Tuesday, September 2, 2008

သားကလေး မွေးဖွားခြင်း အကြောင်း

သားကလေးကို ၆ ရက်နေ့က ဗိုက်ခွဲပြီးမွေးလိုက်ရတယ်။ အဲသည်နောက် အွန်လိုင်းမလာဖြစ်ခဲ့တာ ခုထိပဲ။ ဒီနေ့ သားကလေး ၂၇ ရက်မြောက်နေ့ပေါ့။ နို့တိုက်ပြီး သိပ်ထားခဲ့တယ်။ အခု အိမ်နားက အင်တာနက်ဆိုင်ကနေ ၀င်နေတာ။ အခု ပဲ အိပ်နေတဲ့ သားပုံလေးရိုက်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်စရာကောင်းလာတဲ့သားကလေးပေါ့။


ရိုးရိုးမွေးဖို့ ရည်ရွယ်ထားပေမယ့်လဲ အိုဂျီက စမ်းသပ်ကြည့်တော့ ချက်ကြိုးလျှောနေတယ်တဲ့။
ရိုးရိုးမွေးတဲ့အထိစောင့်လိုက်ရင် အနရယ်ရှိတယ်ဆိုတာကြောင့် ခွဲမွေးလိုက်ရတယ်။
၅ရက်နေ့က စမ်းသပ်ကြည့်ပြီး ၆ ရက်နေ့ သြဂတ်စ် မနက် ၅ နာရီမှာ ခွဲမွေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အတွက် (အိုဂျီက ဆုံးဖြတ်တယ်ဆိုပေမယ့် သဘောတူလားမေးပါသေးတယ်။ မတူလို့မှမရတာနော်.. ကလေး အနရယ်ရှိတယ်ဆိုတော့.. ဟုတ်ကဲ့။ တူပါတယ်ပေါ့။) ၅ ရက်နေ့ ညနေ ၄ နာရီက စလို့ ဘာဆိုဘာမှ မစားရ။ရေလည်း မသောက်ရ။ နောက် ညဘက်ကို ၀မ်း ၂ ကြိမ်ချူရသေးတယ်။
မနက် ၃ နာရီလောက်ကျတော့.. နာ့စ်က နှိုးပေးပြီး သန့်ရှင်းရေးလုပ်ပေး၊ ခွဲစိတ်ခန်းဝင်တဲ့ ၀တ်စုံကြီးလဲ ပေး.. နောက် ဆေးတည့်မတည့်စမ်းတဲ့အနေနဲ့ ဆေးလာထိုးသေးတယ်။ ယောက်ျားက ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပေးထားသေးတယ်။
ခွဲခန်းဝတ်စုံစိမ်းကြီးနဲ့ အမှတ်တရပေါ့လေ...။ နောက် လမ်းလျှောက်လို့ရရက်သားနဲ့ တွန်းလှည်းနဲ့ လာခေါ်သွားပါတယ်။ ကိုယ်ကလဲ အကောင်းကြီးကို တွန်းလှည်းနဲ့ လာခေါ်တော့.. ကိုယ့်ဟာကိုယ် လျှောက်လို့မရဘူးလားဆိုတော့ မရဘူးတဲ့..။ အဲသလိုနဲ့ ယောက်ျားနဲ့ အမေနဲ့ကို တာ့တာပြပြီးခွဲခန်းဆီကို ပါသွားပါလေရော.. ။တကယ့်တကယ်ကြီးကျတော့ ကိုယ့်နား ဘယ်သူမှ မပါဘူး။ ကိုယ်တစ်ယောက်တည်းရင်ဆိုင်ရတာပါပဲ။ ကြောက်တော့ကြောက်မိတယ်။ လက်ကိုလဲ ဆေးသွင်းတယ်။ ခွဲကုတင်ပေါ်ရောက်တော့.. လက်တစ်ဖက်က ဆေးသွင်း။ တစ်ဖက်က ဟိုဟာဒီဟာတွေ ညှပ်ပေါ့လေ..။ ကိုယ်လဲ တစ်ထိတ်ထိတ်နဲ့ ဘာက ဘာလုပ်နေမှန်းမသိတော့ဘူး။ နောက်တော့ လူကို တစ်ဖက်စောင်းပြီး ကွေးခိုင်းထားရာကနေ ကျောအဆစ်ရိုးထဲကို ထုံဆေးထိုးထည့်လိုက်တယ်။ ထိုးပြီးလို့ ပက်လက်အနေအထား ပြန်ပြောင်းလိုက်တဲ့အချိန်မှာပဲ အောက်ပိုင်းတစ်ခုလုံးထုံသွားတော့တယ်။ နောက် ကိုယ့်မျက်လုံးကိုလည်း အုပ်လိုက်တယ်။ ဗိုက်ကို ဆေးတွေသုတ်နေတာတို့ ခွဲတာတို့ကို သိနေပေမယ့် ထုံတုံတုံနဲ့ မနာဘူး။ ကလေးကို ဆွဲထုတ်လိုက်တော့ အိုဂျီရဲ့ အသံကိုကြားရတယ။် ကလေးက မျက်နှာဖုံးလေးနဲ့တော့တဲ့။ ၀ါးခနဲ အော်ငိုတဲ့ကလေးသံလဲ ကြားရတယ်။ ကိုယ်က မေ့ချင်သလိုလို အိပ်ချင်သလိုလိုဖြစ်လာရင်းက မျက်နှာဖုံးဆိုတာဘာလဲ လို့ လှမ်းမေးလိုက်မိတော့... အရေပြားအဖုံးကလေးပါတာ။ သိမ်းထားဖို့ယူမလားတဲ့။ ကိုယ်လဲ ဘာမှန်းမသိတာနဲ့ ဟင့်အင်းလို့ ဖြေပြီး.. အိပ်ပျော်သွားတော့တယ်။ သတိပြန်ရလာတော့ အခန်းကိုပြန်ရောက်နေပြီး တအားတအားကို ချမ်းနေတယ်။ စောင်တွေနဲ့ ၀ိုင်ုးခြုံပေးနေတာသတိထားမိတယ်။ ကလေးကို ၀ိုင်းကြည့်ပြီး စကားပြောနေတဲ့အသံတွေလဲ ကြားနေရတယ်။ ကိုယ့်ယောက်ျားက သူဘာလို့ အဲလောက်ချမ်းနေတာလဲ လို့ မေးတဲ့အသံလဲကြားတယ်။ မေ့သလိုလို သတိရသလိုလို နဲ့ ခိုက်ခိုက်တုန်ချမ်းတာပဲ သိတော့တယ်။ ကောင်းကောင်းသတိလည်လာတဲ့အချိန်မှာ ကိုယ့်အစ်မလတ်နဲ့ အမေနဲ့က ကိုယ့်ခြေထောက်တွေကို ဆုပ်ဆုပ်ပြီး နှိပ်ပေးနေတယ်။ ထုံနေရာကနေ တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ချမ်းတာလဲ နည်းနည်းလျော့သွားတယ်။ ကလေးလေးကို ကိုယ့်နားလာပို့ပြီး နို့စမ်းတိုက်ကြည့်ကြတယ်။ သားလေးက အနှီးထုတ်ကလေးနဲ့.. မျက်လုံးလေးတွေဖောင်းအစ်အစ်နဲ့ နီတာရဲကလေးရယ်။

ပထမဆုံးနို့ရည်စတိုက်ကြတယ်။ သားကလေး ပထမဆုံးစသင်ယူရတဲ့အတတ်ပညာပဲ။ ပထမဆုံးဆိုတော့. နို့ရည်ကြည်လေးနည်းနည်းပဲ စထွက်တယ် ..။ နို့ဗူးလေးဖျော်တိုက်ရတယ်။ ကိုယ်ကတော့ အိပ်ယာပေါ်မှာ ခေါင်းအုံးမပါဘဲ ပက်လက်။ ခေါင်းလည်းမလှုပ်ရဘူး တကိုယ်လုံးမလှုပ်ရဘူး။ ဘာမှ မစားရမသောက်ရဘူး။ ၂၄ နာရီပြည့်မှ ပဲ ရေစသောက်ရတယ်။ ခေါင်းအုံးစအုံးရတယ်။

ကလေးလေးက ကျန်းကျန်းမာမာနဲ့ အသားဝါမပါလာဘူးဆိုပြီး ၀မ်းသာနေတုန်း ၅ ရက်မြောက်နေ့မှာ နည်းနည်းဝါချင်သလိုလို ဖြစ်နေလို့ မီးပြရသေးတယ်။ သားလေးက အော်အော်ပြီးငိုတယ်။ အနှီးလေးနဲ့ ပတ်ထား၊ လူက ပွေ့ထားပိုက်ထားမှ နေတတ်သေးတဲ့ သားကလေးကို ကိုယ်တုံးလုံးကလေး မီးချောင်းအောက်မှာ ထားရတော့.. သူလန့်တာပေါ့... လွတ်လွတ်ကြီးဖြစ်နေတော့ ကြောက်ပြီး ငိုရှာတယ်။ သူ့ကို သနားလို့ ကိုယ်ပါငိုရတယ်။

၇ ရက်မြောက်နေ့မှာတော့ ကလေးအထူးကုက ရပါပြီ။ ဆင်းလို့ရပြီဆိုတော့ .. ၁၂ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့တယ်။ မဆင်းခင် သူ့ရဲ့ ဒေးနဲ့ နိုက်ဆရာမလေး၂ ယောက်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ်။



ဒါကတော့ ဆေးရုံရောက်ြ့ပြီး မှတ်တမ်းတင်ထားတဲ့ပုံပါ။ သားကလေးကို ခွဲမထုတ်ခင် အမှတ်တရပေါ့။


ဆေးရုံပေါ်နေစဉ် တစ်ပတ်မှာ သားအဖေက ညည ရုံးကနေပြန်လာပြီး ကလေးထိန်းတယ်လေ...။ သူကလေးချီပြီး ချော့နေတဲ့ပုံသဘောကျလို့ ကုတင်ပေါ်ကနေ လှမ်းရိုက်ထားတာ။

No comments: