Saturday, February 12, 2011

လပြည့်ဝန်းသို့ တမ်းချင်း ည၊ သျှီ၊ ကျွန်မ နှင့် ဂျူး အတူရှိခဲ့သော ည

MRTV-4 ကနေ တေးရေးကိုနေ၀င်းရဲ့ သီချင်းများသီဆို မယ့် ပွဲ မဇျွမလှိုင်းရဲ့ နှစ် ၃၀ ပြည့် ဆိုတဲ့ ကြော်ငြာလာကတည်းက ယောက်ျားက ကြည့်ချင်လိုက်တာ ဆိုပါတယ်။ အဲဒီပွဲသွားကို သွားကြည့်မယ်ကွာ။ ဒီလူကြီးရေးတဲ့သီချင်းတွေ အကုန်အကောင်းတွေချည်းပဲ အဖော်လိုက်ရှာဦးမယ် လို့ဆိုပါတယ်။ သူ့ကို လှည့်ကြည့်ရင်း ကိုယ့်ရင်ဘတ်ကိုယ် ပုတ်ပြရပါတယ်။ ဟောဒီမှာလေ.. အဖော်..။ ဒါအဖော် မဟုတ်ဘူးလား လို့..။
သူမေ့နေရှာပါပြီ။ သူငယ်ချင်းဘ၀ ချစ်သူဘ၀မှာတုန်းက အဖော်ရယ်လို့ သတ်မှတ်ခဲ့ပြီး သူဘယ်သွားသွား ရှိစေချင်လိုက်တာ ပါစေချင်လိုက်တာ ဆိုပြီးနိုင်ငံခြားကတောင် ဖုန်းလှမ်းဆက်ပြောတတ်တဲ့သူ..။ စာအုပ်တန်းသွားဖို့လဲ အဖော်လို့ ထင်တယ်။ အခွေတွေသွားရှာကြမယ်ဆိုလဲ အဖော်လို့မြင်သေးတယ်။ ခုတော့... အိမ်မှာ ကလေးထိန်းရင်းကျန်ရစ်ခဲ့မယ့် မိန်းမကြီး ဖြစ်နေပြီလေ..။ ဒီလို ရှိုးပွဲအတူသွားကြည့်ဖို့ အဖော်ရယ်လို့ သူ့မျက်လုံးထဲမယ် မမြင်ရှာတော့ဘူး။
ယောက်ျားများဟာ အဲသလို....။
ဒီလိုနဲ့ပဲ အမျိုးသားကဇာတ်ရုံမှာ ကျင်းပတဲ့ ထူးထူးခြားခြား ဒီလိုပွဲကို စုံတွဲလက်တွဲပြီး သွားခဲ့ပါတယ်။
၉၀၀၀ တန်း၊ ၁၅၀၀၀တန်း နဲ့ ၂၀၀၀၀ တန်းရှိရာမှာ နေ့လည် လက်မှတ်သွားဝယ်ကတည်းက ကိုယ့်ကိုယ်ကို လူလတ်တန်းစားရယ်လို့ သတ်မှတ်ပြီးသကာလ ၁၅၀၀၀ တန်းကပဲကြည့်မယ် လို့ဆုံးဖြတ်ခဲ့သလို East Point-Ocean မှာကလဲ အဲဒီလက်မှတ်ပဲရှိတာပါ။ နေရာကောင်းလို့ ထင်မိတဲ့ ၀င်ပေါက်ဘေးကပ်ရက် နောက်ဆုံးခုံတန်း အိုင်းလ်စိ ပေါ့နော်။ ရပါတယ်။ (တကယ်တော့ မကောင်းပါ)။ ပွဲမစခင် ပွဲအဆင်အပြင် တွေကြည့်ရင်း ရိုးရိုးရွရွလူတွေကို ကြည့်ရင်း ဒီလိုနေရာကို ဆရာမဂျူးရောက်နေမှာ မလွဲလောက်ဘူးဆိုတဲ့ ဆန့်စ် က အလိုလိုရပါတယ်။ ယောက်ျားရေ.. ဒီအထဲမှာ ဂျူးရောက်နေမယ် ထင်တယ် လို့ပြောဖြစ်တော့ သူက သေချာတာပေါ့တဲ့။ ပွဲအဖွင့်က ဘိုဖြူပါ။ ဒီလိုပွဲကြီးကို ပရန်ဇန်တာအဖြစ် မန်းလေးFM ကပေါက်စကောင်မလေး တွေ ဖြစ်နေတာတော့နည်းနည်းသည်းခံရပါတယ်။ သူတို့ကြိုက်တဲ့သူကို အမွှမ်းတင် ခေါ်ရင်း အမွှန်းမတင်တတ်တဲ့သူကို ရိုးရိုးပြောချလိုက်တာမျိုးဟာ စော်ကားသလိုဖြစ်တတ်တာ သတိထားမိပုံမရပါဘူး။ နောက်ပိုင်း အမေးအဖြေကဏ္ဍမှာလဲ လုံးဝ ပွဲမထိန်းတတ်ပါဘူး။ ကော့်လက်စ် ၂ လုံးကို ပရိတ်သတ်ထဲ တပြိုင်နက် ပို့ထားလိုက်လို့.. မေးခွန်းတွေ သံပြီုင် ဟိုက ဒီက ထွက်လာတွေနဲ့.. ထားပါတော့။

သီချင်းတွေကအားလုံးအကောင်းတွေချည်းပါပဲ။ ကိုယ့်ခေတ် သိပ်မဟုတ်ခဲ့တော့ တချို့သီချင်းတွေ မသိတာကလွဲလို့ပေါ့။ မသိပေမယ့် သီချင်းကောင်းတွေ ဖြစ်သလို live ရဲ့ အရသာကို အပြည့်ခံစားရပါတယ်။ သျှီက နောက်ဆုံးအိပ်မက် မဖျော်ဖြေခင် အဲသည်သီချင်းကို သူသိပ်ကြိုက်ကြောင်း၊ သူလေးစားရတဲ့ ဆရာမဂျူးကလဲ အဲသည်သီချင်းကို ကြိုက်တဲ့အကြောင်း အဲဒါကြောင့် သူက ဆရာမဂျူးကို ဒီပွဲလာဖို့ ဖိတ်ထားပါတယ်တဲ့။ ပွဲရဲ့ ၅တန်းမြောက်မှာ ဆရာမရှိနေပါတယ်လို့ပြောပါတယ်။ ကိုယ်ထင်တာ မှန်သွားတာပေါ့နော်..။ အဲသလို ဆရာမဂျူး ငုတ်တုပ်ရှိနေတာကို ပဲ .. အမေးအဖြေကကဏ္ဍမှာ လူတစ်ယောက် က အရင်တုန်းက မဂဇင်းတစ်အုပ်ထဲမှာ ဆရာကိုနေ၀င်းရေးခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ်ဟာ ကော်ပီဖြစ်တယ်လို့ ဂျူးကရေးခဲ့ဖူးတဲ့အကြောင်း မေးရင်းဖွပါတယ်။ ပွဲပဲ။
အားလုံးထဲမှာ သျှီရဲ့ ဖျော်ဖြေဟန်ကို အကြိုက်ဆုံးပါပဲ။ အဆိုတော်တွေထဲမှာ နိုင်ငံရေးလုပ်မယ်ဆိုရင် အောင်မြင်နိုင်တာ သျှီနဲ့ ဇော်ဝင်းထွဋ်ပဲ လို့တွေးမိပါတယ်။ သီချင်းမဆိုခင် ပရိတ်သတ်တွေကို စည်းရုံးတတ်၊ လုံးတတ်၊ ပေါင်းတတ်လို့ပါ။

အကြိုက်ဆုံးကတော့ သျှီရဲ့ နောက်ဆုံးအိပ်မက် ဆိုတဲ့ သီချင်းပါပဲ။
တေးရေးဆရာ ကိုနေ၀င်း အလွန်ပဲတော်ပါတယ်။ သီချင်းများအားလုံးနီးပါး လှပသလို အဓိပါယ်ပြည့်ဝခွန်အားရှိတဲ့ သီချင်းများရေးနိုင်ခဲ့လို့ပါပဲ။

No comments: