဦးပိုင်းက တီဗွီထိုင်ကြည့်နေရင်း HBO ကို ပြောင်းလိုက်တော့... မှောင်မည်းနေတဲ့အထဲမှာ ရုပ်ဆိုးဆိုး ညစ်တူတူး အဆီပြန်နေတဲ့ မျက်နှာတစ်ခုက နှုတ်ခမ်းမွေးတွေနဲ့.. စကားလှမ်းပြောတော့ နောက်ထပ် မှောင်ထဲက မည်းတူးတူး မျက်နှာတစ်ခု...။ အဲဒါပဲမြင်ရတာနော်..... ။ဖတ်ခနဲကို ပြောနိုင်တယ်။ အစ်မရေ.. အဲဒါလေ.. တွင်းတာဝါ ပြိုတဲ့ကား။ နစ်ကလက်စ်ကေ့ဂ်ျလေ။ သူတို့ အောက်မှာ ပိနေတဲ့အခန်းပေါ့ လို့ ချက်ချင်းပြောချလိုက်နိုင်တယ်။ တော်လိုက်တာနော်..။ အဲသလို ဟာတွေနဲ့ ဦးနှောက်ကပြည့်နေတာလေ..။
အဲသည်မပြောင်းခင်ဖွင့်ဖွင့်ချင်း star movie မှာလဲ.. ရေကန်နားက ဘောင်းဘီတိုယူနီဖောင်းနဲ့ ရဲမေကို တွေ့လိုက်တာနဲ့..။ ဟာ.. အဲသည်ကား ကောင်းတယ်။ မိချောင်းကားလေ.. Lake placid ပေါ့။ လို့ တန်းခနဲကို ပြောနိုင်တာ။
ကိုးရီးယားကားစီးရီးစ် သစ်များလာလိုက်ရင်.. ဟယ်.. အဲသည်လူက ဟိုကားထဲကလေ..။ အဲဒါက နန်ဘုန်ဂီလုပ်တဲ့ကောင်းလေး.. ။ ကြည့်စမ်းနော်..။ အဲသည် နမ်ဘုန်ဂီ ဆိုတဲ့နံမည်များ.. ဦးနှောက်ရဲ့ ဘယ်အကြိုအကြားမှာ သိမ်းထားတဲ့မှတ်ဥာဏ်လဲ မသိ..။ ဖလွတ်ကနဲကို ထွက်လာတာ။

အဲသည်သောက်သုံးမကျတဲ ဒေတာတွေ အကုန်ဖျက်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။


သားသားကိုလွမ်းတယ်။

ဒီနေ့ဆို မနီလာမှာ ၃ညမြောက်
အိပ်လို့လဲ မပျော်ဘူး။
သားသားကို လွမ်းတယ်။
မြန်မာပြည်မှာတော့ ခုဆို ၁၂ခွဲ၊ ဒီမှာတော့.. ၂နာရီခွဲ။
သားသားတရေးနိုး နို့စာတဲ့အချိန်ပဲ။


ရောက်တဲ့ညကတည်းက ည ၁နာရီမကျော်မချင်း အိပ်လို့မရ..။
နေ့လည် သင်တန်းကပင်ပန်း
စက်ထဲပါလာတဲ့.. သားသားလေးရဲ့ပုံတွေကြည့်နေရတယ်။ ဗီဒီယိုရိုက်ထားတာလေးတွေပြန်ကြည့်နဲ့။

Saturday, January 31, 2009

ခရီးထွက်ပါဦးမည်။

ခုတလော အလုပ်တွေရှုပ် လို့ ဘာမှ လာမရေးဖြစ်ပါဘူး။ အောဒစ်က၀င်၊ လူကြီးတွေလာ၊ workshop တစ်ခုလုပ်၊ စနေနေ့မှာ အလုပ်လွဲပြီး ၂ ပတ်တာ ခရီးထွက်ရပါတယ်။ နက်ဖြန်မနက် သင်တန်းတစ်ခုတက်ဖို့ မနီလာကို သွားရပါမယ်။ ဘလော့ဂ်နဲ့ ခဏကင်းကွာနေပါဦးမယ်။

Friday, January 23, 2009

အဲသည်နေ့က.. ...

၂၂ရက် နေ့က ဦးသန့်ရဲ့ နှစ်၁၀၀ မွေးနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ခဲ့ပါတယ်။
တကယ့်ကို ကသောကမျောပါပဲ။ ၂၀၀၇ တုန်းက ပရောဂျက်တစ်ခုရဲ့ ဒိုနာအောဒစ်တွေ ရုံးကိုလာမယ့်နေ့၊ ရုံးချုပ်က ဒီဒီဂျီ လာမယ့်နေ့၊ လပတ်စည်းဝေးတစ်ခုရှိတဲ့နေ့၊ အားလုံးဆုံဆည်းတဲ့နေ့တစ်နေ့ဖြစ်နေတယ်။ ၂၁ရက်နေ့က ဖိတ်စာကို အိမ်မှာထားခဲ့ပြီး အလု့ပ်တွေရှုပ်ယှက်ခတ်တော့ မေ့နေတယ်။ အိမ်ပြန်ရောက်တော့ မေမေက နက်ဖြန်ပွဲကသွားတက်မှာမဟုတ်လားတဲ့။ ချိတ်အနက် ၀တ်စုံကို ဘေးချုပ်ရိုးတွေဖြေထားတယ် တဲ့။ အဲသည်တော့မှ သတိရတယ်။ ဟုတ်သားပဲ။ သားသားလေးမွေးပြီး ၀တုတ်လာတဲ့ ကိုယ်ခန်ဓာနဲ့ ဘယ်မြန်မာဝတ်စုံမှ မတော်တော့ဘူးလေ..။ မေမေက အလိုက်တသိ စီစဉ်ပေးထားတယ်။ အဲသည်တော့မှ.. ဟုတ်သားပဲနော်.. ညပွဲလဲ ဖြစ်တယ်ဆိုတော့ အနက်ရောင်ပိုးချိတ်က အသင့်တော်ဆုံးပဲ။ ဖိတ်စာမှာက နေရှင်နယ်လ်ဒရက်စ်လို့ရေးထားတယ်လေ.။ အဲဒါနဲ့ ပြီးခဲ့တဲ့လကမှဝယ်ထားတဲံ့ စက်ကလေးနဲ့ ကမန်းတန်း ဘေးကို ပြန်ချုပ်ရတယ်။ တစ်ဖက်ကို ၁ လမစီလောက် ပြန်ချဲ့လို့ရသွားတာပေါ့။ ၀တ်ကြည့်တော့ အတော်ပဲ။ အဲဒါနဲ့ မီးပူတိုက်။ ချိတ်နဲ့ ချိတ်၊ ပိုးပုဝါ ပါထုတ်ချိတ်ပြီးမှ အိပ်ယာဝင်တယ်။
နောက်နေ့မှာ ကြုံရမယ့် ဒိုနာအောဒစ်က ပထမဆုံးအတွေ့အကြုံဖြစ်နေတာကြောင့် ကောင်းကောင်းအိပ်လို့မပျော်ပါဘူး။ အဲသည်ကာလများစီတုန်းက ဘတ်ဂျက်နည်းနည်းကို ပရောဂျက်အတွက်များများသုံးပြီး ၀န်ထမ်းလစာအသုံးစရိတ်ကို ချ ပြီး လူနည်းနည်းလေးနဲ့ လုပ်ခဲ့ရတာကြောင့်.. Role Segregation သိပ်မရှိပဲ Procurement လဲကိုယ်၊ account လဲကိုယ် treasury လဲကိုယ် financial reporting လဲကိုယ်၊ Chief of Mission မရှိတုန်း ယာယီ officer in charge လဲ ကိုယ် အဖြစ် Approval လုပ်တဲ့ role လဲကိုယ် ဖြစ်နေခဲ့တဲ့ ကာလများပေါ့။ ဘာအလွဲသုံးစားမှ မရှိ၊ အားလုံး ပြည့်ပြည့်စုံစုံလုပ်ထားသော်ညားလဲ.. အိပ်မပျော်တာကတော့ အမှန်ပါပဲ။
အဲလိုနဲ့ ၂၂ ရက်နေ့ ရုံးရောက်ပြီး နည်းနည်း စာရွက်စာတမ်းတွေ ပြည့်စုံမစုံ ပြန်ကြည့်နေတုန်း ဖုန်းလာတယ်။ ကိုယ်တို့ရုံးကိုလာမယ့် အောဒစ်အဖွဲ့ရဲ့ ခေါင်းဆောင် အပြင်းအထန်ဖြားလို့.. အဲသည်မနက် လေယာဉ်နဲ့ ပြန်သွားပြီတဲ့။ နောက်တစ်ဦးနဲ့ အစားထိုးပြန်ဖွဲ့ပြီး နောက်တစ်ရက်မှ လာတော့မယ် တဲ့။ သူများနေမကောင်းဖြစ်တာကို ၀မ်းမသာစကောင်းပေမယ့် ထိတ်ခနဲ ၀မ်းသာသွားမိသေးတယ်။ ဟိဟိ။
ထားပါတော့.. အဲသလို နဲ့ အလုပ်ရှုပ်တဲ့ တနေ့တာဖြတ်သန်းပြီးသကာလ ညနေပိုင်း ၄နာရီခွဲလောက်မှာ အပြင်ထွက်စရာကပေါ်လာတယ်။ မသွားလို့ကလဲမဖြစ်ဘူး။ ရုံးကားမရှိလို့ ညနေအခမ်းအနားကို တခြားရုံးက တစ်ယောက်နဲ့ အတူသွားဖို့ ချိန်းထားပြီးသား၊ သူကရုံးကား ရထားလို့..။ ကိုယ်တို့ကားတွေကတော့.. လူကြီးတွေနဲ့ နေပြည်တော်ကို ချီတက်သွားတာကြောင့် အပြင်သွားစရာရှိတဲ့ကိစ်စကို တက်က်စီနဲ့ဒိုး။ ပြန်ရောက်တော့ ၆နာရီ ၅မိနစ်၊ သွားဖို့ ချိန်းထားတက ၆ နာရီ ၁၅၊ အပြေးအလွားရုံးပေါ်ပြန်တက်တော့.. သူတို့ ထွက်သွားနှင့်ကြပြီတဲ့။ ဖြစ်ရပုံက အ၀တ်အစားထည့်ပေးလိုက်ပါလို့ အမိန့်တော်ရှိတာကို သူ့အိမ်ကကလေးမလေးက လုံချည်ပဲထည့်ပေးလိုက်ပြီး အကျီ င်္ပါမလာတာကို ရုံးမှာ အ၀တ်လဲမှ သိပြီး အိမ်ကို တစ်ခေါက်ပြန်ရမှာမို့ စောထွက်သွားရတယ်တဲ့။ ကောင်မလေးမရှိလို့ ကိုယ်တိုင်လုပ်ခဲ့ရတာကြောင့် ကိုယ့်မှာတော့ အဲပြသနာမရှိ။ သို့ပေမယ့် အင်းယားလိပ်အထိကို ကားမရှိဘဲ တစ်ယောက်ထဲသွားရတော့မပေါ့။ ကိုင်းဒုက်ခပဲ ဆိုပြီး အခန်းထဲမှာ အသင့်ချိတ်ထားတဲ့ ချိတ်ဝတ်စုံကို လဲ၊ မိတ်ကပ်တွေ ကမန်းကတန်းပွတ်ပြီး အင်းယားလိပ်ကို ပြေးရပါတယ်။
၆နာရီ ၄၅ မှ ရောက်တယ်။ အခမ်းအနား စခါနီးလေးပါပဲ။
အစီအစဉ်အတိုင်း MC လုပ်တဲ့ UNIC က ဦးအေးဝင်း က အစီအစဉ်ကိုပြောပြီး ပထမဆုံး Mr. BanKiMoon ရဲ့ message ကို UNRC ကဖတ်ကြားတယ်။ ကိုယ်အကြိုက်ဆုံးကတော့.. ဦးသန့်ရဲ့ သမီးဒေါ်အေးအေးသန့် ပြောသွားတာလေးတွေကိုပါပဲ။ ဦးသန့်ရဲ့ စကားအချို့ကို ကုတ်လုပ်လုပ်ပြီး ပြောသွားတယ်။ တစ်ခုပါပဲ... ဦးသန့် ဆိုတဲ့နံမည်ကို ဘိုတွေထွက်သလို ခပ်ဆန်းဆန်း လုပ်လုပ်ပြောသွားတာတစ်ခုတော့ သိပ်သဘောမတွေ့။ အခမ်းအနားကာလအတွင်းမှာ ဦးသန့်ရဲ့ မှတ်တမ်းဝင်ဓာတ်ပုံတွေကို ပရောဂျက်တာနဲ့ ထိုးပေးထားပါတယ်။
အရေးထဲမှာ ကိုယ့်ရဲ့ မိတ်ဆွေ (တခြားရုံးကတစ်ဦး) က ဦးသန့်ဓာတ်ပုံတွေကိုကြည့်ရင်း ဦးသန့်က နှုတ်ခမ်းတော်တော်လှတာနော်.. ကောင်မလေးနှုတ်ခမ်းလေးလို ဖူးဖူးလေး တဲ့... (ဟားဟား...... ဒုက်ခ)

နောက်တော့ ဧည့်ခံကျွေးမွေးတဲ့ ဘူဖေးဒင်နာစားပြီး ပြန်ကြပါတယ်။ ဦးသန့်ရဲ့ ပိုစတာရယ်၊ သူ့ဘိုင်အိုဂရပ်ဖီ အကျဉ်း ပန်းဖလတ်လေးတွေရယ် နောက် ဦးသန့် အင်စတီကျုအကြောင်း ပန်းဖလတ်ရယ် ရခဲ့တယ်။

အခမ်းအနားကာလအတွင်း ဥှီုးသန့်အကြောင်း အမှတ်တရ ပြောသွားကြတာတွေနားထောင်ရင်း သူ့ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူအားကျမိပါတယ်။ ဟိုတရက်ကပြောခဲ့သလိုမျိုးပေါ့လေ... လူတွေဟာ မွေးလာပြီးရင် တစ်နေ့တော့ သေကြရမှာပဲ။ မသေခင်ကာလအတွင်း ဘာလုပ်ခဲ့မလဲ.. ။ လူပေါင်းများစွာထဲက တစ်ယောက်အဖြစ် လူမသိသူမသိသေဆုံးပျောက်ကွယ်သွားခြင်းထက် ကိုယ်သည်ကဘာပေါ်မှာ ရှိခဲ့ကြောင်း အထောက်အထားပေါင်းများစွာနဲ့.. မမေ့နိုင်လောက်သော စွမ်းဆောင်မှုတွေနဲ့.. ချန်ထားနိုင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ရတာ ဘယ်လောက် အဖိုးတန်သလဲ...။
နောက် သူဟာ မြန်မာတစ်ယောက်၊ အဲသည်အတွက် ကိုယ်ဂုဏ်ယူမိတယ်။ ဦးသန့်လောက်အထိ မလုပ်နိုင်ပေမယ့် (လုပ်နိုင်စွမ်း ကိုယ့်မှာ မရှိတော့ပေမယ့်...- ဒါက ခုတော့ သေချာသွားတာပါ) အနည်းဆုံး ကိုယ်တည်ရှိခဲ့တဲ့ လူ့ပတ်ဝန်းကျင်တစ်ခုမှာတော့ အကျိုးရှိတဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်သွားဖို့ ဆုံးဖြတ်မိပါတယ်။

ဦးသန့်ရဲ့ ပုံရိတ်တွေကို ကြည့်ရင်း ၁၆-၁၇ အရွယ် ကလေးမလေးတစ်ယောက် အကြောင်း ပြန်စဉ်းစားမိတယ်။ ကိုယ်ပေါ့။ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ သံတမန်တစ်ဦးပါ။ အဲဒါကြောင့် တကသိုလ်တက်ဖို့ ဘာကိုမှ ထူးထွေမစဉ်းစားဘဲ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဘာသာရပ်ကို ယူခဲ့တာ။ ကံအကြောင်းမလှလို့ ကိုယ့်ဘ၀လမ်းကြောင်းဟာ တည့်တည့်မတ်မတ်မသွားရဘဲ... ကျောင်းတွေကကာလကြာရှည်ပိတ်၊ အခြားသောအလုပ်တွေဝင်လုပ်ရင်း ဘွဲ့မရခင်မှာပဲ ကိုယ်ဟာ စာရင်းကိုင် လိုင်းထဲကို ၀င်မှန်းမသိဝင်သွားတော့တာပါပဲ။ ကျောင်းပြန်ဖွင့်တဲ့ ကာလမှာတော့ ကိုယ်ဟာ သံရုံးတစ်ရုံးမှာ Admin ဌာနက လိုကယ်လ်အုပ်ချုပ်ရေးနဲ့စာရင်းကိုင်ဝန်ထမ်းဖြစ်နေပါပြီ။ ဘွဲ့ရတဲ့အထိပညာသင်ခဲ့ပေမယ့်.. နောက်ဆုံးနှစ်မှာ ထူးထူးချွန်ချွန်နဲ့ မဟာတန်း ဆက်တက်လိုခဲ့ပေမယ့် .. အလုပ်တစ်ဖက်နဲ့ ဖြစ်အောင်လုပ်ရတဲ့ အတွက် အဲသည်လောက် မထွန်းပေါက်ခဲ့ရပါဘူး။ သေချာပြန်စဥ်းစားပြန်တော့ ငယ်စဉ်က ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်ဝင်ရမယ်။ လုပ်သက်ယူရမယ်။ နိုင်ငံခြား အဆိုင်းမန့် ကျဖို့ဆိုတာက လွယ်တဲ့ကိစ်စတစ်ခုမဟုတ်ဘူးလေ..။ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုတာကလည်း... ။ဆွေမျိုးတတွေစုနေတဲ့ နေရာကြီးတစ်ခုလိုဖြစ်လို့နေပြီကိုး။ ကိုယ့်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆွေမျိုးလဲမရှိ၊ ကိုယ့်ဦးလေး၊ အဖေတို့ကလဲ.. သံအမတ်ကြီးဟောင်းများမဟုတ်ဆိုတော့ကာ .. ဒါသည် လွယ်သည့်ကိစ်စမဟုတ်ဘူးကိုး။ နောက်တစ်ခုက ကိုယ့်အဖေ ပင်စင်ယူရမယ့်အချိန်မှာ ကိုယ်က ဒေါ်လာစားဖြစ်ပြီး မိသားစုကို ပြန်ထောက်နေရတဲ့အချိန် အစိုးရလခစား လိုင်းကို ဘယ်လိုမှ ပြန်ဝင်ဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ ရင်းနှီးရမယ့် ကာလတစ်ခုအတွက် ကျောထောက်နောက်ခံ စီးပွားရေးမရှိဘူး။
သည်လိုနဲ့ .. ယူအန်န် ၀န်ထမ်းတစ်ယောက် အဖြစ်ကိုပဲ ရည်မှန်းလိုက်ရတော့တယ်။ ခရီးတစ်ဝက်ရောက်နေတာက စာရင်းပိုင်းပေါ့။ စိတ်ကတော့မလျှော့သေးပါဘူး။ တစ်ခုခုတော့ ဖြစ်ရဦးမယ်လေ..။ သည်အတိုင်းတော့ မဟုတ်သေးဘူးပေါ့။
ကိုယ့်ရဲ့ အတ်တကလဲ များသေးတော့.. .. ပေးဆပ်ရင်းနှီးရမယ့် ကိစ်စတွေကို သိပ်များများမပေးနိုင်တဲ့အတွက် နည်းနည်း တော့ နှေးနေတယ်။ ဥပမာ ယောက်ျားနဲ့ သားသားပေါ့။ သူတို့ကို ရယူလိုမှုကြောင့် နှေးသွား၊ ကြန့်ကြာသွားတာတွေရှိပေမယ့်လို့.. ဒါကို ကျေနပ်ပါတယ်။
တကယ်တော့ လုပ်ချင်တာသိပ်များတဲ့ မိန်းမတွေ အိမ်ထောင်မပြုသင့်ဘူး လို့ ကိုယ်တိုင် ပြောခဲ့ပေမယ့်လို့.. ကိုယ့်အိမ်ထောင်ရေးအတွက်တော့ နောင်တမရခဲ့ပါဘူး။ ရနိုင်သလောက် နောက်.. တက်စွမ်းသလောက်.. ယူနိုင်သလောက်.. ယူရမယ်လေ.. ။

သတင်းထူးဗျိုး.................

သတင်းထူးကတော့ သားကလေးသွားပေါက်ပါပြီ...။
အောက်သွား ရှေ့၂ချောင်းရဲ့.. သွားဖြူဖြူလေးရဲ့ ထိပ်ပိုင်းေးလတွေပေါ်လာပြီ။

တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ နောက်ပြီး ၀မ်းလျားထိုးလဲ သွားနေပြီ။ ၀မ်းလျားထိုးသွားတာကတော့ ၁ ပတ်ကျော်ပြီ။

သားကလေးက ပိုပြီးချစ်စရာကောင်းလာတယ်။ နောက်နေ့မှ သူ့ဖေဖေရိုက်ထားတဲ့ ဓာတ်ပုံတင်ရဦးမယ်။


Tuesday, January 20, 2009

U Thant

မှတ်မှတ်ရရ ဦးသန့်..

ဟိုတလောက ကိုယ့်သူငယ်ချင်းတစ်ယောက် ကိုယ့်ဆီက ငှားဖတ်ပြီး ၃ နှစ်ကြာအောင် ပြန်မပေးဖြစ်တဲ့စာအုပ် ပြန်ပေးတဲ့အကြောင်းရေးဖြစ်တယ်။ အဲသည်စာအုပ်က ဦးသန့် အထုပတိပါ။ ကိုယ်တော်တော် တန်ဖိုးထားခဲ့ရတဲ့စာအုပ်မို့ သူပြန်ပေးရမှာ ကြောက်နေရှာတာပေါ့။

ဟိုနေ့က ညီလင်းဆက်ရဲ့ ဘလော့ဂ်ကိုရောက်တော့ ဓာတ်ပုံတစ်ချို့တွေ့မိသေးတယ်။ ဦးသန့်ပုံနဲ့ သူ့သားနဲ့သမီးပုံတို့ပါ။

ကိုယ်တို့ အိုင်အာရ်မေဂျာက လိပ်စာစာအုပ် ထုတ်ကြတော့ အဖုံးက ဦးသန့်ပုံ ကို ဘလား လုပ်ပြီး ထုတ်ခဲ့တာ သတိရနေတယ်။ အဲသည်စာအုပ်လေးကတော့.. အိမ် ၂ ခါပြောင်းပြီး ခုတော့မရှိတော့ပါဘူး။


ဦးသန့်မွေးဖွားခဲ့တာ.. ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ..ဆိုတော့ အခုလာမယ့် ၂၂ ရက်နေ့ဟာ နှစ်ပေါင်း ၁၀၀ ပြည့်ပေါ့။ ဒီနေ့တော့ ဖိတ်စာတစ်စောင်ရတယ်။

၃ ယောက်မြောက် ကုလသမဂအထွေထွေအတွင်းရေးမှုးချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း.. ခက်ခဲရှုပ်ထွေးတဲ့ ကဘာ့အရေးတွေကို ဖြေရှင်းနိုင်ခဲ့တဲ့သူဟာ ပန်းတနော်ဆိုတဲ့ မြို့ငယ်ကလေးကပါတဲ့..။ သူဟာ ကိုယ်တို့တွေ တသက်လုံးလေးစားအားကျထိုတ်တဲ့ လူတစ်ယောက်ပါပဲ။
http://www.uthantinstitute.org/

Monday, January 12, 2009

အပရုဖ်

ရုံးမှာ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာလိုမျိုး တခါတခါ တချို့လူတွေရဲ့ တချို့ စရိုက်တွေက ရယ်စရာဖြစ်နေတတ်တယ်။
လူမျိုးကလည်း ပေါင်းစုံတယ။် ပရော်ဖက်ရှင်ကလည်း မတူတာတွေရောပေါ့လေ..။

အဲသည်ထဲက နိုင်ငံခြားသူအမျိုးသမီးကြီးတစ်ယောက်ရဲ့ သဘာဝကတော့ နည်းနည်း ကတ်သီးကတ်သတ်နိုင်တယ်။ ဘာကိုမှ သိပ်တာဝန်မယူချင်ဘူး။ ဒါပေမယ့် သူက ပရောဂျက်တစ်ခုရဲ့မန်နေဂျာ၊ နယ်ကလူတွေတ သူတို့ရုံးခွဲအကြီးဆုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထက်ပိုတဲ့.. ပရောဂျက်ကိစ်စခုခုလုပ်ချင်ရင် ရန်ကုန်ကို လှမ်းအီးမေးလ် ပို့ပြီး approval တောင်းရတယ်။ အဲဒါမျိုးတွေဆို ဘက်ဂျက်ကိစ်စရယ်၊ အင်တာနယ်လ်ပရိုစီဂျာတွေနဲ့ပတ်သတ်လို့ရယ် ပြောလိုရာ ၀င်ပြောဖို့..(ပြောဖို့လိုအပ်မယ့်ကိစ်စတွေမှာ) ကိုယ်က cc ပါတယ်ပေါ့။ အဲသည်တော့ အဲဒါတွေဖတ်နေရတယ်.။
အဲသည်မှာ အဲသည် ဘွားတော်နဲ့ နယ်က ဆရာဝန်နဲ့ ရဲ့ အီးမေးလ်တွေ ဖတ်ရင်း အင်မတန်ရယ်ရပါတယ်။ ဟိုဘက်က approve လိုချင်တယ်။ အဘွားကြီးက လှည့်ပတ်ဖြေတယ်။ ပရောဂျက်အတွက် လိုအပ်နေတဲ့ အတွက်ကြောင့်မို့လို့.. please proceed ဘာညာပေါ့။ အဲဒါဆို လုပ်လို့ရပြီဆိုပေမယ့်.. နယ်က Admin လေးကလည်း approve ရအောင်တောင်းခိုင်းလို့ထင်ပါရဲ့..။ အဲသည် 'approve" ဆိုတဲ့စကားမရမချင်းး ဟိုဘက်ကရေးလိုက် ဒီဘက်ကရေးလိုက်နဲ့။ နောက်ဆုံးတော့ ဟိုဆရာက ဘယ်လိုရေးလာလဲဆိုတော့..
In your reply to this email, I want the word "APPROVE" တဲ့။

ဟီးဟီး..

သားသားလေးရဲ့ တနင်္ဂနွေ

ဖေဖေရော မေမေရော အလုပ်လုပ်ရတာကြောင့် နားရက် တနင်္ဂနွေကို သားသားလေးကို အပြည့်ပေးဖြစ်တယ်...
သားသားက အလည်အပတ်ထွက်ရတာလည်း ကြိုက်ပုံရတယ်။ အပြင်များထွက်ရင် ပျော်လို့..။ မျက်လုံးကလေးပြူးတူးပြဲတဲနဲ့.. ဟိုဟိုဒီဒီ ကြည့်ရတာ ခေါင်းလေးကို ချာကနဲ ချာကနဲပဲ။

တနင်္ဂနွေ တစ်ခုမှာ သူ့ဖေဖေ ရေသွားကူးတာလိုက်ရင်း ကန်တော်ကြီးထဲရောက်တယ်။
နောက် မနေ့က တနင်္ဂနွေကတော့ ဖေဖေဘက်က ဘိုးဘိုးဘွားဘွားအိမ်သွားလည်တယ်။

ဓာတ်ပုံလေးတချို့..တင်လိုက်ပါတယ်။

ဒေါ်လေးနဲ့ ကစားရင် မေမေခွံ့ကျွေးတဲ့ ထမင်းစားတယ်။ (ထမင်းတော့မဟုတ်ပါဘူး။ နက်စ်လေကထုတ်တဲ့ ဂျုံနဲ့ပျားရည်လုပ်ထားတဲ့ အမှုန့်တွေဖျော်ကျွေးတာ။ သူက နို့ထက် အဖတ်စားချင်လှပြီလေ..။ လူကြီးတွေ ထမင်းစားရင် ပါးစပ်တပြင်ပြင်နဲ့)


တရုတ်ပြည်ရောက်နေတဲ့ ဒေါ်ဒေါ်လတ်ရဲ့ အရုပ်တွေနဲ့ ဆော့တယ်။




ဒီပုံကတော့ အရင်တနင်္ဂနွေက ဖေဖေနဲ့ ရေကူးကန်လိုက်သွားတုန်းကပေါ့။




သင်သေ သောခါ

ဒီမနက် အီးမေလ် တစ်စောင်ရတယ်။ တခြားသောနိုင်ငံက ကိုယ်တို့ရုံးတစ်ရုံးက လူတစ်ယောက် သေတဲ့အတွက် ၀မ်းနည်းကြောင်းပေါ့။ allmissionsworldwide ဆိုတဲ့မေးလ်နဲ့ ပို့တော့ရောက်လာတယ်။ အော်... စိတ်မကောင်းစရာ တစ်ယောက်သေသွားတယ်ပေါ့။ အဲသည်မေးလ်ရဲ့ နောက်မှာ တခြားသော ကဘာအရပ်ရပ်ရုံးများက သူ့ကိုသိတဲ့လူတွေ၊ သူနဲ့ တွဲလုပ်ဖူးတဲ့လူတွေရဲ့ မေးလ်တွေဝင်လာတယ်။ စိတ်မကောင်းကြောင်း၊ ၀မ်းနည်းကြောင်းသာမကာ၊ သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့သလို လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လည်း စြဖ်ခဲ့ပုံ၊ ဘယ်လို ကြင်နာစွာနဲ့ လက်အောက်ငယ်သားတွေကို နားလည်စာနာပေးနိုင်ခဲ့ပုံ၊ ကောင်းမွန်စွာသင်ပြပေးခဲ့ပုံ စတာတွေပါ ပါလာတယ်။ ပုံမှန်ဆို အဲလိုအလုပ်နဲ့ တိုက်ရိုက်မပတ်သတ်တဲ့အိးမေးလ်တွေကို မဖတ်ဖြစ်တာများတယ်။ တစ်နေ့တစ်နေ့ဝင်တဲ့ အီးမေးလ် ၁၀၀ကျော်မှာ.. အက်ရှင်အတွက်ဝင်တဲ့ မက်ဆေ့ဂ်ျက ၅၀လောက်ရှိတယ်ဆိုတော့ ကိုယ်ကပြန်ရတာတွေ အပြန်အလှန်ရေးရတာတွေနဲ့ဆို နေ့တစ်နေ့ရဲ့အလုပ်ချိန်ရဲ့ ၃ ပုံ ၂ ပုံလောက်က အီးမေးလ်ပေါ်မှာပဲဖြစ်နေတာ။ ကိုယ့်မက်ဆေ့ဂ်ျတွေ ကိုယ်အနိုင်နိုင်ဖတ်နေရတာမို့ ဒါမျိုးတွေကို unread ဖိုလ်ဒါတစ်ခုထဲ တန်းတန်းပို့ပစ်လိုက်တာ။ ခုတော့ ဘာရယ်မဟုတ် သူနဲ့ပတ်သတ်တဲ့ ၂ စောင်လောက် ဖတ်ကြည့်လိုက်တော့.. သာမန်လူတစ်ယောက်မဟုတ်လို့ သိမှတ်မိရင်း နောက်ပိုင်းဟာလေးတွေပါ ဆက်ဖတ်ဖြစ်တာပေါ့.။ နောက်တော့.. headquarter ကပါ ရေးလာတယ်။ သူ့ရဲ့ biography အကျဉ်းလေးနဲ့.. ဖတ်ကြည့်လိုက်တော့.. သာမန် လိုကယ်လ်ဝန်ထမ်းတစ်ယောက်ဘ၀ကနေ.. International ၀န်ထမ်းတစ်ယောက် အဖြစ် အခြားသော မစ်ရှင်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရကာနေ.. Chief of Mission တစ်ယောက်အထိ ဖြစ်ခဲ့တယ်။ နောက်တော့ သူ့နိုင်ငံမစ်ရှင်မှာပဲ ပြန်ပြီး လိုကယ်လ်အိတ်စ်ပါ့ထ၇ိတ် ၀န်ထမ်းပြန်လုပ်နေရင်းကနေ. .ဆုံးပါးသွားခဲ့တယ်ပေါ့။ ဖတ်ကြည့်ရင်းနဲ့ .. သူ့ရဲ့ လုပ်သတ်တလျှောက်လုံးမှာ လက်တွဲလုပ်ခဲ့ရသူတွေအားလုံးက အလေးထားခြင်း ကြည်ညိုချင်းခံခဲ့ရတယ်ဆိုတော့.. သိပ်ကို ကောင်းခဲ့တဲ့ လူတစ်ယောက်ဖြစ်မှာပဲ။

တဆက်တည်းကိုယ်စဉ်းစားမိတာက ငါသေတဲ့အခါ ဆိုရင်ကော လို့တွေးမိတယ်..။
သေတဲ့အခါ အားလုံးက နှမျောတသ နေကြမယ့် လူတစ်ယောက် ဖြစ်ချင်သလား.. ဆိုတဲ့မေးခွန်းကိုယ့်မှာပေါ်လာတယ်။ ခုလို အားလုံးက ၀ိုင်းဝမ်းနည်းကြတော့ (သူများတွေကို ပူပင်သောကရောက်စေချင်တာမဟုတ်ပေမယ့်လို့) ကိုယ်သေလို့ (ကောင်းလိုက်တာဟာ၊ နားအေးတာပဲ) လို့ပြောခံရမယ့်အစား၊ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ၊ လူတွေအားလုံးအတွက်ဖြစ်စေ၊ နှမြောတသ ဖြစ်ရလောက်အောင် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ခဲ့သင့်တယ်လို့ ထင်မိတယ်။

ဒါနဲ့ ပတ်သတ်လို့ ငယ်တုန်းက သင်ခဲ့ရတဲ့.. The Quiet Life ဆိုတဲ့ကဗျာကို သွားသတိရမိပြန်တယ်။ သူကတော့ သူဒီကဘာပေါ်မျာ နေထိုင်သွားတယ်ဆိုတာတောင် မှ အမှတ်တရကျန်ခဲ့မယ့် အုတ်ဂူတို့ ဘာတို့တောင် မရှိခဲ့ချင်ဘူးဆိုပဲ..။ အဲသည်ကဗျာကိုတော့ ငယ်ကတည်းက မကြိုက်ခဲ့တာပါ။ အညွှန့်တလူလူဖြစ်နေတဲ့ လူငယ်လေးတွေကို ဘာစိတ်ကူးနဲ့ သည်လိုကဗျာ သင်ခဲ့ကြတယ် တွေးမရဘူး။



Saturday, January 10, 2009

ကာကွယ်ဆေးတိုက်နေ့

မှတ်မှတ်ရရ မနက်က သားသားကို ပိုလီယိုကာကွယ်ဆေး အစက်ချ သွားတိုက်ရတယ်။း)

သူငယ်ချင်းများနှင့် ပြင်ဦးလွင်ခရီး

ခရီးသွားရတာ အင်မတန်မှ ၀ါသနာပါပါတယ်။ မကြာခဏလည်း သွားဖြစ်ပါတယ်။ မိသားစုနဲ့ရော.. သူငယ်ချင်းများနှင့်ရော.. ရုံးအဖွဲ့များနှင့်ပါ သွားဖူးပါတယ်...။

ခုတော့.. သူငယ်ချင်းများနှင့်သွားခဲ့ရတဲ့ ပြင်ဦးလွင်ခရီးအကြောင်းလေး အမှတ်တရ ရေးချင်ပါတယ်။ ဒါပေမယ့်.. ဒီနေ့တော့ ..အလုပ်ကိစ်စနဲ့ရုံးကိုရောက်နေတာ တော်တော်လည်းကြာသွားပြီ။ သားကိုလည်းလွမ်းပြီမို့.. ပြန်လိုက်ဦးမယ်။

အမှတ်တရ.. အဲသည်တစ်ခေါက်သွားတုန်းက တည်းခဲ့တဲ့ အိမ်ပုံလေး အမှတ်တရ. တင်ခဲ့ပါဦးမယ်..။
ကိုသခင်ကြီးတို့ရဲ့ မေမြို့ကအိမ်ကလေးပါ။

Friday, January 9, 2009

စက်ဘီးစီးခြင်း

ဒီနေ့ အစ်ကိုကြီး ကိုနဗန ရဲ့ ဘလော့ဂ်ကို စိတ်လိုလက်ရလေး ၀င်ဖတ်ရင်း စက်ဘီးဖာတဲ့အကြောင်းပြောထားတာတွေ့တော့ ငယ်တုန်းက နယ်မှာနေတုန်းက စက်ဘီးလေးကို ပြန်လွမ်းမိလာတယ်။ မှတ်မှတ်ရရ ကိုယ်စက်ဘီးစီးစသင်တာ.. ၄ တန်းတုန်းကပေါ့။ အဲသည်တုန်းက ဘီ၊ အမ်မ်၊ အိတ်စ် ဘိးတွေပေါ်တဲ့အချိန်လေ..။ လမ်းထဲမှာ ပိုက်ဆံပေးငှားစီးလို့ရတယ်။ ညဖက် စားသောက်ပြီးကြပြီဆိုရင် ဖေဖေရယ်၊ အစ်မလတ် (ကျန်းမာရေးသိပ်မကောင်းရှာတဲ့ ဒုတိယအစ်မ) ရယ်က ကိုယ်နဲ့ ကိုယ့် တတိယအစ်မ ကို စက်ဘီးစီးသင်ပေးတယ်။ အဲသည်အချိန်အထိ ကိုယ်ကကလေးမို့ မစီးတတ်သေးပေမယ့် ဟိုအစ်မလတ်ကတော့ ကုန်းတက်ကုန်းဆင်းများနဲ့ ချေလျင်ခရီးသာသုံးရတဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကြီးခဲ့တော့.. စက်ဘီးမစီးတတ်သေးတာ။ အဲ.. ၂ ယောက်အတူသင်ကြရမှာ .. လဲလိုက်ကြ၊ ထလိုက်ကြ၊ ပြန်စီးလိုက်ကြနဲ့.. ဒူးတွေပြဲ..ပြုအပြီးမှာ.. တစ်ပတ်လောက် နဲ့ တော်တော် တက်မြောက်သွားပါတယ်။ စက်ဘီးဟာ အတော်အံ့သြစရာကောင်းပါတယ်။ ၃ ဘီးတို့ ၄ ဘီးတို့ တ့ပ်ထားတဲ့ယာဉ်တွေထက်စာရင်.. ၂ ဘီးတည်းနဲ့ ဟန်ချက်ညီအောင် ထိမ်းထက်သွားတာနဲ့.. ကိုယ့်လက်ထဲမှာ လိုသလို လုပ်လို့ရတယ်...။ ပဲခူးက ရွှေမောဓောဘုရားလမ်းမှာ .. စက်ဘီးနင်းရတာ.. လမ်းကြီးက ချောမွေ့.. ဘုရားကြီးကိုလည်း ရှေ့တည့်တည့်က ဖူးရ.. တကယ့်ပျော်စရာပဲ။ ကိုယ်တို့ ဖေဖေရာထူးတက်တော့ နေခွင့်ရတဲ့ ဘုရားလမ်းက ဘဏ်တိုက်ကြီးအပေါ်ထပ်ကို နေခွင့်မရခင်.. ဥသာမြို့သစ်က ဘကြီးတစ်ယောက်ရဲ့ ဆောက်ထားတဲ့တိုက်မှာ သွားနေခဲ့ကြသေးတယ်.. ။အဲသည်တုန်းကဆိုရင်.. မြို့သစ်နဲ့ မြို့ထဲ စက်ဘီးစိးပြီးကျောင်းလာတက်ရတာ..။ ကိုယ့်ရဲ့ စက်ဘီးရောဂါက မေမေတို့ မြစ်ကြီးနားပြောင်းရတော့လဲ.. စီးခွင့်ရနေသေးလို့ .. သိပ်မသိသာပေမယ့် ရန်ကုန်မျာ လာနေရကတည်းက .. စက်ဘိးလုံးဝမစီးရတော့ဘူးဆိုတော့မှ.. လွမ်းမိတယ်။ ကိုယ့်စက်ဘိးကိုယ်စီးပြီး လေအဟုန်လေးမှာ.. ခေါင်းလေးမော့ပြီး ရွေ့လားနေရတဲံ အရသာနဲ့ ဘာမှကို မဆိုင်တဲ့.. လူတကာနဲ့ တိုးတိုးဝှေ့ဝှေ့.. မွန်းကြပ်နေတဲ့ ဘက်စ်ကားတွေနဲ့ ခရီးနှင်ရတဲ့ မြို့ကြီးကို မုန်းမိတာတော့ အမှန်ပဲ။ ဒါပေမယ့်.. ဘ၀ရဲ့ တိုးတက်ရာတိုးတက်ကြောင်း သင်တန်းတွေ က ဒီမှာရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေက ဒီမှာရှိတယ်။ အဲသည်စိတ်နဲ့ပဲ .. သည်မြို့ပြမှာ နေသားကျခဲ့ရတယ်..။ အခွင့်ရတိုင်းတော့.. ကိုယ်က စက်ဘီးစီးခွင့်ရဖို့ ကြိုးစားမြဲ..။
ဥပမာ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေသွားတဲ့အခါတိုင်းပေါ့..။ ဘယ်သူမှ စိတ်သိပ်မ၀င်စားတဲ့ စက်ဘီးစီးခြင်းအလုပ်ကို ကိုယ်ကအနှစ်သက်ဆုံးပဲ။ သောင်ပြင်မှာ စက်ဘိးစီးရတာ သိပ်ပျော်ဖို့ကောင်းတယ်။ (ကိုယ့်ယောက်ျားနဲ့သွားတုန်းက သူ့မှာကားပေါ်ကအဆင်း ခြေထောက်နာသွားလိုက်တာ ယောင်ကိုင်းနေတာနဲ့ စက်ဘီးကောင်းကောင်းမစီးခဲံရဘူး။ ဒါတောင် ကိုယ့်အလိုလိုက်ပြိး ၂ ယောက်တွဲနင်းရတဲ့ ဘီးကို လိုက်စီးပေးသေးတယ်။ (အဲသည် ခြေထောက်နာတာက ခုထက်ထိကို မပျောက်သေးတာ)

နောက် မေမြို့သွားတဲ့အခါတိုင်းပေါ့။ ကိုယ်တစ်ယောက်တည်း ရုံးကိစ်စ ခရီးထွက်ရရင်း မေမြို့ရောက်တုန်းက လည်း ဟိုတယ်က ဘိးငှားပြီး တမြို့လုံးပတ် စက်ဘီးစီးတယ်။ နောက် မထက် တို့ သက်စုတို့နဲ့ သွားတော့လဲ.. စက်ဘီးစီးတယ်။ (အဲသည်တုန်းက ဆရာလတ်ဆီကိုကြိုပြောထားလို့.. မြို့ရောက်တာနဲ့ အဲသည်မှာ စက်ဘီး ၄ စီး သွားတောင်းလိုက်ရုံပဲ) အဲသည်တစ်ခေါက်က သိပ်ပျော်တာပဲ။ ကိုသခင်ကြီးတို့ရဲ့ အိမ်ကလေးမှာ တည်းကြတယ်။ နောက် ဘာဘီကျူးတွေလုပ်စားကြနဲ့.. အဲသည်တုန်းကအကြောင်းလေးတွေ ရေးပါဦးမယ်..။ ဘာဘီကျူးလုပ်စားကြတာကို မထက်ရဲ့ ကလယ်ဗျင် (Mr. Cook) ကြီးက လှမ်းလှမ်းပြီးဆရာလုပ်လုပ်နေလို့.. အမြင်ကတ်ခဲ့ရတာတွေလဲ သတိရသေး..။ နောက်ပြီး ကိုယ့်အလိုလိုက်လို့ .. စက်ဘီးလိုက်စီးပေးရလို့.. ရောဂါတွေ ပိုတိုးသွားတဲ့.. မထက်ကို အင်မတန်မှာ အားနာမိပါတယ်။ (အဲဒါက အခုမှ..)ဟီး.. အဲသည်တုန်းကတော့ ကိုယ်လုပ်ချင်တာကို လုပ်ရမှာကို ကျေနပ်တာ..။ ဇွတ်ကို လုပ်ယူခဲ့တာ..။ မထက်ကြီး ၀ိုင်မူးမူးပုံကိုလည်း သတိရသေးတယ်။ အဲသည်တစ်ခေါက်ကတော့ မှတ်မှတ်ရရ ဒေါ်သက်စုနဲ့ ခွန်းကြီးခွန်းငယ် စကားများစရာမလိုခဲ့တဲ့ ခရီးတစ်ခေါက်ပါပဲ.. (ထူးဆန်းပါဘိခြင်းနော်)......... ။

စက်ဘီးနဲ့ ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံတချို့....