Saturday, December 13, 2008

သူလိုလူ (သူငယ်ချင်းတစ်ဦး)

ရုံးမှာ တော်တော်အလုပ်များပါတယ်။ အရင်တုန်းကများရတဲ့အထဲ နာဂစ်အပြီးမှာ Delta ရုံးခွဲ ၃ ရုံးထပ်ဖွင့်ပြီး ပရောဂျက်တွေ ပိုများလာတာကြောင့် မလှုပ်နိုင်အောင်ကို အလုပ်ရှုပ်ပါတယ်။ ဘလော့ဂ် မရေးဖြစ်တာကြာတာလဲ အဲဒါကြောင့်ပါပဲ။ နှစ်မကုန်မီ annual leave balance တွေဖြိုဖို့ ဒီဇင်ဘာ ပထမ ၂ ပတ်ခွင့်တင်ထားပေမယ့်.. Regional ရုံးက လာပေးမယ့် Relieving ခမျာ ထွက်လာမယ့်နေ့မှာပဲ ဘန်ကောက်လေဆိပ်က ပိတ်တော်မူသွားတယ်။ ဖြစ်ချင်တော့.. လေဆိပ်ဖွင့်တဲ့ နေ့မှာ သူ့ဗီဇာက ကုန်သွားပြီဖြစ်လို့ အသစ်ပြန်လျှောက်ရပြန်ပါတယ်။ အစကတော့ ဒီရောက်မှ အိတ်စတန်းလုပ်ဖို့ပဲ.. နောက် လေဆိပ်ပိတ်သွားလိုက်တာ သူ့ဗီဇာကုန်တာနဲ့ သွားတိုက်၊ အစကပြန်လျှောက် ပြန်ကြာနဲ့.. ဒီနေ့မှ သူရောက်လာနိုင်တယ်။ သည်တော့ နောက်တစ်ပတ် တနင်္လာ၊ အင်္ဂါ အလုပ်လွှဲပြီးသွားရင် ခွင့်သွားရတော့မှာဆိုတော့.. စိတ်လက် နည်းနည်းပေါ့ပါးနေတယ်။ တန်းလန်းတချို့ဖြတ်ပြီးရင် အားလုံးသူ့ဆီလွှဲခဲ့တော့မှာဆိုတော့ပေါ့လေ..။ ထားပါတော့.. အဲဒါက။ အဲ.. ပြောချင်တာက အလုပ်တွေ အရမ်းများတဲ့အထဲမှာ ရုံးက တစ်ယောက်က အင်္ဂါနေ့က စကားလာစတယ်.. ထမင်းစားချိန်မှာပေါ့..

မော်မော်ရယ် မသီလေ..တစ်ခုလောက်တိုင်ပင်ချင်လို့ပါ..။ ဒီတစ်ပတ်ပိတ်ရက် စာအုပ်စင်ရှင်းလိုက်တာ.. စာအုပ်တစ်အုပ်ပြန်တွေ့တယ်။ သိလား။ အဲသည်စာအုပ်က လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ဆီက ငှားထားတာ..။ ခုမှ ပြန်မပေးရသေးတာသိတယ်။ အဲသည်သူငယ်ချင်းကလဲ စာအုပ်တွေ အရမ်းတန်ဖိုးထားတာ။ မသီ ပြန်လဲ ပေးချင်တယ်။ ပေးရင်လဲ စိတ်ဆိုးမှာ ကြောက်တယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ တဲ့။

အဲဒါများ မသီရယ်။ ပြန်ပေးလိုက်ပေါ့..။

ပေးလိုက်မှ စိတ်အရမ်းဆိုးသွားမှာကြောက်လို့.. တဲ့။

ပြန်ပေးလိုက်ပါမသီရယ်.. ။သူလဲ မမှတ်မိလို့ပြန်မတောင်းတာပေါ့။ သိပ်ကြီးစိတ်ဆိုးတော့မယ် မထင်ပါဘူး..။ ဆိုပြီးစကားစပ်ပြတ်သွားပါတယ်။

နောက်တစ်ရက်... ။ ကိုယ်နဲ့ ပရိုဂရမ်အရာရှိတစ်ယောက်နဲ့ .. ဘတ်ဂျက်တစ်ခု ထိုင်ဆွဲနေကြတုန်း လာပြန်တယ်။ မအေးသန်းရော မော်မော်ရောကိုလေ.. အကြံဥာဏ်လေးတောင်းချင်လို့.. ဆိုပြီး အဲသည်ကိစ်စပဲ ထပ်ပြောပြန်တယ်။ အလုပ်ကလဲ ရှုပ်နေရာကနေ.. မသီရယ်.. ဘာလို့ ဒီကိစ်စကို ဒီလောက် ဦးနှောက်ခြောက်နေရတာလဲ..။ ပေးစရာရှိတာ ပြန်ပေးလိုက်..။ မပေးချင်လဲ မေ့လက်စနဲ့ မေ့ထားလိုက်တော့.. ။ ဦးနှောက်ထဲ ထည့်မနေနဲ့.. လို့ ပြောလိုက်တယ်။


မပေးဘဲ ထားရရင် လဲ လိပ်ပြာသန့်တော့မှာ မဟုတ်ဘူး .. ။ပေးလိုက်ပြန်ရင်လဲ စိတ်ဆိုးဦးမယ်။ အဲလိုစာအု့ပ်မျိုး အသစ်ဝယ်ပြီး လက်ဆောင်အဖြစ် ပေးလိုက်ရမလားဟင် တဲ့..။


ကိုယ်က အလုပ်ကလဲ တော်တော်ရှုပ်တော့.. မသီရယ်.. အဲဒါဘာအရေးကြီးလို့လဲ..။ ဒီမှာ တအားရှုပ်နေတဲ့ဟာကို ပြန်မပေးချင်လဲ မပေးနဲ့တော့...ထားလိုက်တော့.. သွားပါတော့ကွာ..ဒီမှာရှုပ်နေတယ်... ဆိုတော့.. သူထွက်သွားတယ်။ ဒါကတစ်ရက်။


နောက် မနေ့က (သောကြာနေ့ပေါ့) ကော်ဖီသောက်ရင်း သူ့စားပွဲနားရပ်နေတုန်း တစ်ခါ မေးပြန်တယ်။ အဲသည်ကိစ်စ။ ကိုယ်ကလဲ သူ့ကို စိတ်ကလဲ တို သနားလဲ သနားနေပြီ။ ဒါကြောင့်လဲ အပျိုကြီးဖြစ်တာနေမှာ လို့လဲ ကောက်ချက်ချမိရင်း . .. စိတ်ရှည်လက်ရှည် ရှင်းပြမိတယ်... မသီရယ်.. လူဆိုတာ အသက်အရွယ်ရလာတာနဲ့အမျှ တန်ဖိုးထားတတ်တဲ့အရာတွေလဲ ပြောင်းသွားတတ်တယ်။ ပြန်သာပေးလိုက်ပါ။ ဟိုးတုန်းကအနေနဲ့သာ စိတ်ဆိုးရင် စိတ်ဆိုးမယ်။ ခုလောက်ရှိ သိပ်စိတ်ဆိုးတော့မယ် မထင်ပါဘူး လို့..။ အဲသည်တော့.. မော်မော် ဆိုရင်ကော. .တဲ့။
ကျွန်မဆိုရင်တော့ မသီရယ်.. ဟိုတုန်းကတော့ တစ်မျိုးပေါ့။ တန်ဖိုးထားတဲ့စာအုပ်တွေ ပျောက်ပေါင်းကလဲ များပြီ။ ခုဆို အလုပ်ကတစ်ဖက်၊ အိမ်ထောင်နဲ့ ကလေးက တစ်ဖတ်၊ အလုပ်ကပြန်ရောက်ရင် စာအုပ်တွေ လှည့်ကြည့်ဖို့နေနေသာသာ.. ကလေးနဲ့ နေလို့တောင်မ၀ဘူး။ စာအုပ်စင်က ဘာစာတွေပျောက်လို့..ဘာတွေဖြစ်နေမှန်းလဲ သိတော့တာမဟုတ်ဘူး။ စိတ်လဲ ဆိုးဖြစ်တော့မယ် မထင်ပါဘူး။ လို့ ပြောတော့မှ.. အဲသည် မသီဆိုတဲ့ ပြား ၁၀၀ မပြည့်တပြည့် အပျိုကြီးက... အမလေး ခုလိုကြားရတာ ၀မ်းသာလိုက်တာ မော်မော်ရယ်.. မသီပြောနေတဲ့ စာအုပ်က မော်မော့်စာအုပ်... တဲ့..။ ခုမှ ပဲ အသက်ရှူ ချောင်သွားတော့တယ်တဲ့...။


ဖြစ်မှဖြစ်ရလေ.. မသီရယ် လို့..ပဲ ပြောနိုင်တော့တယ်။ အေးလေ... စိတ်လဲ ဆိုးလို့ မှ မရတော့တာ.. ။ သူက ချည်ပြီးတုပ်ပြီးကိုး။

အင်း.... သူက ပြား၁၀၀ ပြည့်ရုံမက ၅ မတ် လူစားမျိုး.. ၅ မတ်လူစားမျိုး.. လို့ပဲ ကောက်ချက်ချမိတော့တယ်...။

No comments: