Wednesday, July 30, 2008

ဝေခွဲမရတဲ့ ပြသနာ

ခုထက်ထိ တော့ .. အိုဂျီကို ရိုးရိုးမွေးမယ်ပြောထားပေမယ့်.. စိတ်ထဲဇဝေဇ၀ါနဲ့။

ဒီခေတ်ကြီးမှာ ရိုးရိုးမွေးမယ်ပြောရတာ တော်တော်မျက်နှာငယ်ပါတယ်။

ရိုးရိုးမွေးမယ်ဆုံးဖြတ်တာက ကလေးကို သဘာဝအတိုင်း သူထွက်ချင်တဲ့အချိန် ထွက်လာစေချင်တာပါ။ နာမှာကတော့ ရိုးရိုးမွေးလဲ နာမယ်။ ဗိုက်ခွဲမွေးလဲ.. ဗိုက်နာတဲ့ဒဏ်မခံရပေမယ့်.. ချုပ်ရိုးမကျက်မချင်း နာနေရဦးမှာပါပဲ။

သူငယ်ချင်း တစ်ယောက်က ခွဲမွေးဖို့အားပေးတယ်။ ရယ်ရတယ်။ သူပြောတာက .. ခွဲမွေးရင် ကိုယ်ကြိုက်တဲ့နေ့ မွေးလို့ရတယ်တဲ့။ ဗေဒင် အရင်သွားမေးတဲ့။ အဖေရဲ့ နေ့နံ၊ အမေရဲ့ နေ့နံနဲ့.. တည့်မယ့် ကလေး။ နောက်ပြီး ကလေးရဲ့ အနာဂတ်ကောင်းစေမယ့်.. ရက်တွေ၊ အချိန်တွေ၊ တခါတည်း ဗေဒင်ဆရာနဲ့ရွေးလိုက် ၊ ပြီးရင် အိုဂျီနဲ့ ရက်သက်မှတ်ပြီး မွေးတဲ့။ စီးပွားတတ်တယ်ဆိုပဲ။ သူ့ကလေးတွေ အဲသလိုမွေးခဲ့တာတဲ့။ ကလေးက နေ့သင့် နံသင့်ဆိုတော့.. အကျိုးပေးတာပေါ့တဲ့။ အင်း.. ကံကြမာတွေကို အဲသလို ကိုယ်ဖြစ်ချင်တိုင်း ပြောင်းလဲဖန်တီးလို့ ရနေသတဲ့လား...။ ကိုယ်ကလည်း သဘောမကျသလို အမျိုးသားကလဲ မကြိုက်။ သူ့နေ့သူ့နံနဲ့ သူ့ဟာသူ ထွက်လာတာပဲကောင်းပါတယ်တဲ့။ ဟုတ်တယ်လေ။ ဇွတ်ကြီးဖန်တီးလုပ်ယူလို့ ရရမယ်ရယ်လို့.. ဟင့်အင်းပါ။

သဘာဝအတိုင်း ရိုးရိုးမွေးဖို့ပဲ ဆုံးဖြတ် လိုက်တဲ့အခါမှာ မျက်နှာငယ်စရာတွေ ကြုံလာရပါတယ်။ နံမည် ကြီး အိုဂျီ အန်တီကို သွားအပ်တော့.. (နောက်ပြီး ကိုယ့်မှာ ရုံးက insurance လဲ ရှိတယ်ဆိုတော့ ကုန်ကျစရိတ်က ပြသနာ မဟုတ်ဘူးလေ..။ ကျသလောက် ပြန်တောင်းလို့ ရတယ်ဆိုတော... နံမည်ကျော် woman center မှာမွေးမယ်ပေါ့။ အဲလို ဆုံဖြတ်ပြီးသကာလ အဲသည်မှာ ထိုင်တဲ့ အိုဂျီ အန်တီဆီ ရောက်ခဲ့တယ်) Normal Labor ဆိုရင်တော့.. သူလက်မခံနိုင်ဘူးဆိုပဲ။ ယူက normal labor ဆိုတော့ မွေးချင်တဲ့အချိန်မွေးမှာ၊ ကြိုသိရတာ မဟုတ်ဘူး တဲ့။ သန်းခေါင် သန်းလွဲကြီး မွေးတယ်ဆို အိုင်လဲ လာနိုင်မှာမဟုတ်ဘူးတဲ့။ ခွဲမွေးမယ် ဆိုရင်တော့.. အချိန်က အတိအကျ သတ်မှတ်ပြီးမွေးလို့ရတယ်ဆိုတော့ တာဝန်ယူနိုင်တယ်တဲ့။ အဲသလို .. အဲသလို ကြီးပြောပါတယ်။ နောက်ပြီး woman center မှာ normal labor လက်မခံဘူး ဆိုပဲ။ အောက်မလေးတော်... ။ အဲသလို .. အဲသလို..။ မျက်နှာငယ်ရပုံများ။ နောက်ပြီးပြောလိုက်သေးတယ်။ ယူက Normal Labour ဆိုရင်တော့.. အမျိုးသမီးဆေးရုံမှာ မွေးတာ အကောင်းဆုံးပဲတဲ့။ အဲသည်မှာ OG အချိန်မီမေ၇ာက်လဲ မွေးပေးမယ့်သူတွေ ရှိတယ်တဲ့။ အဲသည်တော့ အမျိုးသမီးဆေးရုံမှာ သွားမွေးပါတဲ့။

ကိုယ်လဲ မကျေမလည် ဖြစ်သွားတယ်။ အမျိုးသမီးဆေးရုံဆိုတာက .. အခန်းတွေဘာတွေကလဲ ကောင်းချင်မှ ကောင်းတာ.. ။နောက်ပြီး နာ့စ်တွေကဟောက်ဦးမယ်...။

နောက်ပြီးစဉ်းစားမရတာက.. သူများနိုင်ငံတွေမှာ (ဥပမာ ကိုယ်နဲ့ ဧည့်ခံပွဲတစ်ခုမှာ ဆုံတဲ့ ပြင်သစ်အမျိုးသမီး တစ်ယောက် ပြောပြချက်အရ) ပြင်သစ်မှာလို့ပဲ ဆိုကြပါစို့။ ပြင်သစ်မှာဆိုရင် ရိုးရိုးပဲမွေးရတယ်။ ခွဲမွေးဖို့ဆိုတာ ခိုင်လုံတဲ့ခွင့်ပြုချက်နဲ့မှ ရတာ။ ကိုယ်တို့ဆီမှာ လို.. အကုန်လုံး ခွဲနေကြတာမဟုတ်ဘူး။ ခွဲချင်တိုင်းလဲ မခွဲရဘူး။ လိုအပ်လှပါတယ်ဆိုမှ ခွဲမွေးဖို့ ခွင့်ပြုတာ။

ကိုယ့်ရဲ့ အခု လက်ရှိ အိုဂျီ်ကတော့.. ကောင်းရှာပါတယ်။ သေချာရှင်းပြတယ်။ အမလေး.. အမျိုးသမီးဆေးရုံမှာ မမွေးနဲ့..။ ဘယ်မှာ မွေးမွေး တို့ရမယ့် ပိုက်ဆံက အတူတူပဲ။ အစိုးရဆေးရုံဆိုတာ.. ဘာမှ စိတ်ချရတာ မဟုတ်ဘူး။ မွေးခုံတွေ သန့်ရှင်းရေးဆိုတာကလဲ စိတ်မချရဘူး။ သုံးတဲ့ ဆေးရည်တွေရဲ့ concentration ချင်းကလဲ တူတာမဟုတ်ဘူး။ အပြင်ဆေးရုံတွေဆိုတာ နံမည်တလုံးနဲ့နေတာ။ နံမည်ပျက်မခံဘူး။ တို့တွေက သိတယ်။ သန့်ရှင်းရေးမကောင်းလို့ complain တက်ရင် အဲသည် ၀န်ထမ်းပြုတ်မှာ..။ အဲသည်တော့ ၀န်ထမ်းတွေကလဲ တာဝန်ကျေရတယ်။ အစိုးရဆေးရုံက အဲသလိုမဟုတ်ဘူး။ အားလုံးက အစိုးရ ၀န်ထမ်းတွေချည်းပဲ..။ ပိုးသတ်ဆေးရည်တွေလဲ ကျဲကျဲသုံးရင်သုံးမယ်။ နာ့စ်တွေ ကလဲ သူတို့ မျက်နှာ ကြည့်နေရမယ်။ ပေးလဲ ပေးရမယ်။ အောက်လဲ ကျို့ရမယ်။ အပြင်ဆေးရုံတွေက service က ပိုကောင်းပါတယ် တဲ့။
ရိုးရိုးမွေးတာကိုလဲ သူက လက်ခံပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ရောက်အောင် လာပေးမယ်ပြောတာပဲ။ လောလောဆယ်တော့ သူနဲ့ အပတ်တိုင်းပြနေတာ.. ၃ နာရီချိန်းထားရင် သူရောက်တဲ့ အချိန်က ၅နာရီ သို့မဟုတ် အဲသည်ထက် နောက်ကျမယ်မှတ်....။ ယောက်ျားဆိုရင် ကိုယ်ဆေးခန်းသွားတဲ့ နေ့တွေဆို အီစိမ့်နေတာပဲ။ လိုက်စောင့်ရတာ စိတ်မရှည်လို့..။

အဲ.. နောက် ရိုးရိုးမွေးမယ်ဆိုရင် ဘယ်ဆေးရုံမှာမှ အခန်းကြိုတင်ဘွတ်ကင်လုပ်လို့မရတဲ့ ပြသနာပါပဲ။ ရိုးရိုးမွေးက due date ထက် စောရင် စောမယ်။ နောက်ကျရင် နောက်ကျမယ်လေ..။ ရက်က ကွက်တိ ကျချင်မှ ကျတာကိုး.. ။ အဲဒါက တစ်ပြဿနာ။

ရိုးရိုးမွေးတာကို လိုလားပေမယ့်လဲ..။ အိုဂျီရဲ့ နောက်ကျတတ်တဲ့ပြသနာရယ်၊ အခန်း ဘွတ်ကင်လုပ်လို့ မရတဲ့ပြသနာရယ်၊ နောက် အချိန်မတော်ကြီး ဗိုက်ထနာနေလို့.. အိုဂျီကို ဖုန်းဆက်မရ၊ ပြုမရ ဖြစ်ခဲ့ရင် ဆိုတဲ့ အချက် တွေ တွေးပြီးသကာလ ခွဲမွေးရင်ပဲ ပိုကောင်းလေမလား.. ဇဝေဇ၀ါ ဖြစ်နေရပြန်ပါတယ်။

မျှော်လင့်စောင့်စားနေရခြင်း

ဘိုလိုတော expecting လို့ ခေါ်သတဲ့။အခုဆို ကိုယ်လဲ အဲသလိုပေါ့။ မေမေ ပြင်ပေးထားတဲ့ ဆေးရုံတက်ရင် ယူသွားဖို့ ဆိုတဲ့ အလုံပိတ် ခြင်းတောင်းလေးထဲ လိုမယ် ထင်တာလေးတွေ ၀ယ်ဖြည့်ရင်း .. ညည ကျ ထုတ်ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ သားလေး လာမယ့်  အချိန်ကို မျှော်လင့်စောင့်စားနေရတယ်။

ခုဆိုရင်.. မေမေကိုယ်တိုင် ချုပ်ပေးထားတဲ့ အနှီး ၁၆ ထည်ရယ်၊ farlin ကချုပ်ပြီးသား အထုတ်လေးတစ်ထုတ် ထဲမှာ ပါတဲ့ ၅ ထည်ရယ်ဆိုတော့ အနှီး ၂၁ ထည်ရှိပြီ။ (လောက်မယ်ထင်ရတာပဲ)။ ကလေးအမေအတွက် အ၀တ်အစား ၄စုံ၊ ကလေး အကျိင်္ ပေါက်စလေး ၃ ထည်၊ ကလေးသုံးတဲ့ ဂွမ်းလုံးထုတ်လေးရယ်၊ ကလေး တစ်ရှူးအစိုထုတ်ရယ်၊ ပေါင်ဒါဗူး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပေါင်ဒါတို့တဲ့ တို့ပတ်ဗူး၊ ဂွမ်းတံ၊ ကလေးချက် မကြွေခင် ဆေးထည့်ပေးရတဲ့ ဂွမ်းတံထုတ်၊ လက်ညိုးမှာ စွပ်ပြီး ကလေး လျှာ သန့်ရှင်း ပေးရတဲ့ဟာ။ ကလေး လက်သည်းညှပ်၊ ကလေးမလန့်အောင် စည်းပေးရတဲ့ ရင်စည်း၊ ကလေးအမေ အတွက် ဗိုက်စည်း၊ ကလေးနို့ဗူး၊ နို့သီးခေါင်းအပို၊ ကလေးလက်စွပ်၊ ခြေစွပ်၊ ခေါင်းစွပ်၊တနေ့တနေ့ ခြင်းတောင်းကလေး တကြည့်ကြည့်နဲ့ပေါ့။ ရုံးကလဲ ခွင့်ယူထားပြီးပြီဆိုတော့.. အားနေရင် ဒါလေးတွေပဲ ထုတ်ထုတ်ကြည့်နေတယ်။

ခွင့်ယူထားရတော့ အချိန်အားတွေ တော်တော်များနေတော့.. ဘာတွေလိုနိုင်မလဲ တွေးလိုက်.. စိတ်ကူးရရင် ရသလို ဈေးဝယ်ထွက်လိုက် လုပ်နေမိတာပါပဲ။

အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတွေက အများကြီးမ၀ယ်ထားနဲ့.. လက်ဆောင်တွေ ရဦးမှာ.. ထပ်ကုန်လိမ့်မယ် ဆိုလို့ မနည်းဘရိတ်အုပ်ထားရပေမယ့်လို့.. ခုကို တော်တော်ကြီး စုမိနေပြီ။

ကလေးပစ္စည်း ထွင်ရောင်းတဲ့ သူတွေကလဲ စုံနေအောင်ကို ထွင်ရောင်းကြပါပေတယ်။အမျိုးကို စုံနေတာပဲ။ ကလေး ရေချိုးတဲ့ ဇလုံလေးက ၃ သောင်း တစ်ထောင့်၆ ရာ ပေးရတယ်။ farlin က။ ကလေးလေး ကို တင်ပြီး ချိုးပေးဖို့ ပိုက်ပါပါတယ်။ အိမ်ရောက်တော့ ယောက်ျားနဲ့ပြောဖြစ်တယ်။ သက်သက် ထွင်ရောင်းကြတာပဲ။ ကိုယ်တို့ ငယ်ငယ်ကတော့ အဘွားက ခြေထောက် စင်းထားပြိး အဲသည်ပေါ် ကလေးလေးတင်ပြီး ခွက်နဲ့လောင်းချိုးလိုက် ပွတ်ပေးလိုက်နဲ့ သည်လိုပဲ ပြီးသွားတာပဲ တဲ့။ ရယ်ရတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲသလို ကျကျနန ရေချိုးဇလုံလေးနဲ့ ဘာနဲ့ ဆိုတော့ အဆင်ပြေသွားတာပေါ့လေ..။

ကလေးပုခက်လည်း မ၀ယ်ဘူးလို့နေရာကနေ ၀ယ်လိုက်ပါတယ်။ သိပ်ဈေးကြီးတာကြီးတွေတော့ မတတ်နိုင်ဘူး။ ၄ သိန်းကျော်အထိရှိတယ်။ အကြာကြီးသုံးရမှာလဲ မဟုတ်ဘူး ဆိုတော့.. farlin ကပဲ ကိုးသောင်း၂ထောင်ဆိုတာ ၀ယ်လိုက်တယ်။ သောကြာနေ့ အိမ်မှာလာဆင်ပေးမယ်တဲ့။ နောက်ပြီး ကလေးထည့်တဲ့ အ၀တ်လက်ဆွဲကလေးလဲ farlin ကပဲ။ ၄သောင်းခွဲပေးရတယ်။ နီညိုရောင်လေးပေါ့။ ကလေးလေးကို ရုံးခေါ်သွားလို့ရတာပေါ့။ တွန်းလှည်းကတော့ မ၀ယ်တော့ဘူး သူကလဲ ဈေးမသေးဘူး။ ၁ သိန်းကျော်ကစတယ်။

ကလေးနို့တိုက်တဲ့ဘရာ ဆိုတာကရှိသေးတယ်။ အဲဒါက ၂သောင်းကျော်ပေးရတယ်။ ၀ါကိုးလ်က။ တရုတ်က လာတဲ့ ဈေးသက်သာတာတွေရှိတယ်ဆိုပဲ။ နောက်ထပ်တော့ မ၀ယ်တော့ဘူး။ သူငယ်ချင်း တစ်ယောက်က ၀ယ်ပေးမယ်ဆိုလို့။





ရယ်စရာ နောက်ပစ်စည်းတစ်မျိုးက နို့ညှစ်တဲ့ကိရိယာဆိုပဲ။ အဟက်။ အဲသဟာက ၁သောင်း ၂ ထောင့်နဲ့မှ ၂ရာ ပေးရတယ်။ နို့ညှစ်ပြီး နို့ဗူးလေးပါ တတွဲတည်းပါတယ်။ ၀ယ်သာဝယ်လိုက်ရတယ် စိတ်ထဲ အီတီတီနဲ့..။ ကိုယ့်ကိုယ်ကိုယ် နို့ညှစ်ရမယ်ဆိုတော့ နွားမကြီးလိုလို.. ဘာဂလိုတိုတို..။

နောက်တစ်မျိုးက ကလေးအမေများ အပြင်ထွက်တဲ့အခါ နို့သက်တယ်လို့ ခေါ်တဲ့.. မိခင်နို့ရည် တစိမ့်စိမ့်ထွက်နေတာမျိုးကို ကာကွယ်ပေးတဲ့ ပတ်ဒ် လေးတွေ တဲ့တော်..။ ဒါလဲ လိုပြန်တာပဲလေ..။ မလွယ်ပါလားနော်.. လို့ တရမယ့်ကိန်းပဲ။


ကလေးသေးခင်းလေးက ၃၂၀၀၊ ကလေးခေါင်းအုံးလေးက ၅၀၀၀၊ ယောက်ျားက ဘုရားတတယ်။ အောင်မလေး.. ကလေးခေါင်းအုံးလေးကို ၅ ထောင်တောင်ပေးရတယ်ဆိုပြီး ပြူးတူးပြဲတဲ ဖြစ်နေလေရဲ့။ ကလေး လက်သည်းညှပ် ကလေးက ၃၂၀၀၊ နို့ဗူးက ၄ထောင်ကျော်တယ်၊ နို့သီးခေါင်းအပို ၂ ခုက ၂၃၀၀။

ကလေးနေ့လည်နေ့ခင်းအိပ်ရင် အုပ်ပေးထားရမယ့် ခြင်ထောင်အုပ်ဆောင်း (ထီးလိုဖွင့်ရတဲ့ဟာ) က ၁သောင်း ၁ ထောင့်နဲ့ မှ ၅ရာ။ အဲဒါက စူပါဝမ်းက ၀ယ်တာ။

တော်တော်စုံသလောက်ရှိပြီ.. ပိုက်ပိုက်လဲ တော်တော်လေးကုန်ပြီးပြီ..ဆိုတော့... ရှော့ပင်းထွက်ရင်း မျှော်လင့်စောင့်စားခြင်းမှ အိမ်မှာ ငြိမ်ငြိမ်နေရင်း မျှော်လင့်စောင့်စားခြင်းအဖြစ် အသွင်ပြောင်း... အောင့်အည်းနေရပါပြီ။



ဒါတောင် ၀ယ်ချင်လွန်းလို့ လက်တယားယား ဖြစ်နေတဲ့ ပစ္စည်းတစ်ခုရှိသေးတယ်။ ကလေးနို့ဗူးနဲ့ စားသောက်ခွက်တွေ ပေါင်းတဲံ အိုးတဲ့။ farlin ကရောင်းတာ။ ၁သိန်းကျော်တယ်။ မေမေက သမီးရယ် ရေနွေးပွက်ပွက်ထဲ ထည့်လိုက်လဲ ရပါတယ်တဲ့။ ဈေးကြီးလွန်းပါတယ်တဲ့။ ဟုတ်တော့ဟုတ်ပါတယ်။ နို့ဗူးတွေဘာတွေလဲ farlin က၀ယ်ထားတာဆိုတော့ သူတို့ပြောတာပဲ သူတို့ ပစ်စည်းတွေက ရေနွေးနဲ့ ပြုတ်တာခံတယ်တဲ့။


ကိုယ်ဝန်သည်

အရင်တုန်းက ကိုယ်ဝန်သည်တွေကို သတိထားစာနာတတ်ခဲ့ဖူးပေမယ့် အခု ကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖူးမှ ပိုသိလာပါတယ်။

ဟိုးတုန်းက စာနာတတ်တယ်ဆိုပေမယ့် ... ကိုယ်တွေ့ခံစားဖူးတာနဲ့တော့ မတူနိုင်ဘူးလေ..။

ကိုယ်ဝန်ရှိတဲ့သူတွေ အစားအသောက်ပျက်တတ်တာ။ ညောင်းညာကိုက်ခဲတတ်တာ၊ ကြာကြာ မရပ်နိုင် ၊ မထိုင်နိုင်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ စသည် .. စသည်ပေါ့။

ကိုယ်ဝန်သည်ကို သာမန်လှုအချင်းချင်းထက် ဂရုတစိုက် ဆက်ဆံသင့်ပါတယ်။

Tuesday, July 29, 2008

မိခင်လောင်းဘဝ


မိခင်လောင်းဘ၀က တကယ်ရင်ခုန်ကြည်နူးစရာကောင်းပါတယ်။
ကိုယ့်ဗိုက်ထဲက ကလေးလေး စလှုပ်လာခါစမှာ စိတ်လှုပ်ရှားရတယ်။ အသည်းတယားယားနဲ့..။ အခြားသော သက်ရှိလေးတစ်ခု ကိုယ့်ဗိုက်ထဲမှာ ရှိနေပါလားဆိုတဲ့ ခံစားချက် က တမျိုး။ ကိုယ့်ရင်သွေးလေး အသက်ရှိနေပြီ ဆိုတာကို သိနေရတာက ရင်တလှပ်လှပ်ဖြစ်စေတယ်။

ပထမလအစောပိုင်းက ဆက်ကနဲ ဆက်ကနဲ လှုပ်တတ်တဲ့ ကလေးလေးဟာ ၇ လကျော်လာတာနဲ့ သောင်းကျန်းတော့တာပါပဲ။ ဗိုက်ထဲမှာ သူကျပ်လို့ ရုန်းကန်တာလား။ အညောင်းဆန့်တာပဲလား မသိ။ ဗိုက်ပူပူဟာ ကြည့်နေရင် ဟိုနားက ဖောင်းလာလိုက် ဒီနားက ချွန်ထွက်လာလိုက်နဲ့.. ပုံအမျိုးမျိုးပြောင်းနေတာပဲ။
လက်သီးလေးတွေ ဒူးခေါင်းကလေးတွေ ဖြစ်မယ် မှန်းရတဲ့.. လုံးလုံး ဖုဖုလေးတွေ ထောင်ထွက်လာတတ်သေးတယ်။
သူ့ကို ပွတ်ပေးလိုက်ရင် နေရာရွေ့သွား ငြိမ်သွားပြန်ရော.. ဒါကိုပဲ ကြည့်ကြည့်ပြီး သဘောကျနေရတယ်။
ကလေးအဖေကို ပြရင် သူကြည့်တဲ့အချိန် ကလေး က ငြိမ်ငြိမ်သွားတတ်လို့ အသည်းယားရသေးတယ်။
ကြည့်နော်.. ကြည့်နော.်.. လှုပ်နေပြီ ဆိုပြီးပြလိုက်ရင် သူကငြိမ်သွားပြီး အကြာကြီးထပ်မလှုပ်တော့ပြန်ဘူး။ အဲဒါနဲ့ ဟိုက စိတ်မ၀င်စားတော့ဘဲ ဟိုဘက်လှည့်သွားရင် သူကလှုပ်ပြန်ပြီ။ နောက်နေလားတောင် အောင့်မေ့ရတယ်။ အဟက်။ နောက် မှ အဲလောက်လှုပ်တာ မျက်ဝါးထင်ထင်မြင်တော့တယ်။ သူ့အဖေက ဘောလုံးကြိုက်လို့ အထဲက ဘောလုံးကန်နေတာနေမှာပေါ့တဲ့။ ရယ်ရတယ်။

၆ လလောက်တုန်းက အာလ်ထရာဆောင်းရိုက်ကြည့်တော့ ယောက်ျားလေးတဲ့..။ ၀မ်းသာရပြန်တာပဲ။ ကိုယ့်တူမကလေးကို သမီးကလေးလို ချစ်နေရတော့.. သားကလေး ရတယ်ဆိုတော့ ပိုကောင်းတာပေါ့။ ယောက်ခမများဖို့ကတော့ မြေးဦးယောက်ျားလေး ရတာပေါ့။ ကိုယ့်မိဘများအတွက်က မြေးဦး မိန်းကလေးရပြီးသားကို မြေးယောက်ျားလေး ထပ်ရတော့ တစ်မျိုးစီ ချစ်ရတာပေါ့။ ကိုယ့်တူမအတွက်လဲ.. မောင်မောင်ကလေး ရတာပေါ့။

ကိုယ်ဝန်ရှိစ ၂ လ ၃ လလောက်တုန်းက ခံစားခဲ့ရတဲ့ ဒဏ်တွေကိုတောင် မေ့နိုင်သွားတယ်။ အဲသည်တုန်းကတော့.. မူးဝေ အော့အန်၊ အန်လိုက်ရတာမှ ဘာမှ စားမရ၊ သောက်မရ။ ရေချည်းသောက်ရင် ရေချည်းပဲအန်၊
အင်း.. ကလေးအဖေခမျာတော့ ဘာဝေဒနာမှ မခံရဘူး ဆိုတော့ မနာလို တောင် ဖြစ်မိသေး။ ပြီးရင် သူက အချောက်တိုက် အဖေ ဖြစ်ခွင့်ရလိုက်သေးတယ်။ ဟွန်း။