Friday, September 7, 2007

အခါး ၁။

တံခါးကိုအကြာကြီးပိတ်ထားခဲ့ဖူးတယ်။ ဘယ်သူ့ကိုမ ဖွင့်မပေးခဲ့ပါဘူး။

နောက်တော့ဧည့်သည်တစ်ယောက် အတင်းခေါက်တယ်။ ၀င်ပါရစေတဲ့။ ကိုယ်က မရေမရာပေမယ့် ဖွင့်ကြည့်တယ်။ သူ့ကို အထဲပေးမ၀င်ခင် ကိုယ်တို့ အချိန်နည်းနည်းယူသင့်တယ်လို့ကိုယ်ထင်တယ်။ အထဲမှာသူနဲ့ကိုယ်နဲ့ အတူနေသွားဖို့ ကိုယ်တို့ချင်းသိဖို့ကြိုးစားကြရမယ်လေ။ အဲသည်အချိန်မှာ တကယ်ဝင်ချင်တဲ့ဧည့်သည်ဆိုရင် တော့လှည့်ပြန်သွားမယ်။ ကိုယ့်ကို ထားခဲ့မယ်ရယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် တစ်နေ့မှာ သူလှည့်ပြန်သွားတယ်။ အဲဒါ ခဏတာလား။ အပြီးလား။ ဘယ်တော့မှ ပြန်မလာတော့ဘူးလား ကိုယ်မသိပါဘူး။ လှမ်းခေါ်လိုက်ရင် သူပြန်လာဦးမလား တွေးမိပေမယ့် သူ့ကိုကိုယ်တကယ်ခေါ်ချင်သလားလည်း ကိုယ်မသိပြန်ပါ။ တံခါးဖွင့်ရက်ပဲထားရဦးမလား ပိတ်လိုက်ရတော့မလားလည်း ကိုယ်မသိပါ။ တကယ်တော့ နောက်ထပ်ဧည့်သည် ဘယ်သူ့ကိုမှ ကိုယ်အလိုမရှိတော့ပါ။ ဒါပေမယ့် ပိတ်ထားလိုက်ဖို့ ဆန်ဒကိုယ့်မှာမရှိပါ။ ဒါဟာ သူ့ကိုပြန်လာစေချင်နေတာလားလို့ တွေးမိပေမယ့် တွေးမိတဲ့ခဏမှာပဲ အဲသည်အတွေးကို ဖျောက်လိုက်ပါတယ်။ တံခါးပိတ်ထားခဲ့စဉ်က အေးစက်ငြိမ်သက်နေခဲ့တဲ့ရင်ဘက်ထဲက တစ်ခုခုဟာ ဆုတ်ညှစ်ထားသလို ကြပ်ဆို့နေတယ်။ အသက်ရှူဖို့မေ့နေတာလား။ မှန်မှန်မရှူတတ်တော့တာလား၊ သတိရမှ တစ်ချက်တစ်ချက် ရှူမိလေသလားမသိ အသက်ရှူလို့မ၀ပါ။

ခုတော့ တစ်ယောက်တည်းပဲ ဆက်နေသွားဖို့ဖြစ်သည်။ တံခါးကိုပိတ်လိုက်ရတော့မယ်။ ဒါကပဲ အကောင်းဆုံးဖြစ်မယ်။ တကယ်တော့ အဖော်တစ်ယောက်တော့ရှိဖို့လိုပါတယ်။ အနည်းဆုံး ကိုယ်နဲ့တသားတည်း ကိုယ့်ပျော်ရွှင်မှုတွေကူးစက်ခံစားစေဖို့ ကိုယ့်ဝမ်းနည်းနာကျင်မှုတွေ စုပ်ယူဖြေသိမ့်ပေးဖို့၊ ကိုယ်က ဂရုစိုက်ဖို့၊ ကိုယ့်ကို ဂရုစိုက်ဖို့၊ တခါတလေထိန်းထားခဲ့ရတဲ့ ဆုံးရှုံးမှုကြောင့်ဖြစ်ရတဲ့ ဒေါ်သတွေ၊ ရှုံးနိမ့်မှုတွေကြောင့်နာကျင်ရမှုတွေ၊ မျိုသိပ်ထားရမှုတွေ ဖွင့်အံမိတဲ့အခါ ဖောက်ခွဲမိတဲ့အခါ နားလည်လက်ခံပေးဖို့၊ (သူ့မှာအဲသလို အပူမျိုးမျှဝေလိုလာရင်လည်း ကိုယ်က ကျေနပ်စွာခံယူချင်ပါတယ်)၊ နောက်တစ်ခုကတော့ ကိုယ်ဟာသာမန်မိန်းမတစ်ယောက်ဖြစ်ပါတယ်။ အရင်က မိန်းမတစ်ယောက်ရဲ့ ဘ၀လုံခြုံမှုဆိုတာ စားဝတ်နေရေးလုံခြုံမှုလို့ ထင်ခဲ့မိတယ်။ ခပ်လှောင်လှောင်မာနကြီးခဲ့မိတယ်။ အဲသည်အတွက် ကိုယ်ယောက်ျားတစ်ယောက် မလိုအပ်လို့ ထင်မြင်ခဲ့ဖူးတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ မိန်းမတစ်ယောက်အဖို့ ဘ၀လုံခြုံမှုဆိုတာ ကိုယ့်ဟာကိုယ် ရှာနိုင်တယ်လို့ အထင်ရောက်ခဲ့ဖူးတယ်။ အသက်ကြီးလာလေလေ အထီးကျန်လာလေလေပဲ၊ ကိုယ့်မှာ ချစ်စရာကောင်းတဲ့ မိသားစုရှိပေမယ့် သူတို့တွေနဲ့ ကိုယ်နဲ့ကြားမှာ မေတာနဲ့ သံယောဇဉ်တွေပဲရှိတယ်။ ဒါပေမယ့် အားလုံးနဲ့ ကိုယ်နဲ့ကွဲလွဲနေတယ်။ အများစုးက ကိုယ့်ကို အထင်ကြီးကြတယ်။ ကိုယ်ဟာသူရဲကောင်းတစ်ယောက်လိုပဲ။ ဖြစ်လာတဲ့မိသားစုပြသနာကို ဖြေရှင်းသူက ကိုယ်ဖြစ်နေတယ်။ မိသားစုထဲမှာ ကိုယ်ဟာ ဦးဆောင်သူဖြစ်မှန်းမသိဖြစ်လာတဲ့အခါ တစ်ယောက်တည်းပိုဖြစ်လာပြန်တယ်။ ကိုယ့်ရုံးက ကိုယ့်ရဲ့ ယူနစ်မှာ ကိုယ်က ဦးဆောင်သူဖြစ်တယ်။ သူတို့ကြုံလာရတဲ့ပြသနာတွေ၊ မှားတဲ့အမှားတွေ ကိုယ်က ဦးဆောင်ဖြေရှင်းရတယ်။ ကိုယ့်ကို ဦးဆောင်သူတစ်ယောက်အဖြစ်မြင်တဲ့သူတွေရှေ့မှာ အသုံးမကျတဲ့သူတစ်ယောက် ဖြစ်ဖို့ မဖြစ်နိုင်ပြန်ဘူး။ ညအိပ်တဲ့အခါ ကျောဘက်ကမလုံခြုံမှုတစ်မျိုး ခံစားတတ်လာတယ်။ အုတ်နံရံနဲ့ ကပ်ထားတဲ့ကုတင်မှာ အုတ်နံရံကို ကျောနဲ့ကပ်ပြီးအိပ်ရတယ်။ ခရီးသွားတဲ့အခါ ဟိုတယ်ခန်းတွေရဲ့ ကုတင်တွေဟာ ဘယ်တော့မှ နံရံနဲ့ ကပ်မထားတဲ့အခါ ကျောမလုံခြင်းဝေဒနာ ခံစားရတယ်။ အဲသည်နောက်ကျောမှာ နွေးထွေးတဲ့ရင်ခွင်တစ်ခု ရှိစေချင်တယ်။ ဒါပေမယ့် အဲသည်ဟာက ကိုယ့်အတွက် ရနိုင်ဖို့ ခက်ခဲတဲ့အရာဖြစ်ပြန်တယ်။ ဘာတွေကိုပေးမှ ရမလဲကိုယ်မသိပါ။ ဘယ်လိုစိတ်ရှည်သည်းခံမှုတွေနဲ့ လှည့်ဖြားရယူရမလဲ ကိုယ်မသိပါ။ သူများတွေ ဘာကြောင့်ရကြသလဲ ကိုယ်နားမလည်ပါ။ တင်းထားရတဲ့မာန်တွေချပြီး အသုံးမကျတဲ့ မိန်းမတစ်ယောက်အဖြစ် လူတစ်ယောက်ရှေ့မှာ ဖြစ်ချင်ပါတယ်။ ဘာကြောင့်များကိုယ့်ကို အသုံးမကျတဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက်ဖြစ်ခွင့်မပေးချင်သလဲ။

မိန်းမတစ်ယောက်လိုအပ်တဲ့ လုံခြုံမှုဆိုတာ ဘာရယ်လို့ ချမပြောတတ်ပေမယ့် အဲသည် လုံခြုံမှုတစ်ခု ကိုယ်လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့မထိုက်တန်ပါဘူး။ ကိုယ်ဟာ အဲသလို လုံခြုံနွေးထွေးမှုလိုအပ်တဲ့ မိန်းမတစ်ယောက်ပုံ ဘယ်တော့မှ ပေါက်မနေဘူးထင်ပါတယ်။ အများရှေ့မှာ မတ်မတ်ရပ်တည်နိုင်နေခဲ့တဲ့ ခွန်အားတွေက ကုန်ခဲ့ပါပြီ။ အဲသလိုရပ်နေနိုင်တဲ့သူရဲ့ ရင်ဘတ်ထဲမှာ ပျော့ညံ့အားငယ်မှုတွေ အများကြီးရှိတယ်။ အနည်းဆုံး လူတစ်ယောက်ရဲ့ရှေ့မှာ အဲသည်ပျော့ညံ့အားငယ်မှုတွေနဲ့ မိန်းမတစ်ယောက်အဖြစ်နေခွင့်ရချင်တယ်။ ဒါဆိုရင် နောက်တစ်နေ့မှာ ကိုယ်ဟာ အများရှေ့မှာ မတ်မတ်ရပ်နိုင်မယ့်အင်အားရမယ်လို့ ထင်ပါတယ်။ ခက်တာက အဲသည်ပျော့ညံ့အားငယ်မှုတွေကို အခြားလူများရှေ့မှာ ချမပြချင်ဘူး။ အရင်းနှီးဆုံး ကိုယ့်ကို လုံခြုံနွေးထွေးမှု ပေးမယ့်လူတစ်ယောက်ဆီမှာပဲ…….. ။

ဒါပေမယ့် သူဘယ်မှာလဲ။

သူကပြောဖူးတယ်။ ကိုယ့်ကို အထင်ကြီးလေးစားတယ်။ တန်ဖိုးထားတယ်တဲ့။ အများရှေ့မှာ အများနဲ့ အတူတူမြင်ခွင့်ရတဲ့ကိုယ့်ကိုပြောတာ။ အဲသည်တုန်းက ကိုယ်ပြောခဲ့ပါတယ်။ ကိုယ့်ချစ်သူတစ်ယောက် ဖြစ်လာရင် ကိုယ်မကောင်းတာညံ့တာ အသုံးမကျတာတွေ အပုံကြီးဖြစ်ပါတယ် ဆိုတာ။ အခုတော့သူကပြောတယ်။ ကိုယ့်ကို အထင်သေးသတဲ့။ ခပ်ညံ့ညံ့မိန်းမတွေ ပြောတဲ့ပုံစံမျိုးတွေ လာမပြောပါနဲ့လို့လည်း ပြောဖူးတယ်။ ကိုယ်ဟာ ခပ်ညံ့ညံ့မိန်းမတွေထက် ညံ့တယ် ဆိုတာကို သူမသိခဲ့သလို တကယ်လည်း လက်မခံနိုင်ဘူးထင်ပါရဲ့..။ သူမမြင်ဖူးခဲ့တဲ့ ကိုယ့်ရဲ့ အခြားသောအခြမ်း ကို သူလက်မခံနိုင်ဘူး။

ရင်ဘတ်ထဲမှာ နာနေတယ်။ ဆုတ်ညှစ်ခံနေရသလို ကြပ်ပြီးနာနေတယ်။ အဲသည် ဆုတ်ညစ်ထားတဲ့ တစုံတရာထံက ဘယ်တော့လွတ်မြောက်မလဲ။