Sunday, November 18, 2007

Rodin, Rose, Camille & me

ရိုဒင်၊ ရို့စ်၊ ကမီးလ် နှင့် ကျွန်မ

ရိုဒင်ဆိုတဲ့စာအုပ်ကို ဖတ်ဖြစ်ခဲ့တာကြာပါပြီ။ ၂၀၀၄ သို့မဟုတ် ၂၀၀၅ က ဖြစ်မယ်။ ဒါပေမယ့် အဲသည်တုန်းက ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မိုက်ကယ်အိန်ဂျလို ကို သဘောကျခဲ့သလို… ပြင်သစ်ရဲ့ နံမည်ကျော် ပန်းပုဆရာကြီး ရိုဒင် အကြောင်း မောင်ထွန်းသူက ပြန်ဆိုပြန်တော့လည်း ပါရမီထူးတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သဘောကျ နှစ်ခြိုက်ခဲ့မိတယ်။ သူ့ရဲ့ လက်ရာပုံတွေကို ပုံနှိပ်ထားတဲ့ စာအုပ်ထဲပါတာကို ကြည့်လို့အားမရလို့.. အင်တာနက်မှာရှာဖွေကြည့်ရသေး စုဆောင်းရသေးတယ်..။ ရိုဒင်ရဲ့လက်ရာများကို သဘောကျတာနဲ့အတူ ရိုဒင့်ရဲ့ ပါရမီဖြည့်ဘက် ရို့စ် အင်မတန် နားလည်မှုပြည့်ဝတဲ့မိန်းကလေးအဖြစ်အသိအမှတ်ပြုခဲ့သလို.. ကင်မီလာကိုလည်း အစွဲအလန်းကြီးလွန်းတဲ့ ကလေးမကလေးအဖြစ်သာ ကောက်ချက်ချခဲ့မိတယ်။ ..အဲသည်တုန်းက ရိုဒင်ရဲ့ ပန်းပုတွေအကြောင်းလောက်သာ အာရုံများစူးစိုက်နေခဲ့မိတယ်ထင်ပါရဲ့… ။ အဲသည်ရိုဒင်ရဲ့ လက်ရာတွေသာ ကိုယ့်ကို စိုးမိုးနေခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ မိန်းမသားဘ၀နဲ့ ကန်ဒကို သိပ်များများ မတွေးခဲ့မိဘူး။

နောက်တော့လည်း အဲသလို အနုပညာတွေဘက်ကို မျက်စိမလှည့်နိုင်လောက်အောင် အလုပ်တွေကများ၊ စာအုပ်တွေနဲ့လည်းကင်းကွာနေခဲ့တာ ၂ နှစ်ကျော်ရှိခဲ့ပေါ့။ သည် ၂ နှစ်ကျော်အတွင်း ကိုယ်ဟာ ဘ၀ထဲမှာရှင်သန် ရုန်းကန်ရင်း ကိုယ့်ရဲ့ ခံယူချက်တွေ ဘယ်လိုတွေ ပြောင်းလဲနေခဲ့တယ် ဆိုတာဟာ ကိုယ်ကိုယ်တိုင် တွေးခေါ်သတိထားမကြည့်မိခဲ့တဲ့ ကိစ်စ။

ဒါပေမယ့် ညကမှ စာအုပ်စင်ကနေ ရိုဒင်ရဲ့ စာအုပ်ကို ပြန်ကိုင်ကြည့်ရင်း အစအဆုံး တစ်ခေါက်ထပ်ဖတ်ကြည့်မိပြန်တယ်။ ရိုဒင်ကို ပါရမီထူးတဲ့ အနုပညာရှင်တစ်ဦးအဖြစ်ု လေးစားနှစ်လိုစိတ်က အရင်ကလိုရှိနေတုန်းပဲ ဆိုပေမယ့်.. ယောက်ျားတစ်ယောက် အနေနဲ့ အလွန်စက်ဆုတ်မိလာတယ်။ ရို့စ်နဲ့ သူနဲ့ ကို အပြန်အလှန်ချစ်တဲ့ ချစ်သူတွေ အဖြစ်မမြင်မိတော့ဘူး။ ရို့စ်ကိုရော ကင်မီလာကိုရောအပေါ်မှာ သူ့အချစ်မရှိဘူး။ ရို့စ်နဲ့ ကင်မီလာ တို့မှာရှိသမျှ သူဟာစုပ်ယူစားသုံးတယ်။ သူရဲ့အောင်မြင်မှုဟာ .ဲသည်အမျိုးသမီး နှစ်ယောက်လုံးရဲ့ ဘ၀တွေကို နင်းခြေ ပြီးမှ တက်လှမ်းခဲ့တာ လို့ နာကျည်းစွာတွေးမိသွားပြန်တယ်။ ရို့စ်ရဲ့ နာကျင်မှုမျိုးနဲ့ နာကျင်တတ်လာတယ်။ ရို့စ်ချစ်သလို.. ရို့စ်ခံစားချက်တွေကို မျိုသိပ်ပြီး နားလည်ကြင်နာပေးဖြည့်ဆည်းပေးရတဲ့ လိုချင်တာတွေ ရလေ့မရှိဘဲ အပေးသက်သက်သာ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းကို နားလည်တတ်လာလို့များလား။ ကင်မီလာလို့.. အပြည့်မရရင် လုံးဝမယူတော့ဘူးဆိုတဲ့ အတ်တတစ်ခုနဲ့ ရင်ထဲက အချစ်ကို ကိုယ်တိုင်ခြေမွဖျက်စီးရင်း.. ဘ၀တစ်ခုလုံးဆုံးရှုံးခံလိုက်ရတဲ့ (ရူးလို့တောင်သွားရသတဲ့) ကင်မီလာနာကျင်မှုတွေကို လည်း ကိုယ်က နားလည်တတ်ပြီ။

ရိုဒင်လို မိန်းမတစ်ယောက်ရဲ့ ဆန်ဒနဲ့ တွယ်မက်မှုကို မိန်းမတစ်ယောက်ဘက်က ခဏကလေးတောင်မှ ၀င်ကြည့်မပေးတတ်ဘဲ..သူ့အတွေးနဲ့သူသာ တစ်ကမ်ဘာလုပ်ရင်း ဘ၀ဖော်ကို တဘ၀လုံးအတွက် အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ပျော်ရွှင်မှုဝမ်းနည်းမှု စတာတွေဝေမျှရမယ့်အစား စည်းတစ်ခုခြားလို့.. လိုရာသုံးအဖြစ်သဘောထားသူလို လူမျိုးကို သူဖန်တီးခဲ့တဲ့ အနုပညာသက်သက်ကိုပဲ ပိုင်းခြား ခံစားရင်း ကြံဖန် လေးစားးကြည့်ရတော့မယ်။

စာအုပ်ကိုဖတ်လို့ပြီးသွားတဲ့အချိန်မှာ မနက် ၂ နာရီထိုးနေပြီ။ စာအုပ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်ချရင်း တအံ့တသြကြည့်ရင်းတွေးနေမိတယ်။ ကြည့်စမ်း ဘ၀ဟာ ၂ နှစ်အတွင်း ကိုယ့်ကို ပြောင်းလဲစေခဲ့လိုက်ပြန်ပြီ။ ဘယ်လိုအကြောင်းတရားတွေကများ လွန်ခဲ့တဲ့ ၂ နှစ်က ကိုယ်နဲ့ အခု ကိုယ် တို့ရဲ့ အတွေးအမြင်တွေ သည်လောက် လွဲချော်သွားစေခဲ့တာပါလိမ့်..။

ကံကောင်းတာတစ်ခုက ကိုယ်စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တစ်နေ့ကျရင် ယူရုပ်ဖက်ကို သွားပြီး မိုက်ကယ်လ်အိန်ဂျလိုတို့ ရိုဒင်တို့ရဲ့ လက်ရာတွေကို ကိုယ်တိုင် ကြည့်ရှုချင်သေးတယ်ဆိုတဲ့ အိပ်မက်ကလေးတစ်ခု အကောင်းအတိုင်းကျန်နေသေးတာပါပဲ။ (ရိုဒင်ရဲ့ ပန်းပုတွေ ကိုယ်တိုင် မမြင်တွေ့ရဖူးပေမယ့်.. အင်တာနက်စာမျက်နှာတွေပေါ်က ခံစားရသမျှနဲ့ ကိုယ်ရှာဖွေသိရသမျှ နောက်ခံအကြောင်းအရာလေးများနဲ့ ဆက်စပ်ခံစားပါဦးမယ်။)

ကိုယ်တွေးမိတဲ့.. အံ့သြစရာကောင်းတဲ့နောက်တစ်ချက်က ကိုယ်တို့ဆီက ပန်းပုသမားတွေဟာ မြတ်စွာဘုရားပုံကလွဲလို့ တခြားထုဖို့ ဘာကြောင့် စိတ်မ၀င်စားကြသလဲ ဆိုတာ စဉ်းစားလို့မရပါဘူး။ ကျောက်သားကျောက်တောင်တွေလည်း ကိုယ်တို့မှာ ပေါပါရဲ့.. သို့ပေမယ့်.. မြတ်စွာဘုရားပုံတော် ကလွဲတဲ့ ကြေးသွန်းတို့ ကျောက်ဆစ်ပန်းပုတွေလည်း အတော်နည်းတယ်။ ကိုယ့်စိတ်ကူးထဲမှာ ရန်ကုန်မြို့ရဲ့ အ၀ိုင်းကြီးတွေအလည်မှာ..ဘာမှန်းမသိတဲ့ခပ်ပေါပေါပန်းတွေနဲ့ တန်ဆာဆင်မှု တွေထက်စာရင် စကျင်တောင်ဘက်ကထွက်တဲ့ကျောက်သားတွေ၊ ဂရက်နိုက်တုံးကြီးတွေနဲ့..မော်ဒန်ပန်းပုတွေထားရင် အများကြီးကြည့်ကောင်းမယ်ထင်မိတယ်။

No comments: