Wednesday, December 26, 2007

လက်မှတ်ရေးထိုးခြင်း


ဒီနေ့ လက်မှတ်ထိုးပြီး လက်ထပ်လိုက်တယ်။ လက်ထပ်ဖို့ရက်ကတော့ နောက်လ ၂၆ ရက်။ လက်မှတ်ထိုးဖို့ရက်ကို လူကြီးတွေနဲ့ မေးတော့ ဒီလ ၂၆ နဲ့ ၂၈ ကိုရွေးပေးတယ်။ သည်တော့ မှတ်ရလွယ်အောင် ဒီလ ၂၆ လက်မှတ်ထိုး နောက်လ ၂၆ ဆွမ်းကျွေးဧည့်ခံပွဲလုပ် အေးရော..။

ပြောရဦးမယ်။ လက်မှတ်ထိုးမှာက ၂၆ ရက်နေ့ ... အသိသက်သေအဖြစ်ထိုးမယ့်သူကို ၂၅မှပဲ ပြောဖြစ်တယ်။ သူက သူ့ရုံးက အမ်မ်ဒီ အားရင် ခေါ်ခဲ့လို့ရတယ်။ တစ်ယောက်ရှာ ဆိုတော့ ကိုယ့်သူငယ်ချင်းအေမီကို စဥ်းစားတယ်။ သူ့ကိုဖုန်းဆက်တိုင်း သူမအားတာနဲ့ တိုးနေတော့ မပြောဖြစ်ဘူး။ အဲသလိုနဲ့ ၂၅ ရက်နေ့သာ ရောက်လာရော ဘယ်သူ့မှ မပြောဖြစ်ဘူး။ မဗေဒါတို့ လင်မယားကို သတိရပေမယ့် အလုပ်ရှုပ်နေမှာစိုးတာရယ်၊ တကူးတက မြို့ထဲလာနေရမှာအားနာတာရယ်ကြောင့် မပြောဖြစ်တော့ဘူး။ အဲသည်တော့ ကိုယ့်ကို စိတ်ချထားတဲ့သူက ၂၅ရက်နေ့ကျတော့ လူရပြီလားမေးတော့.. ဘယ်သူ့မှ မပြောရသေးဘူး။ ခဏလေးနော် လို့ပြောပြီး သူငယ်ချင်း အိစိ လင်မယားကို လှမ်းဆက်တော့ ရှောရှောရှူရှူ အဆင်ပြေသွားတယ်။ အဲလို အဲလို..။



ရက်ရွေးတာကတော့ သူ့ဘက်ကလူကြီးတွေရွေးတာ၊ လက်မှတ်ထိုးဖို့ကျတော့ မေမေက သူ့သူငယ်ချင်းရဲ့ ညီမ တရားသူကြီးရှိတယ်။ ပုစွန်တောင်တရားရုံးမှာ။ တိုင်းတရားရုံးမှာလည်း သူ့သူငယ်ချင်းမောင် ဗိုလ်ချုပ်တစ်ယောက်ရှိတယ်။ သူစီစဉ်မယ်ဆိုတော့ ကာ.. သူ့ကို စီစဉ်ခွင့်ပေးထားရတယ်။ ၂၄ ရက်နေ့ရောက်မှ အဖြေသိရတာက တိုင်းတရားရုံးက တစ်ယောက်က နေပြည်တော်ရောက်နေသည့်အတွက် ပုစွန်တောင်တရားရုံးမှာ လက်မှတ်ထိုးရမယ် ဆိုတာ သေချာသွားတယ်။ အစ်မလတ်တုန်းကတော့ ဖေဖေ့တူမ တရားသူကြီးကလည်း ရန်ကုန်မှာ တာဝန်ကျနေတဲ့အတွက် အိမ်မှာထိုးဖြစ်တယ်။ ခုကတော့ အိမ်မှာ စီစဉ်ရမှာ ဇယားရှုပ်တာနဲ့ .. ဟိုမှာပဲ သွားထိုးပါမယ် အမေရယ် ဆိုပြီး ပြီးသွားတယ်။ တကယ်ဆို လက်မှတ်ထိုးတာ ကိုယ့်ဟာကိုယ် သွားထိုးလိုက်ရင် ပြီးတာပေမယ့် မေမေက ပါချင်တယ်။ လိုက်မှဖြစ်မယ်။ လူကြီးတစ်ယောက်ပါမှ ကောင်းမယ် ဆိုတာနဲ့ ဟုတ်ကဲ့ပေါ့။ အစ်မကြီးကလည်း သူကပုစွန်တောင် တရားရံးလိပ်စာသိသူ ဆိုတော့ သူပါမယ်ပေါ့။

အဲဒါနဲ့ မပြီးသေးပါဘူး။ ခင်ပွန်းသည်လောင်းကြီးကလည်း သူ့ရုံးရွှေ့ရပြုရနဲ့ မအားတာနဲ့.. အဲသည် လက်မှတ်ထိုးမယ့်ရက်ကို မနက်အစောပိုင်း ရုံးသွားရင်ကောင်းမလား ဘာညာ သူ့ဟာသူ ဦးနှောက်တွေ ခြောက်နေတာရယ် ဘာရယ်နဲ့.. ၂ ယောက်သားတွေ့ကြတုန်း ဘယ်လိုစီစဉ်ကြမလဲ အဲသည်မနက်ကို လို့မေးတယ်။ အင်း.. သူက ဗိုလ်တထောင်မှာနေတာ။ ကိုယ်ကလှည်းတန်းမှာနေတာ။ လက်မှတ်ထိုးတာက ပုစွန်တောင်တရားရုံး။ သူတို့နားလေးတင်လေ..။ အဲဒါနဲ့ အလွယ်ကူဆုံးဖြစ်ရအောင်.. ကိုယ်ကပဲ.. အင်း..မနက်ကျ တရား၇ုံးမှာပဲ ဆုံတာပေါ့။ အိမ်ကနေပဲ ကားငှားလာခဲ့လိုက်မယ်လေ.. ဆိုတော့.. သူကလည်းအင်း ကောင်းသားပဲတဲ့။ အိစိတို့ကရော တရားရုံးလာမှာလား ဆိုတော့.. အင်းပေါ့။ သူတို့လည်း တရားရုံးလာလိမ့်မယ်။ လူတွေ စုံနေရင် အချိန်ကုန်တယ်။ အဲသည်မှာပဲ တွေ့ကြမယ် ဆိုပြီး ကိစ်စက ပြတ်လာတယ်။

ညကျတော့.. ဘသားချော ကိုယ့်သူငယ်ချင်းက ဖုန်းဆက်ရင်းတရားရုံးလိပ်စာမေးတယ်။ နင်ဘယ်လိုသွားမှာလဲ တဲ့..။ ငါဒီကနေ ကားငှားသွားမယ်လေ..။ ဟိုမှာဆုံကြတာပေါ့ လို့ပြောတော့.. နင့်ဟာက ပဲ့လိုက်တာဟာ.........ပဲ့လိုက်တာ။ နင်ကအဲလို သွားစရာလား။ လာမကြိုဘူးလားတဲ့။

ဟမ်.. ဟဲ့.. လာကြိုနေရရင် သူက အဲသည်နားနေတာ။ ငါ့ဆီကို သက်သက်ကြီး လာရမှာပေါ့။ လမ်းကြောမှ မသင့်တာ။ အဲဒါကြောင့် ငါ့ဟာငါ လာမယ်ပြောလိုက်တာ .. ငါက လက်တွေ့ကျကျတွေးလိုက်တာပါဟာ..ဆိုတော့.. ။အဲဒါ နင်ရှည်စရာမလိုဘူး။ နင့်ဟာနင် လော့ဂျစ်ကဲလီးပဲပြောပြော ။ ပရက်တစ်ကဲလီးပဲပြောပြော ဘေ့ဇစ်ကဲလီးပဲဖြစ်ဖြစ်၊ နောမဲလီးပဲ ဖြစ်ဖြစ် သတို့သမီးဆိုတာ အိမ်ကပဲ ထိုင်စောင့်ရတယ်။ သူ့ဟာသူဘယ်ကဘာမှာပဲ နေနေ နင့်ကို လာကြီုရမှာ...။ ဒီလိုအချိန်မှာ နင့်ကို ဖူးဖူးမှုတ်ထားရမှာ တဲ့။

အဲ.. အဲလိုပြောတဲ့အခါကျမှ သတို့သမိးဆိုတာ အိမ်ကထိုင်စောင့်ရတယ်။ သူက အဲသလို တကူးတက လာကြိုရတယ် ဆိုတာဟာ ဖူးဖူးမှုတ်ခြင်း တမျိုး လို့ ကိုယ်က ရေးရေးသဘောပေါက်ရတယ်။

အဲလိုလား..။ အေးအေး.. ငါလာကြိုခိုင်းလိုက်မယ်ဟာ.. ရပါတယ်။ သူကလာကြိုပေးမှာပါ လို့ပြောရတယ်။ အလကားနေရင်း ကိုယ့်သူငယ်ချင်းတွေက သူ့ကို အမြင်ကတ်နေရင်လည်း မကောင်းဘူးကိုး။ အေး...လာမကြိုပေးရင် ငါလာကြိုမယ်။ ငါ့ကားနဲ့ဆို ရှေ့ခန်းက ငါ့မိန်းမရယ်၊ နင်ရယ်တော့လိုက်လို့ရတယ်တဲ့။ ရပါတယ်ဟာ.. သူက ငါပြောရင် လာကြိုပေးမှာပါ။ ငါကသက်သက်မကြိုခိုင်းတာ လို့ပြောလိုက်ရတယ်။

သတို့သားကြီးကို ဖုန်းဆက်ပြီး လာကြိုပေးလို့ပြောလိုက်တယ်။ အမေလည်းလိုက်မှာ။ အစ်မလည်း လိုက်မှာလို့ ပြောတော့.. အင်း ဒါဆို ကားစီစဉ်လိုက်ဦးမယ် ဆိုပြီး နာရီဝက်လောက်နေတော့ .. ဖုန်းပြန်ဆက်တယ်။ အဆင်ပြေသွားပြီတဲ့။

အဲသည်တော့မှ မာမီမားသား မေမေ နဲ့ မိုင်စစ်စတားတို့ကို မနက်ကျရင် လာကြိုလိမ့်မယ်နော်လို့ ထွက်ပြောရတယ်။ (အဟိ.. ပထမ ကိုယ့်ဟာကိုယ်သွားမယ် ဆိုတဲ့အစိအစဉ်သူတို့ မသိလိုက်ရတာတော်သေးတယ်။ သူတို့သိရင်လည်း စိတ်ဆိုးကြဦးမလားမသိ လို့ တွေးမိသေးတယ်။ )

အထာတွေများ တယ်ရှုပ်။ အဲသည်နည်းနဲ့ သတို့သားက အိမ်အရောက်လာကြိုခြင်းအားဖြင့် ဖူးဖူးမှုတ်တယ်ဆိုတာကြီးကို ခံဖူးလိုက်တယ်ပေါ့လေ..။ အော်.. ငါ့နှယ် ဒါလေးတောင် မသိလေခြင်း လို့တွေးမိတယ်။ မိန်းမဟာ မိန်းမလိုလေး မသွားတတ်မလာတတ်သယောင် နေရမယ့် သဘောပေါ့။

လက်မှတ်ထိုးပြီး သူငယ်ချင်းတွေနဲ့ ဖီးလ်မြန်မာမှာ ထမင်းသွားစား။ နောက်သူက အိမ်ပြန်ပို့ပေးပြီး ရုံးသွားတက်ရလေရဲ့..။

သည်လိုနဲ့ပဲ.. စာချုပ်ထဲမှာ အကြင်လင်မယားဖြစ်ပြီး ကိုယ့်အိမ်မှာကိုယ် နေကြတာပေါ့။ ရယ်စရာကြီးလိုလိုပဲ..။ ကိုယ့်သူငယ်ချင်းစုံတွဲတုန်းက လက်မှတ်ထိုးတာနဲ့ လက်ထပ်ပွဲလုပ်တာ ၃ လကွာသတဲ့။ ကိုယ်တို့က ၁ လ ဆိုတော့ တော်သေးတာပေါ့။

Monday, December 17, 2007

သူငယ်ချင်းများနှင့် စကားစမြည် (၁)

မနေ့က တနင်္ဂနွေနေ့

သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြတယ်။
ပျက်ကွက်ခဲ့သောလူမှုရေးတွေကို အပြေးအလွှားသွားရင်း ကျန်ခဲ့တဲ့ တစ်ပတ်က တစ်ကြိမ်ဆုံမိရာက ထပ်ချိန်းဖြစ်ကြတဲ့ ဆုံတွေ့ပွဲပေါ့။

ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် သူငယ်ချင်းတစ်ယောက်ရဲ့ အမေနာရေး၊ သူငယ်ချင်းတစ်ယောက်ရဲ့ သမီးမွေးနေ့၊ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ ကလေးမီးဖွား။ ဘယ်ဟာကိုအရင်သွားရမှန်းမသိ။ နောက်သူငယ်ချင်းတစ်ယောက်က အိမ်မှာ မုန့်လုပ်စားလို့ ဖိတ်။ အလုပ်က ရှုပ်။ သည်အထဲက နာရေးကိုသွားဖို့က ရုံးချိန်ကြီးဖြစ်နေတာနဲ့ မသွားနိုင်။ သူငယ်ချင်းကလေးမွေးနေ့ကလည်း အလားတူ။ အပြေးအလွှားရုံးကနေ ခဏလစ်ပြီးသွားလိုက်မယ် ဆိုရင်တောင် အသွားအပြန် တက်စ်စီခက တင် ၅၀၀၀ လောက်ကျမှာမို့ မသွားဖြစ်။ ရုံးဆင်းချိန်မှာ ကားရှိတဲ့သူငယ်ချင်း က လှမ်းဆက်တယ်။ မ၀ါ ကလေးမီးဖွားတာ သွားကြည့်မလို့ လိုက်မလား။ လိုက်မယ်ဆို ၀င်ခေါ်မယ်တဲ့။ သည်လိုနဲ့ အဲသည်တစ်ယောက်ဆီ ရောက်ဖြစ်သွားတယ်။
ခွဲမွေးတာတဲ့..။ ခွဲမွေးထားတဲ့သူက ကလေးပွေ့ပြီး လမ်းထလျှောက်နေလို့ အံ့သြရသေးတယ်။ သူ့ဆီက ကလေးမွေးခြင်း အတွေ့အကြုံတွေ ပထမကလေးတုန်းက ရိုးရိုးမွေးဖို့ကို ဗိုက်နာတဲ့ဒဏ်မခံနိုင်လို့.. ခွဲမွေးဖြစ်တယ်ဆိုတဲ့အကြောင်းပြောတယ်။ သူကတော့ အားပါးတရပြောတယ်ကွယ်။
အဲသည် ဗိုက်နာပုံဟာလေ... ဘာနဲ့မှ မတူဘူး သိလား။ ဗိုက်ကြီး ဆုပ်ဆွဲ ပစ်လိုက်သလို နာတာ ဟ.. သိလား တဲ့။

အိမ်ထောင်ကျပြီး ကလေးလိုချင်နေပေမယ့် မရသေးတဲ့ သူငယ်ချင်းစုံတွဲရယ် .. မကြာခင် အိမ်ထောင်ပြု ပြီး ကလေးတစ်ယောက်လောက် မွေးဦးမယ် စိတ်ကူးထားတဲ့ကိုယ်ရယ် က အပြူးသားကလေးတွေ ကြည့်ရင်း.. “ဘာကြီးက ဆုပ်ဆွဲတာလဲ ဟေ...” လို့ ပြိုင်တူမေးလိုက်ကြတော့.. သူက ခဏ ကြောင်သွားပြီး “ အော်.. အေး.. နာတာကြီးကပေါ့ဟဲ့.. ” ။ တဲ့..။ နာတာကြီးက ဆုပ်ဆွဲ တယ်ဆိုတာကို ကောင်းကောင်းနားမလည်ပေမယ့်လို့.. သူက ဆက်ပြောပါတယ်။ တစ်ချက်တစ်ချက် နာပြီးသွားရင် သတိပါ လစ်သွားတာဟ တဲ့။

ခွဲမွေးတာက နာတယ်ဆိုပေမယ့်.. ထုံဆေးပြယ်မှ နည်းနည်းနာတာပါတဲ့။ ဟုတ်သည်လားမသိ။ ဟယ် ထုံဆေးထိုးထားတော့ မနာပေမယ့် သိနေမှာပေါ့နော်.. ဆိုတော့.. အေး... သိတာပေါ့တဲ့.. တစ်လွှာချင်း ခွဲနေသမျှ အကုန်သိနေတာတဲ့..။ အောင်မငေး.. အူကြိမ်းစရာကြီးပေါ့..။

ထိုင်နေရင်းကနေ.. ကြောက်စိတ်နဲ့ ကျုံ့ကျုံ့ကလေးတွေ ကွေးကွေးသွားကြတဲ့ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းမ ကို သူ့အမျိုးသားက ရယ်ပါတော့တယ်။

ကိုယ်တို့ တွေ ကြောက်သွားမှန်းသိတဲ့ သူငယ်ချင်းက တစ်ဖက်လှည့်နဲ့ အားပေးပါတယ်။ ဟယ်.. ကလေးမွေးရင် ခွဲမွေးရင်းနဲ့ နင်တို့ ဘာလဲ လုပ်လို့ရလဲ သိလားတဲ့။
ဗိုက်သားပေါ်က အဆီပိုတွေ တစ်ခါတည်း လှီးထုတ်လိုက်လို့၇တယ်တဲ့။ လေ့ကျင့်ခန်းလုပ်စရာမလိုတော့ဘူးတဲ့..........။ ဒါလည်း .. ဟုတ်သည်လားမသိ။ ကြားရသမျှတော့ သက်သာတာ တစ်ခုမှ မရှိပေမယ့်... အခန်းလေး ပြင်ဆင်ထားပုံကတော့ အထူးကို လှပပါတယ်။

တစ်ခန်းလုံး မိုးပျံပူပေါင်း အဖြူရောင် နဲ့ အနီရောင်တွေ .. . အမိုးမှာ ကပ်လို့.. ပူပေါင်းအောက်မှာ ဖဲကြိုးလိမ်လီမ်လေးတွေ က တွဲလောင်း...။ ပူပေါင်းတွေ နဲ့ပဲ နံရံ တစ်ဖက်မှာ စာလုံးဖော်ထားသေးတယ် hello baby တဲ့။

ဟယ်.. နင့်အခန်းလေး ပြင်ထားတာ လှလိုက်တာ ဆိုတော့ သူတို့ရုံးကလူတွေ လာဆင်ပေးသွားတာတဲ့..။ တစ်ခန်းလုံး ပူပေါင်းတွေ ပြည့်နေတာကို ကလေးလေးကတော့ ဘာမှန်းသိမယ်မထင်ဘူး။ ဒါပေမယ့် ကိုယ်ကတော့ အဲလို ပူပေါင်းတွေ အပြည့်နဲ့ အခန်းထဲမှာ ကလေးအသစ်ကလေးရတဲ့အချိန် တော်တော်ပျော်နေမယ် ထင်တယ်။ ကိုယ်လည်း ပူပေါင်းတွေ ကြိုက်တယ်လေ..။

အဲသည်ကအပြန် ည ၇ ခွဲနေပြီ။ မုန့်လုပ်စားတယ် ဆိုတဲ့ သူငယ်ချင်းအိမ်ကို ၀င်ကြတယ်။ အဲသည်အိမ်ကို ရောက်နေတဲ့ နောက်ထပ် သူငယ်ချင်း လင်မယား တစ်တွဲနဲ့ ထပ်ဆုံတယ်။

သူတု့အိမ်မှာ နောက်တစ်ရက် ကော်ရည်ခေါက်ဆွဲလုပ်စားမယ် ။ အားတယ်မဟုတ်လား လာခဲ့ကြနော်တဲ့။ ထပ်ဖိတ်တယ်။
နောက်တစ်တွဲကလည်း အားကျမခံ သူတို့အိမ်မှာ တနင်္ဂနွေ အသုတ်စုံနော် တဲ့။
အို အားတယ်။ လာမှာပေါ့။ မတွေ့တာကြာပြီလို့ ပြောခဲ့ဆိုခဲ့သေး..။

အဟက်..။ အိမ်ပြန်ရောက်တော့လည်း မောမောနဲ့ ထိုးအိပ်လိုက်တာ။ နောက်တစ်နေ့ ရုံးသွားမယ် ဆိုတော့ ကိုယ်တို့ ချိဖ်ရဲ့ ဖဲဝဲလ်ပါတီ ရှိတာကို သတိရပြိး ၀တ်စုံရွေးတော့မှ.. အို.. ညနေ ဟိုသူငယ်ချင်းအိမ် ဘယ့်နှယ်သွားနိုင်တော့မလဲ.. ။ဖုန်းပြန်ဆက်ရမယ် လို့တွေးရင်း ကိုယ့်ကိုယ်ကို လည်း မေ့တတ်ရန်ကော အပြစ်တင်ရင်း ရုံးရောက်.. အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်။ ဖုန်းမဆက်ဖြစ်။ ညနေ ၆ နာရီကျော်လောက်တော့.. ၅ ထပ်က ပူးလ်ဆိုဒ်က ပါတီကို ဆင်းလာ၊ ဧည့်ခံနဲ့ ရှုပ်နေရင်း စားဖို့သောက်ဖို့ စောင့်နေကြတဲ့ သူငယ်ချင်းများက ဖုန်းလှမ်းဆက်တော့မှ... ကိုယ့်နှဖူးကိုယ်ရိုက်ရင်း မေ့ပြန်ပြီ။ တောင်းပန်ရတော့တယ်။ အားတယ်လာမယ် ပြောတာ ရုံးက ပွဲကို မေ့နေလို့ ဖြစ်တဲ့အကြောင်း .. အဲဒါ မလာနိုင်တော့တာ ဖုန်းဆက်တောင်းပန်မလို့ဟာကိုလည်း မေ့သွားလို့ မဆက်ဖြစ်ရတော့တဲ့ အကြော်း.. အင်း မေ့ပဲ မေ့နိုင်လွန်းသူရယ်..။

အဲလောက် မေ့တတ်တာ စိတ်တောင်ပျက်လာပြီ။ ကိုယ့်ကိုကိုယ်..။

တနင်္ဂနွေနေ့တော့ ကိုယ့်ကို မေ့ခွင့်မပေးတော့တာက မနက် ၈ နာရီလောက် လာတဲ့ဖုန်း။ ကျန်ခဲ့တဲ့ တစ်ပတ်က ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အမေ ရက်လည် သွားဖို့ သူငယ်ချင်းက ဖုန်းဆက်တာ။ အေးအေး လိုက်မယ်ပေါ့။ သူ့မိန်းမက ကိုယ်တို့ဖို့ အသုတ်လုပ်ဖို့ မလိုက်နိုင်တော့ ကိုယ်ရယ် အေမီရယ်ကို ခေါ်လို့သွားမယ် ဆိုတယ်။ ကောင်းတယ်ဟေ့.. ငါတို့ ကားခမကုန်တော့ဘူး ပြီးရင် နင့်အိမ်တခါတည်းလိုက်ရုံပဲ ပေါ့။

အေမီ ဆီဖုန်းဆက်တော့.. အဟက်.. လွဲတတ်ပြန်တဲ့ ကိုယ့်သူငယ်ချင်း အေမီကတော့ (သည်တစ်ခါ သူမလွဲဘဲ သူ့ညီမအလွဲ).. စနေညက အကောင်း တနင်္ဂနွေမနက်ကျမှ ဘန်ကောက်လေယာဉ်လက်မှတ်ကောက်ဝယ်ပြီး ကသောကမျော ဘန်ကောက်လိုက်သွားလေရဲ့။ သူ့ညီမလေး (ကာတာက လေယာဉ်မယ်) ခွင့်နဲ့ ပြန်လာရင်း အိုင်ဒီကတ် မေ့ကျန်ခဲ့လို့ လိုက်ပေးရသတဲ့။ ကံကောင်းလို့အလုပ်ကိစ်စ သွားဖို့ရှိတာ ဗီဇာကြိုယူထားလို့တဲ့လေ..။ အင်း.. သည်လိုနဲ့ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ် နှစ်ယောက်ပဲ .ရက်လည် ဆွမ်းသွပ်ရောက်။ စကားစမြည်ပြော....
အဓိကပြောဖြစ်တာကတော့.. ရောဂါကို ဟစ်စထရီ သေချာလိုက်ပြီး ဒိုင်ယာဂနို့စ် မလုပ်ဘဲ လွယ်လွယ် မြန်မြန် သတ်မှတ်ပစ်လိုက်တတတ်တဲ့ ကိုယ်တို့ဆီက အထူးကုကြီးတွေ အကြောင်း.....သူတို့ကြောင့်မှားသွားရင် လူနာကပဲ ခံရတဲ့အကြောင်း............ ကိုယ့်မေမေလည်း သည်လိုဆိုတော့ ဒါတွေ ပြောဖြစ်တာပဲ။

အဲသည်ကအပြန်တော့ အသုတ်စုံ တွေ စိတ်ကြိုက်နယ်ကြ၊ ဖတ်ကြ၊ သုတ်ကြရင်း စားကြရင်းရောက်တတ်ရာရာ ငယ်ငယ်က အကြော်ငးတွေ ပြောကြရင်း .... တစ်နေ့တာကို အငြိမ်းသားဖြတ်ကျော်ဖြစ်ခဲ့ကြပါတယ်။

ကိုယ့်ရဲ့ ခင်ပွန်းလောင်းကို ကောင်းကောင်းမသိကြတဲ့ သူတို့တွေက ဘယ်လိုလူမျိုးလဲ သိရအောင် ကိုယ်သိသမျှ လေးတွေ ပြောရင်း .. သူက ကောင်းပါတယ်။ အင်း.. ဂရုစိုက်တတ်ပါတယ်။ နားလည်တတ်တဲ့ပုံပါပဲ ဘာညာ ဘာညာ. .. ပြောရသေး...။ ကိုယ့်သူငယ်ချင်းကနောက်သေးတယ်.. .နင်တကယ် သေချာတယ်နော်.. .ယူတော့မှာ တဲ့။ အဟက်.. ။အေးပါ .. ယူမှာ သေချာပါတယ် လို့ပြောတော့.. ။အင်း ယောက်ျားယူမှာကတော့ သေချာတယ်။ ယူမယ့်ယောက်ျားတော့ စိတ်ကူးပေါက်လို့ ဆိုပြီး ထပြောင်းမနေနဲ့ နော်တဲ့..။
သည်လို နောက်နောက်ပြောင်ပြောင်ပါပဲ။ သူပါရင်တော့ ကိုယ့်သူငယ်ချင်းတွေ နဲ့ တသားတည်းကျမလား ကြောင်နေမလား မသိလို့. တွေးနေမိသေးတယ်။

Sunday, December 16, 2007

စိတ်မြန်သော ကျွန်မနှင့် အလျှော့အတင်း အပြောင်းအလဲ

အင်း.. ကိုယ့်ကိုကိုယ် ဆင်ခြင်မိပြန်တယ်။ စိတ်ကူးပေါက်ရင် ပေါက်သလို ဇွတ်တရွတ် ထလုပ်တတ်တဲ့ ကိုယ့်အကျင့်က တစ်ယောက်တည်းသမား ဘ၀ မှာ မထောင်းသာ ပေမယ့် နှစ်ယောက်တစ်ဘ၀မှာတော့ တော်တော် ပြသနာပေးမယ့် ကိစ်စတစ်ခုလို့ ဆင်ခြင်မိလာတယ်။

