Wednesday, September 24, 2008

သားကလေး ကိုသိန်းတန်


သားကလေးမွေးတော့.. ဆေးရုံမှာ ခင်ရာမင်ရာ မိတ်ဆွေများက လာကြည့်ကြ၊ လာတွေ့ကြပေါ့လေ..။ လက်ဆောင်တွေနဲ့လာကြည့်ကြတော့.. သူကလေးအတွက် အသုံးအဆောင်ပစ်စည်းတွေ အတော်စုံစုံရတယ်။ စောင်တွေ ဘာတွေ အ၀တ်အစား၊ အိမ်သာအိုးကလေးကအစ၊ ပေါင်ဒါဗူးတို့.. ကလေးသုံးပစ်စည်းတွေ ပေါ့..။ အများကြီးမှ အများကြီးကို ရပါတယ်။ ခင်ရာမင်ရာမိတ်ဆွေများ သူငယ်ချင်းများ အားလုံးကို တော်တော်ကျေးဇူးတင်ရပါတယ်။

ကိုယ့်ရုံးကဆို.. ငွေစုထည့်ကြပြီး အသစ်ခန့်ထားတဲ့ကလေးမလေးကို သွားဝယ်ခိုင်းကြတယ်တဲ့။ ရောက်လာတော့.. စုံလိုက်တာမှ ချိုလိမ်ကလေးကအစ၊ လေးဘက်ထောက်သွားတဲ့အရွယ်သုံးဖို့ ဒူးမပွန်းအောင် စွပ်ပေးထားရတဲံအစွပ်ကလေး..၊ လျှာကလေးမှာ နို့ချိုးစွဲရင် မိခင်လက်ညှိုးကလေးမှာ စွပ်ပြီး သန့်စင်ပေးလို့ရတဲံဟာ.. စသဖြင့် စုံစီနဖာ အများကြီး ကို ရောက်လာတာပါ။ ကလေးသေးခံလေးဆို for new born က တစ်ထုတ်၊ သူ့ထက်ကြီးတဲ့ size က တစ်ထုတ်၊ အဲလိုမျိုး.. စေ့စေ့စပ်စပ်တွေးပြီး ၀ယ်လာပေးတာမို့ တော်တော်ကျေးဇူးတင်ရပါတယ်။

ယောက်ခမကတော့ပြောတာတော့.. သားကလေးဟာ အတော်ဒါနများခဲ့တဲ့ကလေးပဲ တဲ့။ သူ့အတွက် အကျီ င်္လေးတွေဆိုတာ ဆန်းဆန်းပြားပြားလှလှပပလေးတွေမှ အရွယ်စုံပါ။ ၉ လအရွယ်လောက်အထိ ထပ်ဝယ်ဖို့တောင် မလိုဘူးဆိုရမယ်။ မေမေကတော့ သူ့အထုတ်နဲ့သူလာတဲ့ကလေးဆိုတာ ဒါမျိုးပဲ.. တဲ့..။

ထားပါလေ..။ အဲလို အလိုလိုနေရင်း သူ့ကုသိုလ်နဲ့ရောက်လာတဲ့ လက်ဆောင်တွေ (အမေတို့အခေါ်အရ.. သူ့အထုတ်) ထဲမှာ မပါခဲ့တာတွေကြောင့် သားကလေးကို အခု နံမည်ပြောင် ကိုသိန်းတန်ကလေးလို့ ခေါ်နေရတယ်။ မွေးတုန်းက အဲကွန်းခန်းထဲမွေးခဲ့ပြီး.. ဆေးရုံမှာ တစ်ပတ်နေခဲ့တြာေ့ကာင့် အိမ်ရောက်တာနဲ့ ပြသနာက သူမနေတတ်တော့တာပါ။ ပူလို့လေ..။ ဒီလိုပဲ အသားကျသွားမှာပါ ဆိုပြီး နေပေမယ့်.. နောက်ပိုင်း နေ့ခင်းဘက်တွေ အရမ်းပူရင် မနေတော့ပါဘူး။ နာဂစ်ကြောင့် အပင်ကြီးတွေကြွသွားလို့ အပူချိန်တိုးတာကြောင့်လဲပါတာပေါ့..။ ချိုချိုစို့တာတောင်မှ.. သူ့ပါးကလေး ကိုယ်ကလေးနဲ့ ကပ်နေတဲ့ အမေရဲ့ ကိုယ်ကို မထိချင်လို့... ချိုချိုကို သွားဖုံးကလေးနဲ့ ဖိကြိတ်ပြီး.. ဆွဲဆွဲယမ်း၊ ကိုယ်ကို လက်ကလေးနဲ့ တွန်းထုတ်... `ချိုချိုပဲ လိုချင်တယ် မေမေ့မလိုချင်ဘူး` ဆိုတဲ့ ပုံစံမျိုး... ပါးနဲ့ ချိုချိုနဲ့ ထိနေတာကို ပူလို့.. ချိုချိုကို ဆွဲဆွဲယမ်းပစ်လိုက်တာများ.. ပိုက်ကြီးလို.. ခပ်ဝေးဝေးထိ အရှည်ကြီးပါလာမယ်မှတ်ပုံပဲ။ ရယ်စရာလည်းကောင်း၊ သနားစရာလဲကောင်းမို့ သူ့အဖေခမျာ မကြည့်ရက်လို့.. အဲကွန်းတပ်လိုက်ရတယ်။ ဒါက ကိုသိန်းတန်ဖြစ်ရခြင်း အကြောင်းတစ်ခုပေါ့..။ နောက် အစားကလေးကလဲ ပုတ်သေးတာကြောင့် .. နို့မှုန့်ဖိုးကလဲ မသေးလှ.. တစ်ဗူး၃သောင်းနို့မှုန့်ကို တစ်လ ၃ ဗူးလောက်စို့နေတာကြောင့် .. ဒါသည်လဲ နောက်ထပ်သိန်းတန်ခြင်းတမျိုး..။ သူ့မွေးတုန်းက ကလေးအထူးကုက ချက်ကြွေရင်လာပြပါ၊ ၁ လပြည့်ရင် လာပြပါ၊ ၄၅ ရက်ပြည့်ရင်လာပြပါ ဆိုပြီး.. ကာကွယ်ဆေးထိုးတွေချိန်းတိုင်းသွားရပါတယ်။ ...ပထမ ကာကွယ်ဆေးတွေက ဒီလောက်မကျတာကြောင့်.. ၄၅ရက်ပြည့်မှာ ပြန်ချိန်းတော့.. အိတ်ထဲမှာ ငွေ ၂ သောင်းခွဲနဲ့ ဆေးခန်းသွားပြမိပါတယ်... ငါးပါးမှောက်တော့တာပဲ။ ဆေးစာရေးပေးပြီး ဆေးယူပြီးပြန်တက်လာခဲ့ပါ ထိုးပေးမယ်ဆိုတော့.. ငွေသွင်းကောင်တာရောက်ပြီး စာအုပ်ကလေးပြပြီး ကောင်မလေးတွက်ချက်တာစောင့်ရင်း ပိုက်ဆံအိတ်ကလေး ထုတ်ခါရှိသေး.. ၄သောင်း ၉ ထောင်အစ်မ ဆိုတော့.. ဟမ်.. ဟမ်.... ဆိုပြီး နားကြားများမှားသလား လန့်သွားပါတယ်။ အတူပါလာတဲ့အဒေါ်ကလဲ ကလေးချီရင်း မျက်လုံးပြူးလို့...။ ၄သောင်းနဲ့ ၉ ထောင်ပါ လို့ ထပ်ပြီး အတည်ပြုတော့မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကျပ်ရိုက်ရပါရော..။ ရောက်ပြီးမှ မထူးဘူး.. ကာကွယ်ဆေးထိုးထားမှ ရောဂါမဖြစ်မှာ.. ကိုယ့်သားလေး စိတ်ချရမှာဆိုတော့.. သူ့အဖေကို ဖုန်းဆက်ပြီး ပိုက်ဆံလာပို့ခိုင်းထားတုန်း ဆေးကို အကြွေးနဲ့ ထုတ်ပြီး ဆေးထိုး ယောက်ျားလာမှ ပိုက်ဆံရှင်ြး့ပီး ပြန်ခဲ့ရပါတယ်။ ဆေးဖို့ရော ဘာရော ပေါင်း ၅သောင်းနဲ့ ၄ထောင်ရှင်းရပါတယ်။ အဲသည်ဆေးက နောက်ထပ် ၂ ကြိမ်ကျန်သေးတယ်တဲ့တော်တို့ရေ..။ တကယ်တော့ အဲသည်ကာကွယ်ဆေးထဲက ဆုံဆို့၊ကြက်ညှာ၊မေးခိုင် (ဆကမ)ရယ်၊ ပိုလီယိုရယ်က စီမံချက်နဲ့ထိုးပေးနေတာရှိပေမယ့် အဲဒါကို တစ်မျိုးတည်း ဆေး ထိုးပေးလိုက်တယ်။ ဟိုမှာ သွားထိုးစရာမလိုတော့ဘူးတဲ့။ နောက်တစ်မျိုးကတော့ ဦးနှောက်အမှေးရောင်ကာကွယ်ဆေး၊ ဟင်း...မ်.....
သားကလေး ကိုသိန်းတန်... ကိုသိန်းတန်..
ခုတော့.. လမကုန်ခင် .. လက်ထဲမှာ တော်တော်လေးတောင် ပြောင်သလောင်တောင်တောင် ဖြစ်နေပြီလေ..။

(ယောက်ျားက မျက်မှောင်ကြီးကုတ်ပြီး.. သည်လိုသာဆို..ပိုက်ဆံမရှိတဲ့ကလေးတွေ ဆို သေရမှာပဲလားတဲ့။ မကျေမချမ်းရွတ်တယ်..။ အဒေါ်က .. ရွာမှာတော့.. ဦးနှောက်အမှေးရောင် ဆို သေကြတာများတာပဲတဲ့။ စီမံချက်နဲ့ ထိုးပေးတာမရှိတော့.. မထိုးကြဘူးပေါ့။ ကိုယ့်ကလေးထိုးထားတော့ ကောင်းတာပေါ့တဲံ။

ဒါပေါ့လေ..။ ကာကွယ်ဆေးအစုံထိုးမထားလဲ.. ကံကောင်းလို့ ဘာရောဂါမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ့။ ကံဆိုးလို့.. တစ်ခုခုဖြစ်၇င် ကလေးသေးသေးလေး ဆိုတာ ကုလို့လွယ်တာမှ မဟုတ်တာ။

ကိုယ်လဲ ဖြစ်နိုင်ရင် ရှိသမျှရောဂါအားလုံးရဲ့ ကာကွယ.်ဆေး ထိုးထားလိုက်ချင်တာ..။ သားကလေးကို ဘာကလေးတစ်ခုမှ နေမထိ ထိုင်မသာမဖြစ်စေချင်ဘူး။ ကာကွယ်ဆေးကို အပ်နဲ့ထိုးရတာတောင် တော်တော်သနားနေရတယ်။ ချစ်လိုက်၇တာ အရူးလိုပါပဲ။

ဒါကြောင့် သားဦး အရူးလို့ ဆိုကြတာဖြစ်မယ်...။)

Monday, September 15, 2008

စပါယ်ရှယ်နာ့စ် ဈေးကွက်

ကိုယ့်သားကလေး မွေးဖွားဖို့ ဆေးရုံတက်တုန်းက ကိုယ့်ရဲ့ နာ့စ်လေးတွေနဲ့ စကားစမြည်ပြောရင်းက သိခဲ့ရတာလေးတွေပါ။

ဆေးရုံပေါ်မှာဆိုရင် နေ့ဂျူတီကို ၃၀၀၀၊ ညဂျူတီကို ၃၀၀၀ ပေးရတယ်။ တစ်ယောက်ကို တစ်ဂျူတီပဲဝင်တယ်ဆိုတော့ ၂ ယောက်ခေါ်ရတာပေါ့။ သူတို့ ၂ ယောက်လုံးနဲ့ ပြောဖြစ်တာလေးတွေပါ။ ပထမတုန်းက ကိုယ်ထင်တာက သူတို့လေးတွေက ဆေးရုံရဲ့ အတည်ဝန်ထမ်းမဟုတ်ဘူးဆိုတော့.. ပေးရှန့်ရှိမှ အလုပ်ရှိမယ်။ အဲသည်တော့မှ ပိုက်ဆံရတယ် ထင်ထားတာ။ သူတို့ကို နေ့တိုင်းငွေရှင်းပေးရတော့ နေ့စားသဘောမျိုးပေါ့။ သည်ဆေးရုံနဲ့ ဘယ်လိုချိတ်ထားတာလဲ.. ဘာညာ မေးမိတာပေါ့။ သူတို့ က သူနာပြုတကသိုလ်ဆင်းမဟုတ်ဘူး။ သားဖွားသင်တန်းဆင်းပေါ့။ သားဖွားသင်တန်းဆင်းတဲ့အခါ အတော်ဆုံး အယောက်၂၀ ကို အဲသလို ဆေးရုံကြိးတွေကရွေးတယ်တဲ့။ ပြီးတော့ ပေးရှန့်ရှိတိုင်းသူတို့ကို ခေါ်တယ်ပေါ့။ သူတို့က နယ်ကတွေလဲ ပါတယ်။ အဆောင်စုငှားနေတဲ့သူကနေတယ်။ ပေးရှန့်က အမြဲရှိလားဆိုတော့.. ရှိတယ်တဲ့။ နားတောင်မနားရဘူးတဲ့။ တစ်ယောက်ကတော့ သဘောကျလို့ အိမ်ခေါ်တာကို မလိုက်လို့ရရင် မလိုက်တော့ဘူးအစ်မရယ်တဲ့။ ဟိုတစ်ယောက်ကို ခေါ်လိုက်ပါတဲ့။ ကျွန်မက ရွာပြန်ဖို့ စီစဉ်ထားပြီးသားမို့ပါတဲ့။ ရွာမပြန်ရတာ တစ်နှစ်လောက်ရှိပြီဆိုတယ်။ အလုပ်တွေ ဆက်တိုက်ရှိနေလို့တဲ့။ ဟယ်.. တယ်ဟုတ်ပါလားပေါ့။
ဆေးရုံမှာဆင်းတဲ့ရက်တွေက တစ်ရက် ၃၀၀၀ ရတယ်။ အိမ်လိုက်ရင် ၆၀၀၀ ရတယ်။ တစ်ခါတစ်လေ..နားချင်ရင် ငြင်းရတယ်တဲ့။ ၀င်ငွေအတော်ကောင်းတဲ့အလုပ်ပါလားလို့ တွေးမိတယ်။ ဒါတောင် သူက ပို့စ်တင်းဝင်ဖို့စောင့်ရင်း လုပ်တာတဲ့။ သူတို့ကလဲ ဆရာဝန်တွေလိုပဲ ၃ နှစ်ပို့စတင်းသွားရတယ်တဲ့။ အဲသလိုသွားမှ ရဂျစ်စတာနာ့စ်ဖြစ်မယ်တဲ့။ (ဆရာဝန်တွေကို ၃ နှစ်လုပ်ပြီး မှ ဆမ ထုတ်ပေးသလိုပေါ့)။ အဲအဲ.. အဲသည် ပို့စတင်းကလဲ ကိုယ်လိုချင်တဲ့နေရာရဖို့ လိုက်ရင် ၁၀သိန်းလောက် ဈေးပေါက်သတဲ့...။ သားဖွားဆရာမနော်..။ သင်တန်းက ၁နှစ်ခွဲ တက်ရတယ်။ ကွန်ပြူတာဘာညာ တတ်စ၇ာမလိုဘူး တစ်လကို ရက်၂၀ လောက်ပဲ အလုပ်လုပ်.. ၆ သောင်းပဲ။ ဒါတောင် ၆၀၀၀နှုန်းနဲ့ အိမ်လိုက်ရတဲ့ ပေးရှန့်တွေ မပါသေးဘူး။ တစ်ချို့တွေဆို ကလေးမွေးပြီး ဆေးရုံကဆင်းရင် ၁ လလောက်လဲ ခေါ်တယ်တဲ့။ တချို့ကတော့ နှစ်နဲ့ချီပြီးတောင်ခေါ်တယ်တဲ့။ တစ်လလုံးခေါ်ရင်လဲ.. အဲသည် ၆၀၀၀ နှုန်းကို ရက်၃၀ နဲ့ မြှောက်လိုက်တာပဲတဲ့။ တချို့ကြာကြာခေါ်မယ့်သူတွေနဲ့တော့ ညှိလို့ရတတ်တယ်တဲ့။ မနည်းတဲ့ ၀င်ငွေပဲနော်...။ ကိုယ့်သူငယ်ချင်းတစ်ယောက်လဲ.. ကလေးကို ဗိုက်ခွဲမွေးထားရတော့ ၁ လခေါ်တယ်လေ..။ နေ့ရော ညရော။ တစ်ရက် တစ်သောင်းကျတာပေါ့။ တစ်လဆိုတော့.. ၃ သိန်း။ ဟုတ်နေတာပဲနော်..။ အဲဒါတွေစုပြီးမှ ပို့စတင်းကျရင် တောမှာ ၃ နှစ်လုပ်ပေးရဦးမယ်။ အဲလို တောမှာ ၃ နှစ်လုပ်ဖို့အတွက်ကို ကိုယ့်မြို့နယ်ထဲက ရွာတွေပြန်ကျဖို့အတွက်ဆို ၁၀သိန်းလောက်ပေးရတယ်ဆိုတာကို အံ့သြလို့ မဆုံးဘူး။

သူနာပြုတွေတောင်မှ သူတို့လောက် ဈေးကွက်ရှိမယ်မထင်ဘူး။ ခုခေတ်က ကလေးမွေးရင် ဗိုက်ခွဲမွေးကြတာများတော့ သူတို့ကိုလဲ အိမ်အထိ တစ်လလောက်အနည်းဆုံးခေါ်တဲ့သူတွေချည်းပဲ။ (ကိုယ်တို့ကတော့ အဲလောက်လဲ မတတ်နိုင်သလို
ကိုယ့်အဒေါ်တစ်ယောက်လုံးလဲရှိနေတာမို့.. လိုလဲမလိုလှဘူးလေ... ။ဒါတောင် တစ်ပတ် ခေါ်ဖြစ်လိုက်သေးတာကိုး။)
လုပ်ရတဲ့အလုပ်ကလဲ မပင်ပန်းလှပါဘူး။ မနက် ၇ နာရီအိမ်ကို ရောက်လာတယ်။ သားလေးကို သန့်စင်ပေးတယ်။ အမေကို ရေပတ်တိုက်ပေးတယ်။ ဗိုက်ကချုပ်ရိုးကို အရက်ပျံနဲ့သုတ်ပြီး ဗိုက်စည်းစည်းပေးတယ်။ ပြီး အမေက နို့တိုက်ရတယ်။ သူကထိုင်စောင့်ရုံပဲ။ သားအိပ်သွားရင် ပုခက်ထဲ ပြောင်းထည့်ထားလိုက်တယ်။ သူက အနားက ခုံမှာ စာအုပ်လေးဖတ်ပြီး ထိုင်စောင့်။ သေးပေါက်လိုက်ရင် အနှီးလေးထလဲ..။ ဒါပဲလုပ်ရတယ်။ ကလေးက တချိန်လုံးအိပ်နေတာဆိုတော့ သူလဲ ထိုင်နေရတာပါပဲ။ ကိုယ်ကလဲ ဗိုက်ခွဲထားတော့ ငြိမ်ငြိမ်လေးနေရတာပဲ။ ကိုယ့်လက်နဲ့ကိုယ် စားနိုင်သောက်နိုင်ပဲဆိုတော့ .. ည ၇ နာရီဆို ပြန်တယ်။ အဲဒါ ၆၀၀၀ ပဲ။ သူတို့ဈေးကွက် မဆိုးဘူးနော်..။

ဓမာ သောက အင်းဝ ရာဇာ

ယုံကြလားတော့မသိဘူးနော်.. မြန်မာ အဆိုတွေလေ..
ဓမာ သောက အင်းဝ ရာဇာ ဆိုတာရယ် ဥသာ စိန်ပန်း ဒန်းလှ ကို ရှာ ဆိုတာရယ်ပေါ့။

အဲသည် အဆို ၂ ခု အရ ဆိုရင် .. ကိုယ်က ကြာသပတေးသမီးလေ။ သည်လိုဆိုရင် စနေသား အိမ်ထောင်ဘက်ကို ရှောင်ရမယ်။ ´ဓမာ´ ဆိုတာကိုး။
နောက်ပြီး စိန်ပန်း ဆိုတဲ့အတွက် ကိုယ်က အင်္ဂါသား အိမ်ထောင်ဖက်ကို ရှာရမယ်ပေါ့။

အဟက်.. ဘယ်သူက ရည်းစားထားခါနီး ဘာနေ့သားပါလိမ့် .. ငါနဲ့ ကြိုက်လိုက်ရင် နေ့နံ တည့်ပါ့မလား တွေးခဲ့မတုန်းနော်..။ ဒုက်ခ။ အိမ်ထောင်ပြုမယ်ဆုံးဖြတ်မှ.. ဟယ် .. စနေသားကြီးတော့.. ငါနဲ့ မတည့်ဘူး။ တော်ပြီ တော်ပြီ ဆိုလို့ ရမလားနော်..။ သည်တော့ အဲသည် မတည့်တဲ့နေ့နံ စနေသားကြီးကို ဘာမှ ဂရုမစိုက်ဘဲ ယူခဲ့တာပေါ့..။

ပြောရဦးမယ်..။ သားကိုဗိုက်ခွဲမွေးလိုက်ရတာဆိုတော့.. ကိုယ်က ဗိုက်ချုပ်ရိုးကိုလည်း ဂရုစိုက်ရဦးမယ်။ သားကိုလည်း ဂရုစိုက်ရဦးမယ်ဆိုတော့.. အညာက မေမေ့ရဲ့ ညီမ (ကိုယ့်ရဲ့ အဒေါ်) ပင်စင်ယူထားတဲ့ သားဖွားဆရာမ က လာနေပေးပေမယ့် သားအဖေက ဆေးရုံက စပါယ်ရှယ်နာ့စ်ကိုလဲ အနည်းဆုံး ၁ ပတ်လောက်တော့ ခေါ်ပါ ဆိုလို့ .. ဆရာမ အိမ်ခေါ်ဖြစ်တယ်။ ဆေးရုံမှာတုန်းက တစ်ဂျူတီကို ၃၀၀၀ နဲ့ နေ့တစ်ယောက် ညတစ်ယောက် ဆိုတော့ ၆၀၀၀ ကျတယ်။ အိမ်ခေါ်ရင် ၂ ဆပေးရတယ်တဲ့။ တစ်ဂျူတီကို ၆၀၀၀ ပေါ့..။ ၂ ယောက်လုံးခေါ်ရင် တစ်ရက်ကို ၁၂၀၀၀ သေရချည်ရဲ့နော်..။ အဲဒါနဲ့ သူ့အဖေ ခေါ်စေချင်ရင်လည်း ခေါ်တာပေါ့။ ညဘက်ဆိုရင် ဆရာမအတွက်လည်း နေစရာစီစဉ်ပေးရတာ ဘာညာနဲ့ .. နေ့ဆရာမပဲ ခေါ်မယ်ဆိုပြီး တစ်ယောက်ကို အိမ်ခေါ်ပါတယ်။ မနက် ၆ နာရီက နေ ညနေ ၆နာရီအထိပေါ့။
ကိုယ်လိုချင်တာက နေ့ဘက်ဆင်းတဲ့တစ်ယောက်။ ဒါပေမယ့်သူကလဲ ရွာပြန်ဖို့ စီစဉ်ထားပြီးသားဆိုတော့ ညဘက်နာ့စ်ကိုပဲ နေ့ဖက် အိမ်မှာလာဆင်းပေးဖို့ ခေါ်ရတယ်။ (သူတို့တွေရဲ့ လောကအကြောင်းလဲ နောက်ပြောပြပါဦးမယ်။ ) ထားပါတော့..။ တကယ်ပြောချင်တာက အဲသည်နာ့စ်မက အိမ်မှာ စကားစမြည်ပြောရင်း ကိုယ့်ကိုဘာပြောလဲဆိုတော့.. အစ်မက ဘာနေ့သမီးလဲ တဲ့။ ကြာသပတေးပါ ဆိုတော့.. ကလေးအဖေက ဘာနေ့သားလဲတဲ့။ စနေလေ ဆိုတော့.. မချောကဘာပြောလဲဆိုတော့ `ဟယ်.. အဲဒါမကောင်းဘူး။ မတည့်ဘူးလေ။ စီးပွားမတက်ဘူးတဲ့။´ စီးပွားမတက်ဘူးလို့ ပြောချလိုက်ပါတယ်။ ကိုယ့်မှာ.. စိတ်ထဲက တော်တော် တင်းသွားပေမယ့်.. သားရဲ့ဆရာမ ဆိုတော့.. ပြုံးပြုံးလေးပဲ.. `ဟုတ်လား..။ အစ်မတို့ကတော့ အဲလို အယူတွေ မရှိပါဘူး` လို့ပဲ ပြောလိုက်ရတယ်။ ဒုက်ခနော်..။ အားအားယားယား.. သူများအိမ်မှာ မဟုတ်တာတွေလာပြောနေတယ်။

နောက် မေမေ့သူငယ်ချင်းများလာလည်ကြတယ်။ ဘွားတော်ကြီး ၂ ယောက်ပေါ့။ (ဖေဖေမြစ်ကြီးနား တာဝန်ကျတုန်းက ခင်ခဲ့မင်ခဲ့ကြတဲ့.. ဘာကတော် ညာကတော် ဟောင်းကြီးများပေါ့လေ..) ခုတော့ ပင်စင်တွေယူပြီး ရန်ကုန်ရောက်ကြတော့ အရမ်း ခင်မင်နေကြတာ။ သူတို့ကလာလည်တော့.. သားက ဘာနေ့သားလဲ တဲ့။ ဗုဒ်ဟူးပေါ့။ အဖေက စနေ ဆိုတော့.. ဟာ သိပ်ကောင်းတာ။ ဗုဒ်ဟူးနဲ့ စနေက ဘာဆိုလား။ အဆိုလေး တစ်ခုနဲ့ ပြောတာပါပဲ။ အရမ်းစီးပွားတက်မှာ တဲ့။
ဟုတ်လား အန်တီရယ်..။ သမိးကတော့ ကြသပတေး။ ဟိုဆရာမလေးကတော့ အဲလိုပြောသွားတာ လို့ ပြောမိတော့.. အမလေး သမီးရယ်.. ။ အဲဒါမှ ကို စီးပွားတက်တာတဲ့။ အန်တီနဲ့ မင်းအန်ကယ်နဲ့ဆို စနေနဲ့ ကြာသပတေးလေ..တဲ့။ ယူပြီးတာနဲ့ စီးပွားတွေ တက်လိုက်တာ... အရမ်းပဲတဲ့။
ဥစာ လို ရန်ဂြိုဟ်ရှာ တဲ့.. သမီးရဲ့။ ရန် ဂြိုဟ် နဲ့ ယူမှ စီးပွားတတ် တာ။ လူတွေက မသိလို့တဲ့။
သမီးတို့် လေ.. ကိုယ်ပိုင် တိုက် ကိုယ်ပိုင်ကားနဲ့ ကို ကြီးပွားကြဦးမှာတဲ့...။
အားရစရာကြီးနော်...

ဘာက အမှန်လဲ တော့မသိဘူး။ ကိုယ်က တော့ စီးပွားတတ်မယ်ပြောတာကို သဘောအကျဆုံးပဲ။ အဲဒါကိုပဲ အတည်ယူတော့မယ်။
ဟီဟိ။






Tuesday, September 2, 2008

သားကလေး မွေးဖွားခြင်း အကြောင်း

သားကလေးကို ၆ ရက်နေ့က ဗိုက်ခွဲပြီးမွေးလိုက်ရတယ်။ အဲသည်နောက် အွန်လိုင်းမလာဖြစ်ခဲ့တာ ခုထိပဲ။ ဒီနေ့ သားကလေး ၂၇ ရက်မြောက်နေ့ပေါ့။ နို့တိုက်ပြီး သိပ်ထားခဲ့တယ်။ အခု အိမ်နားက အင်တာနက်ဆိုင်ကနေ ၀င်နေတာ။ အခု ပဲ အိပ်နေတဲ့ သားပုံလေးရိုက်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်စရာကောင်းလာတဲ့သားကလေးပေါ့။


ရိုးရိုးမွေးဖို့ ရည်ရွယ်ထားပေမယ့်လဲ အိုဂျီက စမ်းသပ်ကြည့်တော့ ချက်ကြိုးလျှောနေတယ်တဲ့။
ရိုးရိုးမွေးတဲ့အထိစောင့်လိုက်ရင် အနရယ်ရှိတယ်ဆိုတာကြောင့် ခွဲမွေးလိုက်ရတယ်။
၅ရက်နေ့က စမ်းသပ်ကြည့်ပြီး ၆ ရက်နေ့ သြဂတ်စ် မနက် ၅ နာရီမှာ ခွဲမွေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အတွက် (အိုဂျီက ဆုံးဖြတ်တယ်ဆိုပေမယ့် သဘောတူလားမေးပါသေးတယ်။ မတူလို့မှမရတာနော်.. ကလေး အနရယ်ရှိတယ်ဆိုတော့.. ဟုတ်ကဲ့။ တူပါတယ်ပေါ့။) ၅ ရက်နေ့ ညနေ ၄ နာရီက စလို့ ဘာဆိုဘာမှ မစားရ။ရေလည်း မသောက်ရ။ နောက် ညဘက်ကို ၀မ်း ၂ ကြိမ်ချူရသေးတယ်။
မနက် ၃ နာရီလောက်ကျတော့.. နာ့စ်က နှိုးပေးပြီး သန့်ရှင်းရေးလုပ်ပေး၊ ခွဲစိတ်ခန်းဝင်တဲ့ ၀တ်စုံကြီးလဲ ပေး.. နောက် ဆေးတည့်မတည့်စမ်းတဲ့အနေနဲ့ ဆေးလာထိုးသေးတယ်။ ယောက်ျားက ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပေးထားသေးတယ်။
ခွဲခန်းဝတ်စုံစိမ်းကြီးနဲ့ အမှတ်တရပေါ့လေ...။ နောက် လမ်းလျှောက်လို့ရရက်သားနဲ့ တွန်းလှည်းနဲ့ လာခေါ်သွားပါတယ်။ ကိုယ်ကလဲ အကောင်းကြီးကို တွန်းလှည်းနဲ့ လာခေါ်တော့.. ကိုယ့်ဟာကိုယ် လျှောက်လို့မရဘူးလားဆိုတော့ မရဘူးတဲ့..။ အဲသလိုနဲ့ ယောက်ျားနဲ့ အမေနဲ့ကို တာ့တာပြပြီးခွဲခန်းဆီကို ပါသွားပါလေရော.. ။တကယ့်တကယ်ကြီးကျတော့ ကိုယ့်နား ဘယ်သူမှ မပါဘူး။ ကိုယ်တစ်ယောက်တည်းရင်ဆိုင်ရတာပါပဲ။ ကြောက်တော့ကြောက်မိတယ်။ လက်ကိုလဲ ဆေးသွင်းတယ်။ ခွဲကုတင်ပေါ်ရောက်တော့.. လက်တစ်ဖက်က ဆေးသွင်း။ တစ်ဖက်က ဟိုဟာဒီဟာတွေ ညှပ်ပေါ့လေ..။ ကိုယ်လဲ တစ်ထိတ်ထိတ်နဲ့ ဘာက ဘာလုပ်နေမှန်းမသိတော့ဘူး။ နောက်တော့ လူကို တစ်ဖက်စောင်းပြီး ကွေးခိုင်းထားရာကနေ ကျောအဆစ်ရိုးထဲကို ထုံဆေးထိုးထည့်လိုက်တယ်။ ထိုးပြီးလို့ ပက်လက်အနေအထား ပြန်ပြောင်းလိုက်တဲ့အချိန်မှာပဲ အောက်ပိုင်းတစ်ခုလုံးထုံသွားတော့တယ်။ နောက် ကိုယ့်မျက်လုံးကိုလည်း အုပ်လိုက်တယ်။ ဗိုက်ကို ဆေးတွေသုတ်နေတာတို့ ခွဲတာတို့ကို သိနေပေမယ့် ထုံတုံတုံနဲ့ မနာဘူး။ ကလေးကို ဆွဲထုတ်လိုက်တော့ အိုဂျီရဲ့ အသံကိုကြားရတယ။် ကလေးက မျက်နှာဖုံးလေးနဲ့တော့တဲ့။ ၀ါးခနဲ အော်ငိုတဲ့ကလေးသံလဲ ကြားရတယ်။ ကိုယ်က မေ့ချင်သလိုလို အိပ်ချင်သလိုလိုဖြစ်လာရင်းက မျက်နှာဖုံးဆိုတာဘာလဲ လို့ လှမ်းမေးလိုက်မိတော့... အရေပြားအဖုံးကလေးပါတာ။ သိမ်းထားဖို့ယူမလားတဲ့။ ကိုယ်လဲ ဘာမှန်းမသိတာနဲ့ ဟင့်အင်းလို့ ဖြေပြီး.. အိပ်ပျော်သွားတော့တယ်။ သတိပြန်ရလာတော့ အခန်းကိုပြန်ရောက်နေပြီး တအားတအားကို ချမ်းနေတယ်။ စောင်တွေနဲ့ ၀ိုင်ုးခြုံပေးနေတာသတိထားမိတယ်။ ကလေးကို ၀ိုင်းကြည့်ပြီး စကားပြောနေတဲ့အသံတွေလဲ ကြားနေရတယ်။ ကိုယ့်ယောက်ျားက သူဘာလို့ အဲလောက်ချမ်းနေတာလဲ လို့ မေးတဲ့အသံလဲကြားတယ်။ မေ့သလိုလို သတိရသလိုလို နဲ့ ခိုက်ခိုက်တုန်ချမ်းတာပဲ သိတော့တယ်။ ကောင်းကောင်းသတိလည်လာတဲ့အချိန်မှာ ကိုယ့်အစ်မလတ်နဲ့ အမေနဲ့က ကိုယ့်ခြေထောက်တွေကို ဆုပ်ဆုပ်ပြီး နှိပ်ပေးနေတယ်။ ထုံနေရာကနေ တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ချမ်းတာလဲ နည်းနည်းလျော့သွားတယ်။ ကလေးလေးကို ကိုယ့်နားလာပို့ပြီး နို့စမ်းတိုက်ကြည့်ကြတယ်။ သားလေးက အနှီးထုတ်ကလေးနဲ့.. မျက်လုံးလေးတွေဖောင်းအစ်အစ်နဲ့ နီတာရဲကလေးရယ်။

ပထမဆုံးနို့ရည်စတိုက်ကြတယ်။ သားကလေး ပထမဆုံးစသင်ယူရတဲ့အတတ်ပညာပဲ။ ပထမဆုံးဆိုတော့. နို့ရည်ကြည်လေးနည်းနည်းပဲ စထွက်တယ် ..။ နို့ဗူးလေးဖျော်တိုက်ရတယ်။ ကိုယ်ကတော့ အိပ်ယာပေါ်မှာ ခေါင်းအုံးမပါဘဲ ပက်လက်။ ခေါင်းလည်းမလှုပ်ရဘူး တကိုယ်လုံးမလှုပ်ရဘူး။ ဘာမှ မစားရမသောက်ရဘူး။ ၂၄ နာရီပြည့်မှ ပဲ ရေစသောက်ရတယ်။ ခေါင်းအုံးစအုံးရတယ်။

ကလေးလေးက ကျန်းကျန်းမာမာနဲ့ အသားဝါမပါလာဘူးဆိုပြီး ၀မ်းသာနေတုန်း ၅ ရက်မြောက်နေ့မှာ နည်းနည်းဝါချင်သလိုလို ဖြစ်နေလို့ မီးပြရသေးတယ်။ သားလေးက အော်အော်ပြီးငိုတယ်။ အနှီးလေးနဲ့ ပတ်ထား၊ လူက ပွေ့ထားပိုက်ထားမှ နေတတ်သေးတဲ့ သားကလေးကို ကိုယ်တုံးလုံးကလေး မီးချောင်းအောက်မှာ ထားရတော့.. သူလန့်တာပေါ့... လွတ်လွတ်ကြီးဖြစ်နေတော့ ကြောက်ပြီး ငိုရှာတယ်။ သူ့ကို သနားလို့ ကိုယ်ပါငိုရတယ်။

၇ ရက်မြောက်နေ့မှာတော့ ကလေးအထူးကုက ရပါပြီ။ ဆင်းလို့ရပြီဆိုတော့ .. ၁၂ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့တယ်။ မဆင်းခင် သူ့ရဲ့ ဒေးနဲ့ နိုက်ဆရာမလေး၂ ယောက်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ်။



ဒါကတော့ ဆေးရုံရောက်ြ့ပြီး မှတ်တမ်းတင်ထားတဲ့ပုံပါ။ သားကလေးကို ခွဲမထုတ်ခင် အမှတ်တရပေါ့။


ဆေးရုံပေါ်နေစဉ် တစ်ပတ်မှာ သားအဖေက ညည ရုံးကနေပြန်လာပြီး ကလေးထိန်းတယ်လေ...။ သူကလေးချီပြီး ချော့နေတဲ့ပုံသဘောကျလို့ ကုတင်ပေါ်ကနေ လှမ်းရိုက်ထားတာ။

ဒီနေ့ သားကလေး ၂၇ ရက်မြောက်နေ့ပေါ့။ နို့တိုက်ပြီး သိပ်ထားခဲ့တယ်။ အခု အိမ်နားက အင်တာနက်ဆိုင်ကနေ ၀င်နေတာ။ အခု ပဲ အိပ်နေတဲ့ သားပုံလေးရိုက်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်စရာကောင်းလာတဲ့သားကလေးပေါ့။