Monday, December 3, 2007

တစ်နေ့စာ အလွဲများ

အလွဲများနဲ့ စိတ်အညစ်ကြီးညစ်ခဲ့ရတာကတော့.. မနေ့ကပါပဲ။ မှတ်မှတ်ရရ ၂ ရက်၊ ဒီဇင်ဘာလ ၂၀၀၇။

ဇာတ်လမ်းစရရင်တော့ ဟတ်ကွာတာက နိုဝင်ဘာလချုပ်အပြီးပို့ရမယ့်ရက်ကို ၂ ရက်နေ့လို့သတ်မှတ်သတဲ့ ။ တနင်္ဂနွေနေ့ကြီး။ ကိုယ့်လူ၂ ယောက်ကို နားရအောင်လို့.. စနေမှာ အပြီးဖြတ်ကြမယ် ဆိုပြီး စနေနေ့ည ၈ နာရီအထိလုပ်ပေမယ့် နယ်ကတက်လာတဲ့ စာရင်းတွေက ပြင်စရာတွေကများ စတာတွေနဲ့.. ရှုပ်တာနဲ့ မပြီးတော့ တနင်္ဂနွေထိ ဆက်လုပ်ဖို့ အကြောင်းဖန်လာတယ်။ တနင်္ဂနွေ ကို မနက် ၉နာရီမှာလစလုပ်တယ် နည်းနည်းပဲကျန်တာကို ၁၀ခွဲလောက်ပြီးမယ်မှန်းပေမယ့်.. မပြီး။ သည်လိုနဲ့ ရုံးမှာ ငုတ်တုပ်လာထိုင်စောင့်နေတဲ့..
ကိုယ့်ရည်းစားကိုမှ အားမနာအားဘဲ ပြီးအောင် လုပ်လိုက်ကြတာ နေ့လည် ၁ နာရီခွဲံမှာ လက်စသတ်လိုက်နိုင်ပါတယ်။

အဲသည်အချိန်အထိ နေ့လည်စာမစားရသေးဘူး။ စောင့်နေတဲ့သူ့ကို အားနာနာနဲ့ ဆာမူရိုင်းကို သွားကြတယ်။ ဂျပန်စားစားကြမယ်ပေါ့လေ..။ ဟိုရောက်တော့ ၂နာရီ။ ဆိုင်က ပိတ်ပြီ။ Close ဆိုတဲ့စာတန်းလေးနဲ့။ စိတ်ဓာတ်ကျပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှုံ့မဲ့မဲ့ဖြစ်နေချိန်မှာ ဆိုင်ရှင်က မှန်တံခါးအတွင်းကမြင်ပြီး လာထွက်ခေါ်ရှာတယ်။ စားမယ်ဆိုရင်ဝင်ပါတဲ့။ နောက်ထပ်ဧည့်သည် လက်မခံတော့ဘူးဆိုတဲ့အဓိပါယ်နဲ့ close စာတန်းချိတ်ထားတာလေးကို စိတ်မကောင်းဖြစ်နေကြတဲ့ ကိုယ်တို့ကို သနားသွားတယ်ထင်ပါရဲ့.. သည်လိုနဲ့.. အစားတွေမှာပြီး စားနေမိရင်းကမှ “ဟာ” လို့ ကိုယ်ထအော်မိတယ်။

သွားပြီလေ..။ အဲသည်အချိန်လေးကျမှ တိုက်တိုက်ဆိုင်ဆိုင် သွားသတိရတာက ကိုယ့်သူငယ်ချင်းတစ်ယောက် စနေနေ့က ဘန်ကောက်ကနေ လှမ်းအကူအညီတောင်းထားတဲ့ကိစ်စ။ သူ့ရဲ့ အပြန်ဖလိုက် ဒိတ်ချိန်းပေးပါဆိုတာ။ သွားတာပဲ။ ကိုယ်ကလုပ်ပေးမယ် လို့ကတိပေးထားပြီး မိုးလင်းကတည်း ကိုယ့်ဟာကိုယ် ရှုပ်ယှက်ခတ်နေတာနဲ့.. လုံးဝ လုံးဝ ကြီးကို မေ့လျော့သွားခဲ့တာ။ သိသိချင်း အော်ငိုလိုက်ချင်တာပေမယ့် သူက ဘယ်တတ်နိုင်တော့မလဲတဲ့။ ဟုတ်တယ် အဲသည်အချိန် အဲလိုင်းတွေ ပိတ်သွားပြီလေ..။ စနေ တနင်္ဂနွေမှာ နေ့တစ်ဝက်ပဲလုပ်တဲ့သူတို့က ညနေ ၂ နာရီ ခွဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ကိုယ်ဘယ်လိုလုပ်ရမှန်းမသိအောင် စိတ်ညစ်သွားတယ်။ တစ်ဖက်က ကိုယ့်ကို ယုံကြည်လို့ အကူအညီတောင်းထားတဲ့ကိစ်စ။

ထားတော့။ ဘာမှ မတတ်နိုင်တော့ဘူး ဆိုပြီး .. သူ့အတွက် မျက်မှန်လုပ်ဖို့ရှိတာနဲ့ မျက်မှန်သွားလုပ်တယ်။ နောက် ကိုယ့်ဖုန်းကို အိုဗာဆီး ကောလ်တစ်ခုဝင်လာတယ်။ ဖုးန်ဖြေဖို့ မရလိုက်ဘူး။ မစ်စ်ကောလ်ဖြစ်သွားတယ်။ ဘာမှန်းမသိတာနဲ့.. အင်တာနက်ကဖေးမှာ အွန်လိုင်းဝင်လိုက်ရင်း နိုင်ငံခြားရောက် သူငယ်ချင်း တစ်ယောက်ယောက်က အရေးပေါ် ဘာအကူအညီများလိုပါလိမ့်လို့ သွားကြည့်တာ။ အဲသည် အချိန်မှာပဲ . နောက်တစ်ကြိမ်ထက်ခေါ်တယ်။
ဘန်ကောက်ရောက်နေတဲ့ သူငယ်ချင်း။ မော်မော်ရေ ရပြီလားဟေ တဲ့။
ကိုယ့်တကိုယ်လုံးထူပူပြီး မြောက်တက်သွားသလိုပဲ။ အသံတိမ်တိမ်နဲ့.. ဟင့်အင်းဖြေရတယ်။

တော်တော် စိတ်ဆိုးသွားတယ်လေ..။ ကိုယ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ မေ့တာ.. မေ့တာ။

အဲသည်နေ့က သိပ်ကိုစိတ်ညစ်မိပါတယ်။

လက်တွဲဖော် ပဲ့ကိုင်ရှင်ကြီးက ဖြေသိမ့်ဖော်မရဘဲ သူ့ထုံးစံအတိုင်း ဆန်ရင်းနာနာဖွတ် ဆိုတာလို ကောင်းကောင်းကို အပြစ်တင်ပါတော့တယ်။ အဲလောက် အရေးကြီးတဲ့ ကိစ်စ အကူအညီတောင်းတာ မေ့ရသလား ဆိုပြီးတော့ပေါ့။ နည်းနည်းပါးပါး နှစ်သိမ့်ဖော်မရဘူး။ သူက သာဆိုးနေသေးတယ်။ အဲသည်လို...............................။

ထွန်းအိဒြာဗို သီချင်းလိုဆိုရင် “အပိုတွေကို မပြောတတ်တဲ့သူ” လို့ ချီးကျူးရမလားပဲရယ်...။ အရင်းအတိုင်း စိတ်ထဲရှိတိုင်းကို ပြောပြောနေတော့တာပဲ။ စိတ်ညစ်ရတဲ့ အထဲ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဖြစ်နေရတဲ့အထဲ သူက တစ်မျိုး။

No comments: