Saturday, November 11, 2006

ကံကြမာကို မယုံကြည်ကြသူများ (ဂျူး)

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်နဲ့ အပြန်အလှန် သဘောကျ နှစ်သက်နေပြီ ဆိုရင် ဖွင့်ပြောဖို့ တာဝန်က ယောက်ျားမှာ သာရှိသလား.. မိန်းမကရော .. ဖွင့်မပြောနိုင်ဘူးလား..

ကံကြမာကို မယုံကြည်ကြသူများ (ဂျူး)
" ဇော်ခင်ကို ဖွင့်ပြောလိုက်ရင် ဇော်ခင်က မိန်းမတစ်ယောက်ကို သူနဲ့ အဆင့်တူ၊ အခွင့်အရေးတူဖြစ် မြင်ပါ့မလား.. ဒီမိန်းမအပေါ် အထင်သေးလှောင်ပြောင်မလား.. ဓာတ်ခွဲခန်းထဲက ပူးကလေးတွေ.. ကြွက်ဖြူလေးတွေလို ကစားဖို့ အခွင့်အရေး တစ်ခုလို့ သတ်မှတ်မလား.. ဇင်မီ့ရဲ့ တကယ်လေးနက်တဲ့ အကြင်နာတွေ.. မြတ်နိုးမှုတွေကို ဇော်ခင်က ဟာသအဖြစ် မြင်မလား..."

"မြင်မှာပဲ.. မြင်မှာပဲ.. မိန်းမပျက်တစ်ယောက်နီးပါး အထင်သေးပြိး ရယ်ချင်မှာပဲ"

အားလုံးသည် ဇင်မီ နှင့် ဇော်ခင် အကြောင်းမှ သွေဖည်ကာ မိန်းမနှင့် ယောက်ျားအကြောင်းရောက်သွားကြ၏။

feminist.. feminist နဲ့ နေရာတကာမှာ အခွင့်အရေး တန်းတူတောင်းဆိုဖို့တော့ မဖြစ်နိုင်ဘူးကွနော်... ကမ္ဘာပေါ်မှာ ယောက်ျားတွေက သူတို့ကိုယ်သူတို့ ယောက်ျား လို့ ဂုဏ်ယူနေသမျှ တို့ မိန်းမတွေဟာ သူတို့ ယောက်ျားတွေအတွက် ဂုဏ်တတ်စရာ လုပ်ရပ်တစ်ခု လုပ်ပေးသလို ဖြစ်မသွားအောင် အထူးဂရုစိုက်ရမယ်.. မိန်းမတွေ ကြိုးစားနေတဲ့ တန်းတူအခွင့်အရေး တချို့ ဟာ ယောက်ျားတွေကို အရှက်ရစေနိုင်တယ်ကွ.. အဲဒါမျိုးတော့ ကိုယ်တို့ကြိုးစားသင့်တယ်.. ဒါပေမယ့် အခုလို ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က အခွင့်အရေး တန်းတူ လို့ သတ်မှတ်ပြီး ဖွင့်ပြောတာမျိုးကတော့ သူတို့ အရှက်မရတဲ့အပြင် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားသွားမယ်.. မိန်းမတွေအပေါ် မလေးစားတတ်တဲ့အပြင်.. လွယ်တယ်.. နိမ့်ကျတယ်လို့ ပိုမြင်သွားလိမ့်မယ်.. မရဘူး.. မရဘူး.. ဒါမျိုးတော့ လုံးဝ အခွင့်အရေး မတူချင်ဘူး.. ကမ္ဘာဦးက သတ်မှတ်ချက်ကြီးအတိုင်းသူတို့ ဖွင့်ပြောပါစေ.. သူတို့ စောင့်ပါစေ.. ဒါဟာ ယောက်ျား တစ်ယောက်ရဲ့ မွေးရာပါဒုက္ခကြီး ဖြစ်နေစေရမယ်..

ဒါပေမယ့် တချိန်တည်းမှာပဲ.. ဟိုဘက်က ယောက်ျားလေး ဖွင့်မပြောမချင်း .. ဇင်မီ သည်လည်း စောင့်နေရသူပဲ.. ဒါပေမယ့် မိန်းကလေးက ဖွင့်ပြောဖို့ကတော့ တော်တော်ခက်ပါတယ်.. ဒါကိုဖတ်ရင်း.. ချစ်သူရေးတဲ့ကျမရဲ့ညတွေထဲက ရတနာ နဲ့ မြစ်တို၏မာယာထဲ က ကေသီ ကိုသတိရမိတယ်..

ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်မိတဲ့မိန်းကလေး အနေနဲ့.. သူချစ်တဲ့သူကို စတင်ဖွင့်ပြောလို့ရရက်နဲ့ မပြောတာဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်လို့တော့မဟုတ်ဘူး.. ကိုယ်ချစ်မိသူရဲ့ တုံ့ပြန်မှုကို ဘယ်လိုမှ မျှော်မှန်းထားလို့မရတာကြောင့် ကိုယ့်ချစ်သူ အထင်သေးသွားမှာ စိုးလို့ ဆိုတဲ့စိတ်လေးတစ်ခုတည်းကြောင့် မပြောကြတာပဲ ဖြစ်မယ်..

မိန်းကလေးတွေ အနေနဲ့ ယောက်ျားတစ်ယောက်ယောက်ကို စိတ်ဝင်စား သဘောကျ နှစ်သက်မိပြီ ဆိုရင်.. သူတို့ လုပ်နိုင်သမျှက ရေလာမြောင်းပေးခေါ်မလား.. တတ်နိုင်သမျှ ကြိုးစားကြရပါတယ်.. ဒါပေမယ့် ဘယ်လိုပြန် အထင်ခံရတတ်သလဲ... အထင်သေး ခံရတာပါပဲ...


မြစ်တို့၏ မာယာ (ဂျူး)
"ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ ဘ၀မှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်မှုကို ဖြားယောင်းမှုလို့ နံမည်တပ်ရက်တဲ့အတွက် ကျွန်မ ရှင့်ကို ချီးကျူးပါတယ်... "

သူ့ကို ချစ်နေရက်နဲ့.. အတ္တကြီးစွာ ဖွင့်မပြောဘဲ.. ဟန်ဆောင်တင်းမာနေခဲ့တဲ့.. (ကေသီရဲ့ စကားအရ.. သူရဲဘောကြောင်သော.. တွန့်ဆုတ်သော.. အကျိုးရှိတာတွေ.. အကျိုးမဲ့တာတွေ နဲ့ သွယ်ဝိုက်ကွေ့ပတ်ပြီး ကိုယ့်ခံစားချက်ကို ရှောင်တိမ်းပစ်နေသော) မိုးဝေ ထံမှာ သူ့မာနတွေကို ဘယ်လောက်ထိ ချခဲ့ရလဲ ဆိုရင်....

"ကိုမိုးဝေ.. ကျမရဲ့ ဖုန်းနံပတ်ကလေး ရေးမှတ်ထားလို့ ရှင့်အတွက် သိပ်မနစ်နာဘူး ဆိုရင် ကျမ ဖုန်းနံပါတ်ပေးချင်ပါတယ်"
ကေသီ (မြစ်တို့၏ မာယာ)


တော်တော်သနားစရာကောင်းတဲ့ ကေသီ။

ဝတ္ထုထဲက ကေသီဟာ ဆယ်ကျော်သက် မြီးကောင်ပေါက်မလေး မဟုတ်ပါဘူး..။ အသက် ၂၅ ကျော်ပြီး ဖြစ်တဲ့ မန္တလေး တက္ကသိုလ် မြန်မာစာဌာနမှာတောင် ဆရာမ ပြန်လုပ်နေပါပြီ။ သူဟာ မထင်မှတ်ဘဲ ပုဂံမှာ သူ့ရဲ့ Thesis အတွက် ကျောက်စာတွေ သွားကူးရင်း.. မိုးဝေ ဆိုတဲ့ ဧည့်လမ်းညွှန်တစ်ယောက်နဲ့ ဆုံဆည်းခဲ့တယ်..။ မိုးဝေ က သူ့ဧည့်သည်တွေကိုရှင်းပြဖို့ သူ့ဆီက ကျောက်စာ စာအုပ်ငှားရာက အပြန်အလှန်ရင်းနှီးခဲ့တယ်..။ ၄ ရက်တာပဲ သူတို့ ဆုံဆည်းခဲ့ကြပါတယ်။ အဲသည်ကာလအတွင်း နှစ်ယောက်လုံးဟာ အပြန်အလှန် ဆွဲဆောင်ခြင်း ခံရပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားခဲ့ကြတယ်..။ မိုးဝေ က ဘယ်တုန်းကမှ မချစ်ခဲ့ဖူးသူ ဖြစ်တာကြောင့်.. သူ့ရင်ထဲက ခံစားချက်ကို တွန်းလှန်နိုင်မယ် ထင်တာကြောင့် (ရန်ကုန် ပြန်ရောက်ပြီး မကြာခင်မေ့သွားမှာပါလို့ သူကထင်တယ်) ခြေတစ်လှမ်းမှ မတိုးခဲ့ပါ..။ လိပ်စာလဲလှယ်ခြင်း၊ ဖုန်းနံပါတ် တောင်းခြင်း စတာတွေပေါ့..။ ကေသီဟာလည်း မိန်းကလေးဖြစ်တာကြောင့် လိပ်စာတောင်းဖို့နဲ့ မိမိလိပ်စာ ပေးလိုက်ဖို့ ကိစ္စ ဟာ သူကနေ စဖို့ မဖြစ်နိုင်လို့ အခက်တွေ့နေခဲ့တယ်..။

သည်လိုနဲ့ သူတို့ ခွဲခွာကြတယ်..။

ဝေးသွားပြီးမှ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လိုအပ်တဲ့ သူတို့ရဲ့ငြိတွယ်မှုကို သူတို့ သတိပြု မိတယ်..။ သို့ပေမယ့် မိုးဝေက အင်မတန် ချုပ်ထိန်းနိုင်တယ်..။ ကေသီ့အဖို့မှာတော့.. နည်းလမ်း ရှာရတော့တယ်..။ မိုးဝေရဲ့ လိပ်စာကိုစုံစမ်းပြီး ရန်ကုန်ကို အကြောင်းရှာလို့ လိုက်လာရတယ်..။ မိုးဝေ စိတ်ဝင်စား လာအောင် ကြိုးစားခဲ့ရရှာတယ်..။ သူ့ရဲ့ဖုန်းနံပါတ်ကိုတောင် မိုးဝေက မတောင်းဘဲနဲ့.. သူက ပေးခဲ့သေးတယ်.။ နောက်တော့ သူ မန္တလေကို ပြန်သွားတယ်..။ နောက်ထပ် ၂ လတိတ် မိုးဝေဘက်က တုံ့ပြန်မှုကို မျှော်လင့်နေခဲ့ရတယ်..။ ထားပါလေ..။ အဲသည် ကာလတစ်လျှောက်လုံးမှာ ကေသီ ရင်ဆိုင် ခဲ့ရတာက မိုးဝေရဲ့ လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်ပါ..။ မိန်းမနောက်ပိုး ဆိုတဲ့ ဘ၀ ဟာ အတော် ဆိုးပါတယ်..။ အဲဒါကို သူခံနိုင်ရည်ရှိခဲ့တယ်..။ ပထမပိုင်း ကိုယ်ထင်ထားခဲ့တာဟာ.. ပတ်ဝန်းကျင်ပါပဲ..။ ပတ်ဝန်းကျင် ဆိုတာကို ဂရုစိုက်စရာမလိုဘူး..။ သည်ထဲက မှ ကိုယ် သတိထားမိသွားတာက .. ပတ်ဝန်းကျင်အပြင် ကြောက်စရာအကောင်းဆုံးရှိနေတာက ကိုယ့်ချစ်သူကိုယ်တိုင်ပါပဲ...။

နောက်ပိုင်းမှာ .. မိုးဝေက သူ့ကို စွပ်စွဲတဲ့ ဖြားယောင်းမှု ဆိုတဲ့ စကားလုံး..။ အဲဒါကို ဖတ်ရတဲ့အခိုက်မှာ.. ကိုယ်အတော် ခြောက်ခြား ပါတယ်..။ သနားစရာကောင်းတဲ့ မိန်းမသား ဘ၀ ဆိုတာကို ခံစားရလို့ပါ..။ "ရွေးချယ်နိုင်ခွင့် နည်းပါးတဲ့ မိန်းမသားတွေရဲ့ ဘ၀မှာ သူတို့ တတ်နိုင်သမျှ ကြိုးစားမှုကို ဖြားယောင်းမှု လို့ ခေါင်းစဉ်တတ်ရောစးောစးက်တဲ့ ရှင့်ကို ကျမချီးကျူးပါတယ်" လို့ နာနာကျင်ကျင် ပြောခဲ့တဲ့ ကေသီ့စကားတွေ ကိုယ် ခုထိ မမေ့ပါ..။ ကိုယ်တို့တွေ ဘာတွေကို ဘယ်လောက်ပဲ တွန်းလှန်နိုင်တယ်ပြောပြော.. ကိုယ်တို့ မတတ်နိုင်တဲ့အပိုင်းတွေ အများကြီး..။ ကိုယ်တို့ ဆီက မြန်မာ ယောက်ျားလေးတွေ ကိုယ်တို့ကို မြှင့်တင်ပြီး မြင်ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်..။ အခွင့်အရေးတန်းတူတောင်းတယ်ရယ်လို့.. မလိုတမာ မရှိကြ ပါလေနဲ့..။ မိန်းကလေးတစ်ယောက်က စတင်ချစ်ခွင့်ကတော့ နှလုံးသားနဲ့ ဆိုင်တဲ့ကိစ္စမို့.. ဘယ်သူမှ တားလို့ မရနိုင်ပါ..။

မိမိအချစ်ကို ဖော်ပြပြီး တုံ့ပြန်သော ချစ်ခြင်းကို ရရှိဖို့ တတ်စွမ်းသလောက် ကြိုးစားရတဲ့ မိန်းကလေး တွေအဖို့.. မိမိ ချစ်ရသူ ကိုယ်တိုင်ရဲ့ အထင်အမြင် နဲ့ စွပ်စွဲချက်ကို သည်းခံနိုင်ဖို့ သတ်တိ အလုံအလောက်ရောစှးိဖို့တော့လိုဦးမယ်..။

အဲသလိုမှ မဟုတ်ရင်တော့.. ဘယ်အချိန်ကျခါမှ မိမိကို ဂရုပြုမိ နှစ်သက်လာလေမည် မသိသော ချစ်သူကို သည်အတိုင်း စောင့်ဆိုင်း နေရုံသာ ရှိတော့မယ်..။ ဘယ်လောက် သတ်တိကောင်းပါတယ် ဆိုတဲ့ မိန်းကလေး ဖြစ်ဖြစ် ချစ်နေပါတယ် ဆိုတဲ့စကားကို နှုတ်က ဖွင့်ပြောဖို့အထိ မရဲဝံ့နိုင်ကြပါ.. (များသောအားဖြင့်)။

သူတို့တတ်နိုင်တာက မိမိရဲ့ စိတ်ဝင်စားမှုကို တတ်နိုင်သမျှသော နည်းလမ်းနှင့် ဖော်ပြခြင်းပါပဲ..။ အဲဒါလေး လောက်တောင်မှ "ဖျားယောင်းတယ်" ခုခေတ်စကားနဲ့ "လိုက်ကြောင်တယ်" လို့ ခေါင်းစဉ် လွယ်လွယ်တပ် လို့ ရှုံ့ချ ကြမယ် ဆိုရင်တော့ အဲသည် မိန်းကလေးဘ၀ဟာ အင်မတန် သနားစရာကောင်းမှာပဲ..။

ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ ကြိုးစားနေတာ ဆိုရင်.. ကြိုးစား ထားကွ လို့ အားပေး တတ်ကြပေမယ့်.. မိန်းကလေးတစ်ယောက်ကို ဆိုရင် ယောက်ျားတွေ ဘယ်လိုများ တွေးထင်ကြမှာပါလိမ့် လို့ စဉ်းစားမိတယ်..။

No comments: