Saturday, February 10, 2007

အပျိုကြီး

မနေ့က ကော်ဖီဆိုင်ထိုင်ရင်း မဂ္ဂဇင်းတစ်အုပ် လှန်ဖတ်မိတယ်။ မော်ဒယ်လ်တို့ရဲ့ မိခင်လို့.. တင်စားခေါ်ဝေါ်ကြတဲ့ တင်မိုးလွင် ရေးထားတာတချို့ ဖတ်လိုက်ရတယ်။

ကျွန်မငယ်ငယ်က တွေးထားမိဖူးပါတယ်။ ကျွန်မ အသက် ၂၃ နှစ်လောက်မှာ အိမ်ထောင်ပြုမယ် လို့... တဲ့။

ကိုယ်ပြုံးမိလိုက်တယ်.. ။ ခုဆို သူ ၃၀ ကို အတော်ကျော်နေပြီမဟုတ်လား..။

သူက သူ့ကိုယ်သူ အပျိုကြီးဖြစ်နေရတာကို စိတ်ထဲမယ် ဘယ်လိုမှ မနေပါဘူး လို့ လည်း ဆက်ရေးထားသေးတယ်..။ ဒါဟာသူ့ရဲ့ရွေးချယ်မှုပါလို့ ဆိုတယ်..။ ဒါကတော့ သူမှ သိမှာပါပဲ..။ ကိုယ့်သူငယ်ချင်းရဲ့ ဦးလေး မွေးနေ့မှာ ဆုံဖူးခဲ့တဲ့ သူ့ကို ဘာရယ်မသိ အမှတ်ရမိတယ်...။ တော်တော်လေးကို သပ်ရပ်လှပ နိုင်တဲ့ မိန်းမတစ်ယောက်ပါပဲ..။

သူအပျိုကြီးဖြစ်နေတာ .. အချစ်ကြောင့်ဖြစ်နိုင်သလို.. စိတ်တိုင်းကျ ဘ၀အဖော် မတွေ့သေးလို့လည်း ဖြစ်မှာပဲ..။ (ကိုယ့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ပြောပြတာတော့.. သူ့လိုမျိုး မိန်းမမျိုးကို လက်ထပ်ခွင့်ရဖို့ ယောက်ျားတွေက ရဲကြမယ် မဟုတ်ဘူးတဲ့..။ အရှိန်အ၀ါရှိတဲ့ မိန်းမတစ်ယောက်မို့.. အနားမှာသာ ၀ဲချင်ဝဲနေကြမယ်.. ဘယ်သူကမှ လက်ထပ်ယူဖို့အထိ မကြိုးစားကြလို့ အပျိုကြီး ဖြစ်နေတာ တဲ့..။ )

ကိုယ့်သူငယ်ချင်း အပျိုကြီးမမ (သူက နယ်ကနေ ရန်ကုန်လာတိုင်း အိမ်မှာ တည်းပါတယ်..) ကို မေးဖူးတယ်..။ တစ်နေ့..သူက အပြင်သွားမလို့ အ၀တ်လဲနေတယ်..။ ကိုယ်က ကုတင်ပေါ်က နေ လှမ်းငေးနေရင်း ရုပ်လည်း မဆိုးလှတဲ့.. သူ့ကို အစ်မဘာလို့ အပျိုကြီးလုပ်တာလဲ... လို့ စပ်စပ်စုစု မေးမိတယ်..။ သူက ရယ်ရင်း.. အပျိုကြီးလုပ်တာမဟုတ်ဘူး..။ အပျိုကြီးဖြစ်သွားတာ တဲ့..။

ရယ်ရမလို.. မရယ်ရမလို.. မို့ ကိုယ်ကမရယ်မိဘဲ.. ဘယ်လိုဖြစ်လို့.. လို့ မေးမိတော့..။ ဒီလိုလေ.. ငယ်ငယ်တုန်းက ကိုယ့်အလှနဲ့ကိုယ်... ကိုယ့်ကိုယ် ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်ခဲ့တဲ့ အချိန်တွေ ရှိဖူးတာပေါ့..။ အဲသည်တုန်းက.. ဘယ်သူ့မှလည်း မချစ်မိ၊ မကြိုက်မိ၊ သင့်တော်ရာရွေးချယ် ရည်းစားထား ခဲ့လိုက်ရလည်း ကောင်းသား..။ ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘဲ နေရာက .. ခုကိုယ့်ကိုယ် ကိုယ် လည်း သတိထားမိရော.. ၃၀ ကို တော်တော်ကျော်လာခဲ့ပြီ..။ ခုမှ အရင်က ကိုယ့်ကို ကြိုးစားခဲ့ဖူးသူတွေကို ပြန်လှည့်ကြည့်မိတော့ အိမ်ထောင်တွေကျကုန်တဲ့ သူတွေက ကျကုန်ပြီ။ အိမ်ထောင်မကျသေးတဲ့ သူတွေကလည်း ကိုယ့်လို အသက်အရွယ်ကို စိတ်မ၀င်စားတော့ဘူး..။ ဒင်းတို့က ငယ်ငယ်ချောချောတွေဘက်လှည့်ကုန်ပြီ..။ အဲလိုနဲ့ပဲ.. အပျိုကြီး ဖြစ်မှန်းမသိ ဖြစ်သွားတာပါပဲ.. တဲ့..။

အစ်မ အိမ်ထောင်မပြုချင်ဘူးလား လို့မေးတော့.. ပြုဖို့ကြုံလာလည်း ပြုဖြစ်မှာပေါ့..တဲ့..။ ခုတိုင်းလည်း ဟုတ်နေတာပဲ...တဲ့..။ အင်း..။ ဟုတ်သား.. ။ အဲသည်ကိစ္စက သည်လောက်တော့လည်း အရေးမပါ.ပါဘူး..။

ဘာပဲဖြစ်ဖြစ် အပျိုကြီးနော်... လို့ ပြောလေ့ရှိကြတာကို ကိုယ်ကတော့ မခံနိုင်ပါ...။ ကိုယ်က အပျိုကြီးလုပ်မယ် လို့ ဘယ်တုန်းက မှ မဆုံးဖြတ်ခဲ့ပေမယ့်.. အသက် ၃၀ နားသို့ကပ်လာသည့်တိုင် တစ်ယောက်တည်း ဖြစ်နေသည့် ကိုယ် သည်လည်း အပျိုကြီး ဖြစ်မှန်းမသိ ဖြစ်နေပြီး ဖြစ်သည်။

ကိုယ်က ဘာကြောင့်မှန်းမသိ ကိုယ့်ကို စိတ်ဝင်စားသလို ချဉ်းကပ်လာတဲ့ ယောက်ျား တိုင်းကို စိတ်ထဲက မုန်းတာလား ဘာလား မသိတဲ့ ခံစားချက်က အမြဲလိုလို ဖြစ်ဖြစ် လာတတ်တယ်..။ စိတ်ဝင်စားစ ပြုလာတဲ့ ယောက်ျားဆိုရင်ကို ပြောဆို ဆက်ဆံလို စိတ်မရှိလောက်အောင် ဖြစ်တယ်..။ ပွင့်ပွင့်လင်းလင်း ပြောတဲ့ အထိမရောက်ခင် ကို.. စိတ်တိုတိုတောင်းတောင်း အလိုမကျစွာနဲ့ ပိတ်ပြောပစ်တတ်တယ်..။ မကြာသေးမီကပဲ သူငယ်ချင်းလို ရင်းနှီးခင်မင်လာခဲ့တဲ့ မိတ်ဆွေရင်း တစ်ယောက်ရဲ့ ထူးထူးခြားခြား ချိုသာပျော့ပြောင်းလာမှု၊ မကြာခဏတွေ့ဖို့ ပြောလာမှု စတာတွေကို သတိထားမိလာတာနဲ့.. သည်းမခံနိုင်စွာ ထုတ်ပြောမိတယ်.. စိတ်ထဲကဘယ်လိုတွေရည်ရွယ်နေတယ်ရယ်လို့ အတပ်မသိနိုင်ပေမယ့်.. ကိုယ့်ဘက်ကသေချာမှုတစ်ခုကို တော့ ထုတ်ပြောထားချင်တယ်..။ ဘယ်လိုပဲ ခဏခဏတွေ့တွေ့ ကိုယ့်ဘက်က မိတ်ဆွေသူငယ်ချင်း ခင်မင်မှုကနေ ဘာမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူး လို့.. တဲ့ကြီးချပြောဖြစ်တယ်..။ နောက်ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူးတဲ့..။ ကိုယ်ပြောနိုင်တယ်..။ သည်ထက် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့..။

(ကိုယ့်ပတ်ဝန်းကျင်ကယောက်ျားများနဲ့ ဆက်ဆံရေးမှာ သည်လို တွေ ဖြစ်နေပေမယ့် ကိုယ်က ကိုယ့်ဘ၀ကို အပျိုကြီးတစ်ယောက် အဖြစ်ဖြတ်သန်းမယ် လို့ ဘယ်တုန်းကမှလည်း ဆုံးဖြတ်ချက်မချခဲ့ဖူးပါ..။ ကိုယ်ရင်ခုန်စွာ ချစ်ခင်စိတ်လှုပ်ရှားသွားမယ် တစုံတယောက် များဆုံခဲ့ရင် သူနဲ့ အတူ ဘ၀ကို ဖြတ်သန်းသွားလိုပါသေးသည်..။ ချစ်ရခြင်းနှင့် အချစ်ခံရခြင်းကို ကိုယ့်နှလုံးသားကို သိစေချင်ပါသေးသည်..။ )

သို့ပေမယ့် လူတွေက ခက်ပါသည်..။ ကိုယ့်ရုံးမှာ ကိုယ် က ၂၉၊ ကိုယ့်လက်ထောက်က ၄၅ နှစ် အပျိုကြီး။ လုပ်ရတာက အုပ်ချုပ်ရေးနဲ့ ငွေစာရင်း။

အလုပ်ကို အလုပ်လို လုပ်တာလဲ.. အပျိုကြီးတွေ က ရစ်တယ်.. ရစ်တယ် နဲ့ ဖြစ်တယ်..။

ဟား.. အပျိုကြိးတွေက လုပ်ပြီ လို့ ကွယ်ရာမှာ လည်း ပြောကြတယ်..။

အပျိုကြီးနဲ့ ဘာဆို ဘာမှ ဆိုင်တာမဟုတ်ပါဘဲ.. ဘာကြောင့် ဆွဲဆွဲထည့် ကြတယ်ရယ် မသိပါ..။

အလုပ်ဖိအား များလို့ .. စိတ်တိုတောင်းရင်လည်း.. ဒါကြောင့်ပဲတဲ့လား..။

ဘာရယ်ကလေးမှ မဆိုင်ပါဘဲ. .. ဒါကိုပဲ အရေးလုပ်ပြောနေကြတာကိုတော့ ကိုယ်က စိတ်ဆိုးပါသည်။

စိတ်ဆိုးပေမယ့်လည်း.... အပျိုကြီးဘ၀က ရုန်းထွက်ဖို့.. ယောက်ျားတစ်ယောက် ကောက်ယူလိုက်ဖို့အထိ ကိုယ့်ရဲ့ မခံချင်စိတ်က မပြင်းထန်ထဲအခါ.. သူတို့ ချီးမြှင့်သည့် သည်ဂုဏ်ပုဒ်ကို ပဲ အရေထူစွာ ခံနိုင်ရည် ရှိဖို့ လေ့ကျင့် သွားရတော့မယ် ထင်ပါတယ်..။

No comments: