Sunday, May 4, 2008

5 May 2008

ဘက်စ်ကားခက တစ်ကြောကို ၁၀၀၀ ပါ။ ရွှေပြည်သာကဘက်စ်ကားနဲ့ လာတဲ့သူက ၃၀၀၀ ပေးရတယ်လို့ပြောပါတယ်။ ၀န်ထမ်းအချို့နဲ့ ပြောကြည့်တာ။

ဆီဈေးက ၁သောင်းဖြစ်သွားပြီလို့ပြောပါတယ်။ တက်စီခက အရင် ၁၀၀၀ နဲ့လာတဲ့လမ်းကို ၃၀၀၀ တောင်းတယ်။ ကျောက်မြောင်းက အစ်မကြီးက ခါတိုင်း ၂၀၀၀ နဲ့လာတဲ့လမ်း ဒီမနက် တက်စီခ ၆၀၀၀ တောင်းတယ်ပြောပါတယ်။

အဓိက ပြသနာကတော့ သောက်ရေပါ။ ရေသန့်ဗူးတွေ လဲလို့မ၇တော့ပါဘူး။ လမ်းထဲမှာ ရေတွင်း တစ်တွင်း ရှိတာ မနက်က လူတွေ ပြုံနေတာ တွေ့ရတယ်။ ရေလာချိုးကြတာပါ။ အိမ်မှာတော့ အပေါ်တန့် ထဲမှာ ရေ ကျန်သေးသလို အောက် က အုတ်ကန်ထဲမှာရယ် လိုလိုမယ်မယ်ဆောင်ထားတဲ့ တိုင်ဂီထဲမှာရယ် ရေရှိနေ သေးတယ်။ အပေါ် tank ထဲက ရေကို သောက်ရေအဖြစ်သုံးဖို့ချန်ပြီး ဆေးတာကြောတာကို basin မှာ ပိုက်ဖွင့်မဆေးပဲ.. ရေဇလုံ နဲ့ ရေခြွေတာသုံးနေရတယ်။ မီးမလာလို့ ရေမရပါဘူး။

Emergency Lamp လေးကို ရုံးယူလာပြီး အားသွင်းရတယ်။ မနေ့ကတော့ City Mart (အောင်ဆန်းကွင်း) က နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပေးတယ်ဆိုလို့ ၄ နာရီလောက်ကရောက်တယ်။ လူတွေ အရမ်းများနေလို့ ပေးမ၀င်ပါဘူး .. ။အပြင်ကနေ တန်းစီရတယ်။ နာရီဝက်လောက် တန်းစီပြီးမှ ၁၀ ယောက်ချင်း ပေးဝင်ပါတယ်။ ၀ယ်လိုက်ကြတာအုံးအုံးကျွက်ကျွက်ပါပဲ။ .. ဈေးတွေ မတင်ထားဘဲ အရင်ဈေး အတိုင်းပဲ ရောင်းပေးတာကျေးဇူးတင်ရမယ်။ ဆီရယ်၊ ဆက်သား ခြောက်ဖုတ်တို့ဘာတို့ ရယ်ဒီမိတ် အစားအစာတွေ နည်းနည်းဝယ်တယ်။ နို့တို့ အသားတို့က ရေခဲသေတာကလည်း မီးမလာတာနဲ့ မ၀ယ်တော့ဘူး။ ငွေရှင်းဖို့ တန်းစီရတာ ၁ နာရီကြာတယ်။ ငွေရှင်းဖို့တန်းစီရင်းမှ ရှေ့က အစ်မကြီး တောင်းထဲမှာ ဖယောင်းတိုင်တွေ တွေ့လို့.. သူ့ကို ခြင်းအပ်ပြီး ခဏဖယောင်းတိုင်ပြေးယူရတယ်။ ကိုယ်ဖယောင်းတိုင်တွေ ယူပြီးပြန်လာတော့ နောက်က တန်းစီနေတဲ့ နိုင်ငံခြားသား လင်မယားက ကတွတ်ကတွက်ပြောပြီး မိန်းမက အပြေးအလွှားဖယောင်းတိုင်တွေ ပြေးယူကြပြန်တယ်။ ရယ်ရတယ်။

အပြင်ကဈေးလေးတွေကတော့ ရှိသလောက်ပစ်စည်းတွေနဲ့ ဖွင့်ကြ သေးတယ် ပြောတယ်။ ဒါပေမယ့် ဈေးတွေက အကုန်တက်တယ်ပြောတယ်။

ရထားလမ်းတွေပေါ်လည်း သစ်ပင်တွေလဲကျနေတာ ဆိုတော့ ကားလမ်းတွေ ရထားလမ်းတွေ ခက်ခဲမှာရယ်၊ ဆီဈေးတွေတက်တာရယ်ပေါင်းပြီး နယ်ကလာမယ့် ကုန်စည်တွေ အကုန်ဈေးတွေ ထပ်တက်ပါဦးမယ်။

ကိုယ်ကတော့ .. ၀ယ်လှောင်လဲ အလကားမို့.. နည်းနည်းပါးပါးပဲ.. ၀ယ်ပါတယ်။ အိမ်ကို ဖုန်းဆက်ကြည့်တော့ ဆန်ဆီရှိတယ်။ ပုစွန်ခြောက် ငါးခြောက်ကလည်း ရှိတာမို့ စိတ်ပူစရာမရှိပါဘူး။ အလွန်ဆုံး ၂ ပတ် ၃ ပတ်စာလောက်ရှိရယ် အဆင်ပြေမယ် ထင်တာပါပဲ။

အဲလောက်အထိပဲ ဒုက်ခများမယ် မှန်းထားမိတာပါ။ ပိုဆိုးရင်တော့ မပြောတတ်ပါ။ ပိုက်ဆံကတော့ တော်တော်ချွေချွေတာတာ သုံးရမယ်။ ကိုယ်တွေ လူလတ်တန်းစား မြို့ပေါ်နေတွေရဲ့ ဒုက်ခက ဒါပါပဲ။ အိမ်မိုးသွပ်တွေလည်း အခု လိုသလောက် မရတော့ဘူး တန်းစီရတယ် ကြားပါတယ်.။ ကိုယ်တို့ ခေါင်မိုးတော့ တက်မကြည့် ရသေးပါဘူး။

နောက်တစ်ခါ မိုးရွာရင်တော့ မိုးတွေ ယိုဦးမှာပါပဲ။ တစ်တိုက်လုံးနဲ့ တော့ စကားပြောရဦးမယ်။ ခေါင်မိုးတွေ ပွင့်ထွက်ကုန်လို့ အိမ်ဟောင်းလောင်းဖြစ်သွားတဲ့ သူတွေရဲ့ ဒုက်ခက ဘယ်လိုလဲ မသိဘူး။ မှန်းလို့တောင် မတက်ပါဘူး။ ရေနစ်တဲ့ နေရာကလူတွေ တဲတွေ နဲ့နေကြတဲ့သူတွေ .. ဘယ်လိုတွေဖြစ်မယ်မသိဘူး။ မနေ့ကတော့ ရေဒီယိုလေးတစ်လုံး ၀ယ်ခဲ့တယ်။ အဲဒါလေးနဲ့ သတင်းလေး ဘာလေး နားထောင်လိုက်ရတယ်။

၃ ရက်နေ့ ဖလိုက်နဲ့ ကာတာသွားမယ့် ညီမလေးလဲ မသွားဖြစ်လိုက်ဘူး။ သူ့ဖလိုက်တွေလည်း ဘယ်လိုလိုက်ပြန်ချိတ်ရမလဲ မသိသေးဘူး။ ရန်ကုန် လေဆိပ်တော့ ဒီမနက်ပြန်ဖွင့်တယ် လို့ သိရပါတယ်။ ယောက်ျားကတော့ ညည်းနေပါတယ်။ သူတို့ ကုမ်ပဏီ ပိတ်ထားရမလားမသိဘူးတဲ့။ အဲလောက် ကားခနဲ့ ၀န်ထမ်းတွေ အလုပ်ဆင်းခိုင်းဖို့လည်း မလွယ်ဘူး။ အဲသည် ဆီဈေးနဲ့ မီးစက်မောင်းပြီး ရုံးဖွင့်ရရင်လည်း သေမှာပဲ တဲ့။ ဖုန်းတွေကလည်း မကောင်းဘူး ....။ တော်တော်များများ ဒုက်ခရောက်ကြဦးမယ်။

No comments: