ရုံးပြေးလိုက်၊ အိမ်အလုပ်လုပ်လိုက်နဲ့.. တခါတလေ. ယောက်ျားက ဒင်နာရှိတဲ့နေ့တွေ အိမ်သွားစား၊ အဲသလို အဲသလို အလုပ်တွေရှုပ်နေရင်းနဲ့ လူဟာ စက်ရုပ်နဲ့တူလာတယ်..။
အသိစိတ်မပါဘဲ လုပ်စရာရှိတာတွေ လုပ်နေသလိုမျိုးကြီး။ ဟိုတစ်နေ့ကဆိုရယ်ရတယ်။ မနက်ကကိုယ်ရုံးသွားတုန်းမှာ လျှော်စရာအ၀တ်ခြင်းတောင်း ပြည့်နေတာကို တွေ့တယ်။ စိတ်ထဲမှာ ညနေပြန်လာရင် လျှော်မယ် လို့မှတ်ထားတယ်။
ညနေရုံးကပြန်ရောက်တော့.. အောက်ထပ်မှာ ရေတွေလာနေတာတွေ့တော့ ၀မ်းသာအားရတက်သွားတယ်။ (ညဖက်တွေမှ ရေလာတတ်တာ) အပေါ်ရောက်ရောက်ချင်း ရေတင်လိုက်တယ်။ နောက်ဖေးကိုပြေးဝင်၊ အ၀တ်လျှော်စက်ထဲကိုရေတွေဖြည့် .. အော်.. ဆပ်ပြာမှုန့် လို့သတိရတယ်။ ကုန်နေတာကိုလည်း သိတယ်။ မျက်စိလေးဝေ့၀ဲကြည့်လိုက်တော့ ဘေဇင်ပေါ်မှာ အီလန်တစ်ထုတ် ဖောက်ပြီးသားလေး တင်ထားတာတွေ့တယ်။ (ဒါကိုလည်း ခဏလောက်ရပ်ပြီး မစဉ်းစားမိဘူး။ ဆပ်ပြာမှုန့်ဘာ့ကြောင့်ရှိနေလဲ..။ ဖောက်ပြီးသား ဘာလို့ဖြစ်နေလဲ၊ ဘယ်သူသုံးထားလို့လဲ လို့လည်း မတွေးဘူး) ဟား. အတော်ပဲ ဖောက်ပြီးသားလေးဆိုပြီး စက်ထဲထည့်.. မွှေပါတယ်။ ဆပ်ပြာရေရပြီဆိုတော့ အ၀တ်ခြင်းတောင်းသွားယူတယ်။ မရှိတော့ဘူး။ ဟာ... ဆိုပြီးနောက်လှည်ကြည့်လိုက်တော့ အားလုံးလျှော်ပြီး လှမ်းပြီးသား.. အ၀တ်ခြင်းလျှော်တဲ့ ဇလုံက အနားမှာ... ကိုယ်က ရှုပ်လို့ ခြေထောက်နဲ့ ကန်ပြီး ဘေဇင်အောက် တွန်းထုတ်လိုက်သေးတယ်။ တကယ်တော့ ယောက်ျားက စောစောပြန်ရောက်ပြီး လျှော်ထားပြီးသား..။ ပြီးမှ ချိန်းထားတာရှိလို့ ပြန်ထွက်သွားတာ။ ကိုယ်ကမူးရှူးထိုးလုပ်မှာစိုးလို့ လျှော်ပြီးတာသိအောင် လျှော်တဲ့ ဇလုံကို အ၀တ်လျှော်စက်ရှေ့မှာ ကန့်လန့်ချထားခဲ့တာ။ ဆပ်ပြာမှုန့်ထုတ်မရှိတာလည်း သူ့ဟာသူ ၀ယ်ပြီး သုံးလက်စကို ချက်ချင်းမြင်အောင် တင်ထားခဲ့တာ။
သူစိုးရိမ်တဲ့အတိုင်းပဲ.. ပြန်ရောက်ရောက်ချင်း ကိုယ်က စက်ရုပ်တစ်ရုပ်လို ဒလစက်နဲ့ ဆပ်ပြာရည်တွေ ဖျော်ပစ်လိုက်ပြီးမှ လျှော်စရာအ၀တ်မရှိတော့မှန်းသိရတယ်။
ညသူပြန်ရောက်တော့... အဲသလိုတွေ တန်းလုပ်မယ်ဆိုတာသိလို့.. သတိထားမိအောင် တမင် လုပ်ထားခဲ့တာလဲ .. နည်းနည်းပါးပါး စဉ်းစားပါဦးတော့လားတဲ့..။ မရဘူး.. ။ရုံးမှာလည်းသိပ်ရှုပ်တာ အိမ်ရောက်ရင်လည်း ရေလာတုန်း ဒါတွေ ပြေးလုပ်ရတာကို အကျင့်ပါနေတယ်လေ..။ တကယ့် စက်ရုပ်မကြီးလိုဖြစ်နေတယ်။
စိတ်ပျက်စရာ..။
Tuesday, February 12, 2008
စက်ရုပ်
Posted by
Maw
at
12:04 AM
1 comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း
Monday, February 11, 2008
အပြင်အလုပ်လုပ်သော အိမ်ထောင်ရှင်မ ဘဝ
မကြာသေးမီက အိမ်ထောင်ပြုလိုက်တဲ့အတွက် ခုတော့ အိမ်ထောင်သည်ဘ၀ကိုရောက်နေပါပြီ။
တချို့သူငယ်ချင်းတွေ ခုနောက်ပိုင်းနှုတ်ဆက်ရင် ဘယ်လိုလဲ.. .အိမ်ထောင်သည်ဘ၀က လို့ မေးကြတယ်။
အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေတော့အများကြီး
အရင်က မနက်ဆို အိမ်မှာ ရုံးမသွားခင် breakfast က ready ပဲ။ ဘုရားစင်က သောက်တော်ရေဘာညာက ဖေဖေကလဲပေးပြီးသား။ ပန်းက မေမေလဲပေးထားပြီးသား။ ဘုရားရှိခိုးမယ်ဆိုရင် ဦးချ သွားရုံပဲ။
ကိုယ့်အိမ်မှာတော့ အလုပ်တွေ တာဝန်တွေကပိုလာတယ်။ မနက်စာလည်းလုပ်ရတယ်။ မနက်စာလုပ်တယ်ဆိုတာ အလွယ်ဆုံးကတော့ ကောင်ညှင်းပေါင်းပဲပြုတ် ဆိုတဲ့ အသယ်ခေါ်ဝယ်စားတာမျိုးပေါ့။ ဒါပေမယ့် နေ့တိုင်းလည်းမစားနိုင်ဘူး။ ရှမ်းဆိုင်က တို့ဟူးနွေးလည်းအတူတူပဲ။ အမြဲမစားနိုင်ဘူး။ စားတော်ပဲပြုတ်သယ်ဖြတ်သွားတဲ့အချိန် ကမန်းကတမ်းထ ပဲပြုပ်ဝယ်၊ ထမင်းပူပူလေး ကမန်းကတမ်းချက်၊ ပဲဆီလေးဆမ်းပဲပြုတ်လေးထည့် ဆားလေးထည့် နယ် စားရတဲ့ မနက်စာကလည်း တခါတရံပဲကောင်း၊ နေ့တိုင်းမကောင်း။ သည်တော့.. နေ့တိုင်းစားနေရတဲ့ဒီမနက်စာ စဉ်းစားရတဲ့ အလုပ်က အလွန်ကြီးကို ရှုပ်တာပါပဲ။ ပေါင်မုန့်ဝယ်ထားတယ်။ တူးနာဗူးရယ် မယောနီးစ်ရယ်၊ က ဆန်းဒွတ်ခ်ျ လုပ်စားတယ်။ ကြက်ဥပြုတ်၊ မယောနီးစ်နဲ့ ဆန်းဒွတ်ခ်ျ၊ လုပ်တဲ့တဲ့ ဟာက အဲသည် ၂ မျိုးပဲ။ ဒါလည်း နေ့တိုင်းမရတော့.. ကောင်ညင်းပေါင်းရယ်၊ ပဲပြုတ်ထမင်းနယ်ရယ်၊ ဆန်းဒွတ်ခ်ျရယ်၊ ၀က်အူချောင်းနဲ့ ထမင်းကြော်ရယ်၊ ကို လှည့်ပတ်ပြီး မနက်တိုင်းစားနေရပါတယ်။ သိပ်ပျင်းတာပဲ။ မနက်မနက် အဲဒါ ထလုပ်ရတာ။ မနက်စာစားဖို့ ဘုရားစင်က ဆွမ်းတော်ကလည်းရှိသေးတယ်။ ကော်ဖီကဖျော်ရသေးတယ်။ သည်တော့ စားပြိးရင် ဆေးရမယ့်ပန်းကန်တွေက ဆွမ်းတော်ပန်းကန်ရယ်၊ လူ၂ ယောက်စာပန်းကန်ရယ်၊ ကော်ဖီ ၂ ခွက်၊ ရေနွေးကြမ်းခွက်၊ ကော်ဖီအိုး၊ ထမင်းကြော်သို့မဟုတ် ထမင်းဆီဆမ်းနယ်တဲ့ အိုးတို့ ဇလုံ တို့။ ပျင်းတယ်ပျင်းတယ်။ မလုပ်ချင်ဘူး။ အဟုတ်။
နေ့လည်စာကတော့ စိတ်ကူးပေါက်တဲ့နေ့ ထချက်ပြီး ထမင်းဗူးထည့်တယ်။ မဟုတ်ရင်လည်း တခြားရုံးက စတာ့ဖ်ကန်တင်းကနေပဲ မှာစားလိုက်တယ်။ ညနေစာတော့ စားကောင်းသောက်ဖွယ်ချက်စားဖြစ်ပါတယ်။
အစားအစာကလည်း ဖြစ်သလို မစားတတ်၊ ကောင်းကောင်းလေးပဲ စားချင်တော့ အင်မတန်အလုပ်ရှုပ်ပါတယ်။
ချက်တာကို အစားကောင်းမတ်တော့ စိတ်ပါပေမယ့် ဆေးတာကိုမလုပ်ချင်ဘူး။ လျှော်တာဖွတ်တာကတော့ အ၀တ်လျှော်စက်ရှိတော့ လုပ်ချင်ပါတယ်။ မီးပူတိုက်ကတော့ လုံးဝမှကို စိတ်မ၀င်စားဘူး။ အိမ်မှာ ပန်းအိုးတွေ ဘာတွေ အလှထိုးတာစိတ်ဝင်စားပေမယ့် တမြတ်စည်းလှည်း ကြမ်းတိုက်တဲ့ဟာကိုတော့ လုံးဝမလုပ်ချင်ပါဘူး။ ဘုရားသောက်တော်ရေ ၁၀ခွက်လဲရတာကိုလည်း စိတ်မ၀င်စားဘူး (ကန်တော့ကန့်တော့) အဲဒါကတော့ ယောက်ျားပဲလုပ်တယ်။ သူက ကြုံရင်ကြုံသလို ပန်းကန်ကူဆေးပေးတယ်။ အ၀တ်တွေလျှော်ပေးတယ်။ ရေတင်တာဘာညာ တာဝန်တွေယူတယ်။ ခြောက်သွားတဲ့အ၀တ်တွေ ခေါက်ပေးတယ်။ ချက်တာကတော့သူက အစားအသောက်အတွက် လုံးဝကရိကထများလိုသူမဟုတ်တဲ့အတွက် ဘာမှ မကူပါဘူး။ ချက်တာကို။ ပင်ပန်းလိုက်တာ.. ဘာတွေချက်နေတာလဲ.. သူသာဆို လွယ်လွယ်ပဲစားလိုက်မှာ လို့ လာလာပြောတာကိုလဲ ကိုယ်က စိတ်တိုပါတယ်။ သည်တော့ ကိုယ်ချက်ပြုတ်နေရင် သူ့ဟာသူ အခွေထိုင်ကြည့်ပြီးစောင့်တယ်။
စားသောက်ပြီးရင် တော်တော်ပင်ပန်းသွားပြီ။ နောက်နေ့ထ။ မနက်စာလုပ်၊ ရုံးသွား။ ပြန်လာ လျှော်လိုက်၊ ချက်လိုက်၊ တမြတ်စည်းလေး ထယမ်းချင်ယမ်းလိုက်နဲ့.. အလုပ်တွေရှုပ်လိုက်တာကွာ......................................။ အမေကအိမ်မှာ ခေါ်ခေါ်ခိုင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို စနေတစ်ရက် လွှတ်လွှတ်ပေးတယ်။ မီးပူတိုက်ဖို့.. ။ မနေ့ကတော့ အငယ်မလေး အိမ်လာရှင်းပေးတယ်။ ဗီဒိုထဲက အ၀တ်တွေ ဖွထားလို့တဲ့ မြည်တွန်တောက်တီးသွားလေရဲ့။ ယောက်ခမတောင် တခါမှ လာစစ်ဆေးခြင်းမရှိ၊ ဝေဖန်ပြစ်တင်ခြင်းမရှိ ဒင်းက လာပြောရသလား စိတ်တိုမိပေမယ့်.. သူလာသွားပြီး အိမ်ကတော်တော်လေးရှင်းလင်းပြီး ကြည့်ပျော်ရှုပျော်ရှိသွားတာအမှန်ပဲမို့ အောင့်အည်းသည်းခံရပါတယ်။
အလုပ်တစ်ဖက်နဲ့ အိမ်ထောင်သည်ဘ၀ဟာ တကယ်မလွယ်ပါဘူး။ ဒါတောင် ပူတူတူးတွေ မလာသေးဘူး။ ဟူး..ရှေ့ဆက်ရမယ့် ဘ၀ခရီးကို တွေးရင်း.... ရင်မောလိုက်ပါဘိ။
Posted by
Maw
at
11:10 PM
1 comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း