Thursday, April 26, 2007

Feeling 29

မနက်ဖြန်ဆိုရင် ကိုယ့်ရဲ့ ၂၉ နှစ်မြောက် မွေးနေ့ပါ...။

ဘာလိုလိုနဲ့ သည်ကမ္ဘာကြီးထဲမှာ ကိုယ်နေထိုင်လာခဲ့တာ ၂၉နှစ်ရှိခဲ့ပြီ..။

ကဲ နေထိုင် လာ ခဲ့တဲ့ ၂၉ နှစ်ခဏလောက် ရပ်ပြီး သုံးသပ်မကြည့်သင့်ဘူးလား..။

နောက်တစ်ရက်ကို ကူးပြီးရင် ၃၀ ထဲကိုရောက်ပြီ..။ ဖြတ်သန်းခဲ့တဲ့ ဘ၀ကို ကျေနပ်သလား..။ ကိုယ်ကျေနပ်သည်ဖြစ်စေ.. မကျေနပ်သည်ဖြစ်စေ.. သည်ခရီးကတော့ ဆက်လျှောက်နေရဦးမှာ..။

မြင့်သန်းစာတွေထဲမှာ သူမကြာခဏရေးခဲ့တဲ့ စကားလုံးအချို့ကို သတိရမိသေးတယ်..။

ပစ်ချခံထားရသော ဘ၀ တွင် တဲ့..။ ကိုယ်တို့ကို ဘယ်သူကများ ဟောသည်ကမ္ဘာထဲ ပစ်ချလိုက်ပါသလဲ..။

ကိုယ့်ရွေးချယ်မှုမပါဘဲ.. လူဖြစ်လာရတဲ့

လူဖြစ်ဖို့ ကိုယ်တို့ရွေးချယ်ခဲ့သလား..။

ကိုယ့်အသက် ၁၀ နှစ်လောက် က ကမ္ဘာကြီးကို တအံ့တသြစူးစမ်းတတ်တဲ့ ကလေးမလေး တစ်ယောက် အဖြစ် .. အသစ်အသစ်တွေ သင်ယူရင်း..နောက်ထပ် ၁၀ နှစ်ကို ဖြတ်သန်းခဲ့တယ်..။

ကိုယ့်အသက် ၂၀ မှာတော့.. သည်ကမ္ဘာကြီးထဲမှာ တစုံတယောက် တော့ ဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့.. ဘ၀ကို ကြိုးစားရုန်းကန် ရင်း ဖြတ်သန်းလာခဲ့တာ. .ခု ဆို ၉ နှစ်..။ တစုံတယောက် ဖြစ်ပြီလား..။

Sunday, April 22, 2007

Behave!!!

မနေ့က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း သူကိုယ်နဲ့ စကားပြောရာမှာ စကားလုံးတိုင်းကို သတိထားနေမှန်း ခံစားသိရှိလိုက်ရတဲ့အခါ ပြောနေတဲ့အကြောင်းအရာကို မေ့သွားပြီး.. တွေးနေမိတယ်..။

ကိုယ်ကရင်းနှီးတဲ့သူတွေနဲ့ဆိုရင်.. စကားလုံးတွေကို အကျလိုက်ကောက်ပြီး ချောင်ပိတ်တတ်တယ်..။ ဘာ့ကြောင့်မှန်းမသိ.. သူတို့ကို စိတ်ဆိုးနေတာမဟုတ်ပါဘဲ.. ကိုယ်က သက်သက် ဒုက်ခပေးချင်နေမိတယ်ထင်တယ်..။

အခုသူက အဲဒါကို ကြိုသိနေပြီး.. စကားကိုမမှားစေရအောင်.. လှလှပပလေး အပေါက်မပါအောင် ဆငိပြီး ပြောနေတယ် ဆိုတာကို သတိထားမိသွားတော့.. သူနဲ့ စကားဆက်မပြောချင်လောက်အောင် ကိုယ်က အဝေးကြီးကို ရောက်သွားတော့တယ်..။ စိတ်မကောင်းလည်း ဖြစ်မိတယ်..။

လူတိုင်းကိုတော့ ကိုယ်က အဲလိုလုပ်လေ့မရှိဘူးထင်ပါရဲ့.. ။ကိုယ်မှတ်မိသလောက် ကိုယ့်စိတ်ထဲ ရင်းရင်းနှီးနှီး ခင်မင်လို့ရတဲ့သူတွေကို ကိုယ်က လိုက်ရစ်မိတယ် ထင်ပါရဲ့..။

တစ်ခုခုပြောလိုက်ရင် အဆိုးဆုံးရှုထောင့်က အရင်ကြည့်ပြီး တုံ့ပြန်မိတတ်တာ.. ဂရုစိုက်ခံရမှု ပိုလိုချင်တဲ့ စိတ်နဲ့များလား..။

တော်တော်ဆိုးပါတယ်..။

တော်တော့်ကို ဆိုးပါတယ်..။

ကိုယ်ခုထိ လူကြီးမဖြစ်သေးပါ..။

အများကြီးပြုပြင်ရဦးမယ်..။

အပေါင်းအသင်း မိတ်ဆွေတွေနဲ့.. ခင်ခင်မင်မင်ပွင့်ပွင့်လင်းလင်း ရင်းနှီးစွာ ပြောဆိုဆက်ဆံရတာကို ကိုယ်ကပိုနှစ်သက်ပါတယ်..။ ဒါပေမယ့်.. အထက်က ကိုယ့်ရဲ့ ဆိုးသွမ်းရိုင်းပျမှုများကြောင့်.. သူများက သတိကြီးစွာ ကိုယ့်ကို ဆက်ဆံနေရတဲ့ အခါ .. ခင်မင်မှုဟာ.. ရိုးရှင်းမနေတော့ဘဲ.. အလွှာတောင့်တောင့်ကြီးတစ်ခု ခံနေသလိုလို ခံစားရတယ်.. အဲသည်အလွှာကြီး က အရိုအသေပေးမှုလား.. ချောင်ပိတ်မေးခွန်းထုတ်မခံရအောင်.. သတိကြီးစွာထား သုံးနှုန်းရသော အသုံးအနှုံန်းတွေကြောင့်လားမသိ.. လူနှစ်ယောက်ကို စကားပြောလို့မရနိုင်တော့လောက် အောင် အဝေးကြီး ကို တွန်းပို့လိုက်သလိုပဲ..။ ကိုယ်နဲ့ စကားပြောဖို့.. တွန့်ဆုတ်ရတာ..။ ကိုယ့်ကို တွေ့ဖို့ တွန့်ဆုတ်ရတာ.. ဒါတွေဘာကြောင့်လဲ ဆိုတော့ ကိုယ်ကသိပ်ကို ရိုင်းလို့ဖြစ်မှာပဲ..။ အရိုင်းမခံရအောင် တစ်ဖက်က ကြိုတင် ခုခံထားမှုတွေ လိုမှာ ပေါ့..။ ဒါမှမဟုတ်.. ကိုယ်က ကြံဖန်နာတတ်တော့.. ကိုယ်မနာရအောင် အနူးညံ့ အယဉ်ကျေးဆုံးတွေ ရွေးပြောရတော့ မှာ ပေါ့..။

ဒါကြီးကို ကိုယ်ကသည်းညည်းခံလို့မရ..။

Friday, April 20, 2007

Past has passed.

သူပြန်ရောက်နေပြီတဲ့လေ...။

သူဆိုတာ ကိုယ့်ရဲ့ ချစ်သူဟောင်းပေါ့..။ ၁၉၉၇ ခုနှစ်ကနေ.. ၂၀၀၅ ခုနှစ်အထိ ချစ်သူတော်စပ်ခဲ့ဖူးကြတဲ့ ကိုယ့်ရဲ့ ချစ်သူဟောင်းပေါ့..။

ကိုယ်တို့တွေ စတင်ဆုံဆည်းကြတုန်းက သူက ၁၈နှစ် ကျော်စ ကောင်ကလေး တစ်ယောက်..ဆံပင်ကောက်ကောက်ရွှေရောင် အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဘိုဆန်ဆန် ကောင်ကလေးပေါ့..။ အင်္ဂလိရှ် စပိကင်းသင်တန်းတစ်ခုမှာ သူက သဘောင်္တက်ဖို့ လာပြီး သင်တန်းတက်နေတဲ့ ကောင်ကလေး..။ ကိုယ်က အဲသည်သင်တန်းမှာ အကူဆရာမလေး..။ အဲသည်တုန်းက ကိုယ့်အသက်က ၁၉။

မာဆက်ဆက် နဲ့ ပညာကိုပဲအာရုံစိုက် တိုးတက်လမ်းကိုပဲ ရှာဖွေနေခဲ့တဲ့ ကိုယ်၊ သင်တန်းချိန်မှာ စာပြ၊ ကျန်တဲ့အချိန်မှာ အလုပ်ရှာရင်း သင်တန်းတွေ တက်ရင်း..စာအုပ်တွေထဲမှာ မြုပ်နေတတ်တဲ့ ကိုယ့်ကိုမှ အဲသည်ကောင်ကလေးက စိတ်ဝင်စားခဲ့လေသတဲ့..။ အဲသည်တုန်းက ကိုယ်ဟာ တကယ့်ကို နယ်က တက်လာတဲ့ ပုံမလာပန်းမလာ..။ ထမီတရွတ်ဆွဲအရှည်ကြီးနဲ့..(ဘ၀မှာ ဖြစ်ချင်တာမဖြစ်ခဲ့ရလို့.. အတင်းမာန်တင်းရင်း တခြားလမ်းစရှာဖွေနေရသူမို့ ကိုယ်ဟာ အမြဲမှုန်ကုပ်ကုပ်..၊ အာခီတက်ဖြစ်ချင်လှတဲ့ကိုယ်ဟာ ၁၀ တန်း အမှတ်စာရင်း အရ ဖြစ်ခွင့်မရခဲ့လို့ လမ်းစပျောက်ခဲ့ရသေးတယ်လေ..။)

အဲသည်တုန်းက အဲသည်ရွှေရောင်ဆံပင်နဲ့ ကောင်ကလေးက ဘယ်သူကမှ စိတ်ဝင်စားလို့ မရလောက်အောင်.. ထင်ပေါ်မှုမရှိ မှုန်ကုတ်ကုတ်၊ ပုံခပ်တုံးတုံးကိုယ့်ကို သူများတွေ မယုံနိုင်လောက်အောင် အသည်းအသန် ချစ်ခဲ့တယ်..။

ကုမ္ပဏီတစ်ခုမှာ ကိုယ်အလုပ်ရသွားလို့ ကျောင်းမှာ မလုပ်တော့တဲ့အခါ.. မနက် မနက် ကိုယ်သွားမယ့်လမ်းထိပ်ကနေ.. နှင်းဆီနီ တစ်ပွင့် နဲ့ စောင့်ကြို နေတတ်ခဲ့တယ်..။ မနက် ၆နာရီခွဲ ဆိုရင် ကိုယ်နိုးပြီ..။နိုးနိုးချင်း အဆောင်ရဲ့ ၀ရန်တာကနေ.. ပြေးထွက်ကြည့်လိုက်ရင် အောက်မှာ နှင်းဆီတစ်ပွင့်နဲ့ ကိုယ်တို့ အဆောင်ဘက်ကို လှမ်းမော့ငေးနေတတ်တာ.. မြင်တွေ့ရစမြဲ..။ ဘယ်သူ ထင်ခဲ့မှာလဲကွယ်.. ကိုယ့်ကို အကြီးအကျယ် စိတ်မချမ်းမြေ့မှုတွေနဲ့ ရက်စက်မယ့် သူရယ်လို့..။

ကိုယ်ဖြူဆိုရင် တစ်လောကလုံးက မည်းနေပါစေ.. လိုက်ဖြူတတ်ခဲ့သူ.. ။ အစစ ကိုယ့်ကို ဂရုစိုက်လွန်းခဲ့သူ...။ သည်လိုတွေကြောင့်..သူ့ကို ကိုယ်ကလက်ခံခဲ့မိတာ ..ကိုယ့်ရဲ့အတ္တကြောင့်လည်း ပါခဲ့တာ မငြင်းလိုပါ..။

သူက သဘောင်္တက်သွားခဲ့တဲ့အခါ.. ဘယ်လိုပတ်ဝန်းကျင်တွေမှာ သူ့စိတ်ဓာတ်တွေ၊ နူးညံ့သောချစ်ခြင်းတွေ၊ အမူအကျင့်တွေ ဘယ်လိုတွေ ပြောင်းကုန်ခဲ့တယ် ဆိုတာ.. နောက်ထပ် ၃နှစ်ခွဲကြာမှ ကိုယ်တို့ ပြန်တွေ့ကြရတဲ့ အခါမှ ကိုယ်တွေးမိခဲ့ရတာ..။ သည်နှစ်တွေမှာ သူကသီးခြားပုံစံတစ်ခုနဲ့ ကြီးပြင်းရင့်ကျက်ခဲ့ပြီး ကိုယ်ကလည်း သီးခြားပုံစံတစ်ခုနဲ့ ရင့်ကျက်ခဲ့ရတယ်..။ တစ်နှစ်တစ်ကြိမ် လူချင်းပြန်လည်ဆုံဆည်းခဲ့ကြရတဲ့ အချိန်တိုင်းဟာ ကိုယ်တို့အတွက် ကြည်နူးစရာအချိန်ခပ်နည်းနည်း နဲ့.. သဘောထားချင်း မတိုက်ဆိုင်လို့.. စကားများငြင်းခုန်ရတာတွေကခပ်များများ...။ နောက်တော့ ကိုယ်တို့နှစ်ယောက်ကြားမှာ တတိယလူပေါ်လာခဲ့ရာက အပြီးတိုင်ပြတ်စဲဖို့ ဖြစ်လာခဲ့တော့တယ်လေ..။

ချစ်သူတစ်ယောက်အဖြစ်သာသူ့ကိုလက်ခံခဲ့တဲ့ ကိုယ့်ထက်.. သူစွဲလန်းစပြုပြီး လက်ထပ်ဖို့အရေးကို ကိုယ်နဲ့ ယှဉ်ပြီးတောင် စဉ်းစားရတဲ့ သူနဲ့ အတူနေ မိန်းကလေး တစ်ယောက်သူ့မှာ ရှိနေခဲ့မှန်း.. ၃ နှစ်လောက် ကိုယ်မရိပ်စားခဲ့မိတာ.. ကိုယ်ညံ့ဖျင်းလွန်းလို့သာ ဖြစ်ခဲ့မှာပါ.။ မယုံကြည်နိုင်လောက်စွာ သူ့ကို အံ့သြတကြီးဖြစ်ခဲ့ရတယ်..။

အဲသလိုတွေ မပြတ်နိုင်မစဲနိုင်ဖြစ်ပြီး ကိုယ်နဲ့လက်ထပ်ဖို့အရေး တွန့်ဆုတ် တွေဝေသွားခဲ့တဲ့ သူက သူ့ဟာသူလည်း နောင်တရရပါသတဲ့လေ..။ တကယ်လို့ ကိုယ်ကသာ သူနဲ့ စကတည်းက အတူနေခဲ့လိုက်ရင် အဲသည် မိန်းကလေး သူ့ဘ၀ထဲကိုတောင် ၀င်လာနိုင်မယ် မဟုတ်ဘူးတဲ့..။ ယောက်ျားသဘာဝကို မင်းကမှ နားလည်မပေးနိုင်ခဲ့တာ .. ခုမှ တော့ လွန်ကုန်ပြီ..တဲ့..။

ကိုယ့်ရဲ့ နာကျည်းရှုံးနိမ့်ရတဲ့ ခံစားချက်ဟာ ပူလောင်စူးရှလွန်းလို့.. မျက်ရည် တောင် ကျလို့ မရလောက်အောင်.. ဘာအလုပ်မှ ဆက်မလုပ်နိုင်အောင်.. ကိုယ့်ရဲ့ လူတစ်ယောက်အဖြစ်လှုပ်ရှားသွားလာမှုတွေ... တက်လက်စ သင်တန်းတွေ.. ဖြေရမယ့်စာမေးပွဲတွေ..။ အို.. အဲသည်ကာလမှာ ကိုယ်ဟာ အကြီးအကျယ် ထိခိုက် ခံစားခဲ့ရသလို.. ယောက်ျားတွေ ချစ်သူဘ၀မှာ သူတို့ချစ်သူဆီက လိုချင်နေတာ. .. ချစ်ခြင်းသက်သက်မဟုတ်ဘဲ.. ဒါလည်းပါခဲ့သကိုး..။ လို့ခြောက်ခြားစွာလက်ခံရခြင်း ဟာလည်း အတော်ဆိုးဝါးခဲ့တဲ့ အတွေ့အကြုံပါပဲ..။

သိပ်ကိုမြတ်နိုးချစ်ခင်ပါတယ် ဆိုတဲ့ ချစ်သူတစ်ယောက်ဟာလည်း ကိုယ့်ဆီက ဒါကိုလိုချင်လို့ အမြဲကြံစည်နေသူပဲ လို့ သိရှိခဲ့ရတာဟာလည်း အတော် စက်ဆုပ်စရာ ကောင်းလှတယ်..။

သူ့ရဲ့ဖောက်ပြန်မှုကို ကာကွယ်ဖို့... ကိုယ်ကငြင်းဆန်ခဲ့လို့သာ သူဟာ အဲသည် အခြေကို (ဟိုမိန်းကလေးနဲ့ မပြတ်နိုင်မဆဲနိုင်) တွန်းပို့ခြင်းခံရသလို ပြန်အပြစ်တင် ခံရတာကရော ကိုယ့်အတွက် တရားသလားကွယ်..။

သည်လိုလူတစ်ယောက်ဟာ.. ကိုယ့်ထံကို နောက်တစ်ကြိမ်ထပ်မံ ချဉ်းကပ်တာကို လက်မခံနိုင်လောက်အောင် စက်ဆုပ်မိတာ ကိုယ်မှားသလား..။ သူကပြောသတဲ့.. ကိုယ်က အင်မတန် စိတ်ကြီးလှသတဲ့လေ..။ သူမှားခဲ့တာကို.. အတန်တန် တောင်းပန် တာကို ကိုယ်က မာနိုင်သတဲ့..။

ကိုယ်ကဘယ်လိုများယုံကြည်ရမလဲ..။ တကယ်တမ်းကျတော့.. သူ့မိသားစု ကရော.. ဟိုမိန်းကလေးနဲ့ ကိုယ်နဲ့ယှဉ်လာတော့.. ဟိုမိန်းကလေးကို ခါးခါးသီးသီး ဖြစ်ပြီး ကိုယ့်ဘက်ကို အလေးသာတာ.. သူ့ဘက်က ဘယ်သူမှ မရှိတာ... ။ တကယ်ပြန်စဉ်းစားတော့ စားသောက်ဆိုင်က အဆိုတော်မိန်းကလေး.. အဆင်ပြေရင် လူတကာနဲ့ အိပ်တတ်တဲ့ မိန်းမတစ်ယောက်နဲ့ ကိုယ်နဲ့ကို.. လိင်စိတ် မွန်တာဖျောက်ပြီး စဉ်းစားရင် ကိုယ့်ဘက်ကိုပဲ... ပြန်လှည့်လာဖို့များနေတာ သဘာဝပဲ..။ ဒါဟာ ကိုယ့်ကို ချစ်ခြင်းသက်သက်မှမဟုတ်ဘဲ.. ။အခြားသော တိုင်းတာစရာတွေနဲ့ ယှဉ်ပြီး ပြန်ချဉ်းကပ်တာမျိုးလို့ပဲ.. ကိုယ်က တွေးမိတာ ကိုယ့်အလွန်တော့ မဟုတ်တော့ဘူး..။

ကိုယ့်ချစ်သူတစ်ယောက် စောင့်ထိန်းချင်ခဲ့တဲ့ အရာကို တန်ဖိုး ထားရကောင်းမှန်း မသိခဲ့ဘဲ.. သူ့ဆန်ဒမဖြည့်ခဲ့လို့.. သူသစ်စာပျက်ယွင်းခဲ့ရတာ လို့ စွပ်စွဲပြစ်တင်ဖူးတဲ့ ယောက်ျားတစ်ယောက်ဟာ.. ကိုယ့်ရှေ့မှာ ဒူးထောက်လို့.. မြေမှာ ၀ပ်ဆင်းတောင်းပန်ရင်တောင် လက်ခံထိုက်ရဲ့လားကွယ်..။

သူ့ကို ကိုယ်ရဲ့ အတိတ်မှာပဲ ထားခဲ့ပါရစေ..။ တခါတလေ ပျော်ရွှင်စွာချစ်ခဲ့ဖူးတာကို အမှတ်တရအဖြစ် သတိရချင်ရမယ်..။ တခါတလေ.. နာကျည်းစရာများ တွေးမိဖို့ တိုက်ဆိုင်လာရင် အတိတ်ကို သတိရရင်း နာကျည်းမယ်..။

သို့ပေမယ့် အခု ပစ္စုပ္ပန်နဲ့ ကိုယ့်ရဲ့ အနာဂတ်မှာ သူ့အတွက် နေရာတစ်နေရာမှ ကိုယ့်မှာ ပေးဖို့ ရှိမနေတာ... သူသိဖို့တော့လိုနေပြီ..။

သူ့ရဲ့ တောင်းပန်တိုးလျှိုးမှုတွေကြောင့် သနားစာနာပြီး ကိုယ့်ကိုနားချချင်နေတဲ့ ကိုယ့်သူငယ်ချင်းကိုကြည့်ရင်း သူဖုန်းဆက်လာတုန်းက ဘာမှ အပြောမခံဘဲ.. ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တာ အတော်မှန်ခဲ့တယ်လို့ ပြောရတော့မှာပဲ..။ တကယ်ကြောက်စရာကောင်းတဲ့ ပလီပလာယောက်ျား..။

မလာပါနဲ့တော့ကွယ်.. ကိုယ့်ဘ၀ထဲ..။ မင်းပေးခဲ့တဲ့.. ဒဏ်ရာတွေကြောင့် ကိုယ့် နှလုံးသားဟာ တစုံတယောက်ကို ချစ်ဖို့တောင်မ၀ံ့တော့ သလို.. အချစ်ခံရတာ ကိုလည်း.. .. အလိုလိုနေရင်း စက်ဆုပ်မိနေရတာကိုက ကိုယ့်ဒုက္ခတွေ ကြီးလှပြီ..။ ဒါဟာသဘာဝပါလို့.. ဘယ်လိုပဲ အသိစိတ်က နားလည်နေပါစေ..... အဲသည် တစ်ခုနဲ့ ချစ်ခြင်းတစ်ခုပက်ပက်စက်စက် စော်ကားခံခဲ့ရတာဟာ .. တစ်သက်တာပြေလို့မရလောက်အောင် မုန်းတီး နာကျည်းစရာ အကြောင်း ဖြစ်ခဲ့တာကြောင့် ကိုယ်ဟာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြခြင်းဆိုတဲ့.. ကိစ္စကို normal ဟုတ်လောက်အောင်... ယုံကြည်ကြည့်လို့ မရတော့တာကိုက ကိုယ့်ရဲ့ ဆုံးရှုံးမှုက ကြိးလှပြီ..။

ကျေးဇူးပြုပြီး ကိုယ့်ရဲ့အတိတ်မှာပဲ ငြိမ်ငြိမ်လေး မင်း နေခဲ့ပါ..။ မင်းဟာကိုယ့်အတိတ်ထဲကလူ၊ အရာအားလုံးဟာ အတိတ်ထဲက..။ အတိတ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ပစ္စုပ္ပန် ဖြစ်မလာနိုင်တော့ဘူး..။ ဒါသေချာတယ်..။

---------------------------------------------------------------------------

သည်စာကို ဘာ့ကြောင်းရေးနေမိတယ်ဆိုတာ ကိုယ်တိုင်မသိပေမယ့်... ကိုယ်သူ့အပေါ် တကယ်ပဲ စိတ်ကုန်ပါတယ်ဆိုတာ.. မှတ်တမ်းတစ်ခုတင်ပြီး အကြိမ်ကြိမ် ပြန်သတိပေးနေဖို့ လိုအပ်မယ်ထင်ပါရဲ့..။ သူ့ကိုချစ်သူတစ်ယောက် အဖြစ် ချစ်ခဲ့တာ စုစုပေါင်းက ၈ နှစ်၊ သိကျွမ်းရင်းနှီးခဲ့တဲ့ အချိန်တွေပါ ထည့်တွက်ရင်.. ၉နှစ်ခွဲ..၊ ဘယ်ယောက်ျားနဲ့မှ သူ့လောက်မရင်းနှီး မနီးစပ်ခဲ့ရတာလည်း အမှန်..။ မင်းတော့ ဝေးဝေးနေမှ ဖြစ်မယ်ကွယ်..။ ကျေးဇူးပြုပြီး..။ ကိုယ်နောက်ထပ်မရှုံးနိမ့်ချင်တော့ဘူး..။ ကိုယ်တို့ ချစ်ခဲ့ကြခြင်း တွေက အတိတ်က။ သံယောဇဉ်တွေအားလုံးလည်း အတိတ်မှာကျန်ခဲ့..။ မင်းလည်း အတိတ်မှာ နေခဲ့...။