ကိုယ်ဟာ ကိစ်စတစ်ခုကို သိပ်စိတ်မ၀င်စားတဲ့အခါမှာ သိပ်အလေးမထားတတ်ပေမယ့် ဗြုန်းခနဲ စိတ်ဝင်စားလာတဲ့အခါ.. စိတ်ကူးပေါက်သလို ထလုပ်ပစ်တတ်ပါတယ်။ ကိုယ့်ဟာကိုယ်တော့ လုပ်ချင်တိုင်းထလုပ်လိုက်ရတာ ကျေနပ်သွားတတ်ပေမယ့် ဘေးလူတွေအတွက်တော့ ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲ များလှတယ် ထင်ကြမယ်။

မနေ့က တစ်ရက်ဟာ ကိုယ်တစ်ယောက်တည်း ပေါက်ကရတွေ ၀ုန်းဒိုင်း ထလုပ်လိုက်ဖြစ်သေးတယ်။ ခုနေ မနေ့ကအကြောင်းစဉ်းစားကြည့်တော့.. ကိုယ်လုပ်ပစ်လိုက်တာတွေ ကိုယ့်ဟာကိုယ်တောင် လိုက်မမီဘူး။ အဟက်...... ။

ချစ်သူကိုလည်း တော်တော် စိတ်အနှောက်အယှက်ဖြစ် စေ လိုက်သေးတယ်။

ကိုယ့်ချစ်သူတစ်ယောက်ကတော့... ကိုယ့်ရဲ့ သည်အချိုးအတိုင်းသာ ဆို ရင် တစ်သက်လုံးပျင်းရမယ်တော့မဟုတ်ဘူး။ ၀ုန်း ဒိုင်းဆို ထပြောင်းလဲတတ်တဲ့ကိုယ့်ကို ကြည့်ရင်း စိတ်တွေ တက်လိုက် ကျလိုက် ဒေါသထွက်လိုက် နဲ့ ရူးများသွားမလားပဲရယ်။

နှစ်ယောက်တစ်ဘ၀ ကိစ်စဟာ တော်တော်တော့ မလွယ်ပါဘူး။ တစ်ခုခုဆိုရင် နှစ်ယောက်သဘောကို ကြည့်ဖို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေရတော့မယ်။

ကိုယ့်သူငယ်ချင်း အိမ်ထောင်သည် တစ်ယောက် ပြောတာသတိရမိတယ်။ သူ့ယောင်းမ အပျိုကြီးက သူတစ်ခုခုလုပ်မယ် ဆိုရင် အမေကတစ်မျိုးပြော၊ အဖေကတစ်မျိုးပြော မောင်က တစ်မျိုးပြောနဲ့ သူ့သဘော သူ့ဆန်ဒနဲ့ ဘာမှ လုပ်ခွင့်မရဘူး။ သူလုပ်ချင်တာရဲ့ ၅၀ရာနှုန်းလောက်ပဲ သူ့သဘောနဲ့ လုပ်ခွင့်ရတယ်။ ယောက်ျားပဲ ယူတော့မယ် လို့ ကြုံးဝါးသတဲ့..။ အဲသည်တော့.. အဲသည် သူငယ်ချင်းမ က ပြောလိုက်သတဲ့။ အစ်မရေ။ အေးအေးနေပါ။ အခုက အစ်မလုပ်ချင်တာကို ၅၀ရာနှုန်းလုပ်ခွင့်ရနေသေးတယ်။ လင်ယူလိုက်ရင် အဲသည် ၅၀ ရာနှုန်းပါ ပါသွားမယ် အစ်မရေ။ ကိုယ့်သဘောဆန်ဒကို မိုင်းနက်စ် ပြမနေရင် ကံကောင်းလို့မှတ်တဲ့။

သည်လိုပေါ့လေ... ။ ကိုယ့်သဘောကိုတော့ မိုင်းနက်စ် အထိ ဖြစ်အောင်မဟုတ်ပေမယ့်.. ဟိုဘက်လျှော့ သည်ဘက်လျှော့ နည်းနည်း စီတော့ ညှိကြရမှာပေါ့။

ခုက ကိုယ်လုပ်ချင်တာတွေကို ၁၀၀ရာနှုန်းကျော်ကျော် ထထလုပ်ပစ်နေတတ်တဲ့ အကျင့်ကတော့... တော်တော်ကြီး ပြောင်းလဲ ယူရမယ့်သဘောမှာ ရှိမယ်။

အင်း............ ဒွတ်ခ၊ ဒွတ်ခ။

Monday, December 3, 2007

တစ်နေ့စာ အလွဲများ

အလွဲများနဲ့ စိတ်အညစ်ကြီးညစ်ခဲ့ရတာကတော့.. မနေ့ကပါပဲ။ မှတ်မှတ်ရရ ၂ ရက်၊ ဒီဇင်ဘာလ ၂၀၀၇။

ဇာတ်လမ်းစရရင်တော့ ဟတ်ကွာတာက နိုဝင်ဘာလချုပ်အပြီးပို့ရမယ့်ရက်ကို ၂ ရက်နေ့လို့သတ်မှတ်သတဲ့ ။ တနင်္ဂနွေနေ့ကြီး။ ကိုယ့်လူ၂ ယောက်ကို နားရအောင်လို့.. စနေမှာ အပြီးဖြတ်ကြမယ် ဆိုပြီး စနေနေ့ည ၈ နာရီအထိလုပ်ပေမယ့် နယ်ကတက်လာတဲ့ စာရင်းတွေက ပြင်စရာတွေကများ စတာတွေနဲ့.. ရှုပ်တာနဲ့ မပြီးတော့ တနင်္ဂနွေထိ ဆက်လုပ်ဖို့ အကြောင်းဖန်လာတယ်။ တနင်္ဂနွေ ကို မနက် ၉နာရီမှာလစလုပ်တယ် နည်းနည်းပဲကျန်တာကို ၁၀ခွဲလောက်ပြီးမယ်မှန်းပေမယ့်.. မပြီး။ သည်လိုနဲ့ ရုံးမှာ ငုတ်တုပ်လာထိုင်စောင့်နေတဲ့..
ကိုယ့်ရည်းစားကိုမှ အားမနာအားဘဲ ပြီးအောင် လုပ်လိုက်ကြတာ နေ့လည် ၁ နာရီခွဲံမှာ လက်စသတ်လိုက်နိုင်ပါတယ်။

အဲသည်အချိန်အထိ နေ့လည်စာမစားရသေးဘူး။ စောင့်နေတဲ့သူ့ကို အားနာနာနဲ့ ဆာမူရိုင်းကို သွားကြတယ်။ ဂျပန်စားစားကြမယ်ပေါ့လေ..။ ဟိုရောက်တော့ ၂နာရီ။ ဆိုင်က ပိတ်ပြီ။ Close ဆိုတဲ့စာတန်းလေးနဲ့။ စိတ်ဓာတ်ကျပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှုံ့မဲ့မဲ့ဖြစ်နေချိန်မှာ ဆိုင်ရှင်က မှန်တံခါးအတွင်းကမြင်ပြီး လာထွက်ခေါ်ရှာတယ်။ စားမယ်ဆိုရင်ဝင်ပါတဲ့။ နောက်ထပ်ဧည့်သည် လက်မခံတော့ဘူးဆိုတဲ့အဓိပါယ်နဲ့ close စာတန်းချိတ်ထားတာလေးကို စိတ်မကောင်းဖြစ်နေကြတဲ့ ကိုယ်တို့ကို သနားသွားတယ်ထင်ပါရဲ့.. သည်လိုနဲ့.. အစားတွေမှာပြီး စားနေမိရင်းကမှ “ဟာ” လို့ ကိုယ်ထအော်မိတယ်။

သွားပြီလေ..။ အဲသည်အချိန်လေးကျမှ တိုက်တိုက်ဆိုင်ဆိုင် သွားသတိရတာက ကိုယ့်သူငယ်ချင်းတစ်ယောက် စနေနေ့က ဘန်ကောက်ကနေ လှမ်းအကူအညီတောင်းထားတဲ့ကိစ်စ။ သူ့ရဲ့ အပြန်ဖလိုက် ဒိတ်ချိန်းပေးပါဆိုတာ။ သွားတာပဲ။ ကိုယ်ကလုပ်ပေးမယ် လို့ကတိပေးထားပြီး မိုးလင်းကတည်း ကိုယ့်ဟာကိုယ် ရှုပ်ယှက်ခတ်နေတာနဲ့.. လုံးဝ လုံးဝ ကြီးကို မေ့လျော့သွားခဲ့တာ။ သိသိချင်း အော်ငိုလိုက်ချင်တာပေမယ့် သူက ဘယ်တတ်နိုင်တော့မလဲတဲ့။ ဟုတ်တယ် အဲသည်အချိန် အဲလိုင်းတွေ ပိတ်သွားပြီလေ..။ စနေ တနင်္ဂနွေမှာ နေ့တစ်ဝက်ပဲလုပ်တဲ့သူတို့က ညနေ ၂ နာရီ ခွဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ကိုယ်ဘယ်လိုလုပ်ရမှန်းမသိအောင် စိတ်ညစ်သွားတယ်။ တစ်ဖက်က ကိုယ့်ကို ယုံကြည်လို့ အကူအညီတောင်းထားတဲ့ကိစ်စ။

ထားတော့။ ဘာမှ မတတ်နိုင်တော့ဘူး ဆိုပြီး .. သူ့အတွက် မျက်မှန်လုပ်ဖို့ရှိတာနဲ့ မျက်မှန်သွားလုပ်တယ်။ နောက် ကိုယ့်ဖုန်းကို အိုဗာဆီး ကောလ်တစ်ခုဝင်လာတယ်။ ဖုးန်ဖြေဖို့ မရလိုက်ဘူး။ မစ်စ်ကောလ်ဖြစ်သွားတယ်။ ဘာမှန်းမသိတာနဲ့.. အင်တာနက်ကဖေးမှာ အွန်လိုင်းဝင်လိုက်ရင်း နိုင်ငံခြားရောက် သူငယ်ချင်း တစ်ယောက်ယောက်က အရေးပေါ် ဘာအကူအညီများလိုပါလိမ့်လို့ သွားကြည့်တာ။ အဲသည် အချိန်မှာပဲ . နောက်တစ်ကြိမ်ထက်ခေါ်တယ်။
ဘန်ကောက်ရောက်နေတဲ့ သူငယ်ချင်း။ မော်မော်ရေ ရပြီလားဟေ တဲ့။
ကိုယ့်တကိုယ်လုံးထူပူပြီး မြောက်တက်သွားသလိုပဲ။ အသံတိမ်တိမ်နဲ့.. ဟင့်အင်းဖြေရတယ်။

တော်တော် စိတ်ဆိုးသွားတယ်လေ..။ ကိုယ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ မေ့တာ.. မေ့တာ။

အဲသည်နေ့က သိပ်ကိုစိတ်ညစ်မိပါတယ်။

လက်တွဲဖော် ပဲ့ကိုင်ရှင်ကြီးက ဖြေသိမ့်ဖော်မရဘဲ သူ့ထုံးစံအတိုင်း ဆန်ရင်းနာနာဖွတ် ဆိုတာလို ကောင်းကောင်းကို အပြစ်တင်ပါတော့တယ်။ အဲလောက် အရေးကြီးတဲ့ ကိစ်စ အကူအညီတောင်းတာ မေ့ရသလား ဆိုပြီးတော့ပေါ့။ နည်းနည်းပါးပါး နှစ်သိမ့်ဖော်မရဘူး။ သူက သာဆိုးနေသေးတယ်။ အဲသည်လို...............................။

ထွန်းအိဒြာဗို သီချင်းလိုဆိုရင် “အပိုတွေကို မပြောတတ်တဲ့သူ” လို့ ချီးကျူးရမလားပဲရယ်...။ အရင်းအတိုင်း စိတ်ထဲရှိတိုင်းကို ပြောပြောနေတော့တာပဲ။ စိတ်ညစ်ရတဲ့ အထဲ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဖြစ်နေရတဲ့အထဲ သူက တစ်မျိုး။

Saturday, December 1, 2007

ကျွန်မတို့ မီးဖိုချောင်၏ ပိုင်စိုးမှုဧကရီ

ကျွန်မတို့ငယ်စဉ်ကတည်းက မေမေဟာ အချက်အပြုတ်ဝါသနာပါပြီး မီးဖိုချောင်ကို သူမှတပါးအခြားသူ ၀င်စွက်တာ လုံးလုံးမကြိုက်ပါဘူး။
ငယ်ကတည်းက ကျွန်မတို့ဟာ အပြင်မှာ သွားရည်စာ စားခဲပါတယ်။

ဘာလို့လဲ ဆိုတော့ မုန့်မျိုးစုံကိုမေမေက အိမ်မှာပဲ လုပ်ကျွေးလို့ပါ။ စနေတနင်္ဂနွေဆိုရင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ။ လက်သုတ်စုံ၊ အာပူလျှာပူ၊ အကြောင်စုံ၊ ပလာတာနဲ့ ကြက်သားဟင်း။ ထောပတ်ထမင်း၊ အုန်းထမင်း၊ ပဲထမင်း စသည်ဖြင့်ပေါ့။ တပတ်ကို တစ်ခုခုကတော့ ချက်စားဖြစ်ပါတယ်။

အဲသည်ဟင်းချက်နည်းတွေကတော့ မီးဖိုချောင်ဝင်ကူရင်း သိနေ တတ်နေတာပေါ့လေ..။ နောက်ပြီးမေမေဟာ မီးဖိုချောင် ၀င်ရှင်းထာလည်း မကြိုက်ပါဘူး။ သူ့ဟာသူချက်ရင်တော့ ဘာတွေ ဘယ်မှာထားတယ်ဆိုတာ သူသိသပေါ့။ သူများတွေဝင်ရင် ဘယ်ဟာကို ဘယ်မှာရှာရမှန်း ဘယ်သူမှ မသိတော့ပါဘူး။ သူများတွေကိုလည်း သူကအ၀င်မခံဘူး။ အဲသည်တော့ အကျင့်တွေက ပျက်တော့တာပေါ့။

၅ နှစ်လောက်က မိဘတွေက နယ်မှာ (ဖေဖေပင်စင်မယူခင်) ကိုယ်တို့ ညီအစ်မတွေက ရန်ကုန်မှာ သင်တန်းတက်ရင်း အလုပ်လုပ်ရင်းနေတုန်းက ကိုယ့်တာဝန်နဲ့ကိုယ်နေလာရာက ဖေဖေပင်စင်ယူပြီးလို့ မိသားစု အတူတူလည်းပြန်နေရော.. သူချည်းဝင်ချက်တော့တာပါပဲ။ အဲသည်လိုနဲ့ ကိုယ်တို့တွေလည်း အကျင့်ပျက်ပြီး လက်ဆေးစားသလို ဖြစ်လာတော့တာပေါ့။

နောက်ပြီးမေမေက နေ့တိုင်းဈေးသွားပါတယ်။ ကိုယ်တို့ချည်းပဲနေတုန်းက ကိုယ်က တစ်ပတ်တစ်ခါဈေးသွားတယ်။ စနေနေ့ဟာ ကိုယ်ဈေးသွားတဲ့နေ့.. တစ်ပတ်စာ အသားငါးအသီးအ၇ွက် ၀ယ်လာပြီး အသားတွေကို ကျော်တန်ကျော်၊ ပြုတ်ကြော်လုပ်တန်လုပ် လုပ်ပြီးရေခဲသေတာထဲထည့်ထား။ ကိုယ့်အစ်မလတ်က အဲဒါတွေကို တနင်္ဂလာနေ့ကနေစပြီးတစ်မျိုးပြီး တစ်မျိုး ထုတ်ထုတ်ချက်ရတယ်။ ဒါမျိုး။

မေမေကတော့ အဲသလို ရေခဲသေတာထဲထားတွေကမကောင်းဘူး ဆိုပြီး နေ့တိုင်းကို ဈေးသွားပါတယ်။ သူပင်ပန်းလွန်းလို့ မလုပ်ပါနဲ့ တစ်ပတ်စာမဟုတ်တောင် ၃ ရက်တစ်ခါလောက်ပဲ သွားပါဆိုလည်း မရဘူး။

ဟိုတလောလေးက မေမေ တော်တော်မမာတာနဲ့ ညီအစ်မတွေ ပြန်တိုင်ပင်ပြီး မေမေ့ကို မီးဖို မ၀င်ခိုင်းဘဲ နားစေပါတယ်။ ညဖက် ညစာစားပြီးရင် ကိုယ်က မနက်ထမင်းချိုမ့်အတွက် ချက်ပါတယ်။ ချက်ပြီးမှပဲ အိပ်ပါတယ်။ မနက် ၅ နာရီလောက် (မီးမပျက်ခင်) ကိုယ့်အစ်မကြီးက ထပြီး ထမင်းချက်၊ ဟင်းနွေး ထမင်းဗူးတွေ ထည့်။ နောက် ကိုယ်နိုးတော့ မနက်စာဘရိတ်ဖက်စ် လုပ်ပေါ့။

အဲသလိုနေလာရင်း သူ့ကို လူမမာလိုဆက်ဆံတာ မေမေကကြိုက်ပုံမရ။ တစ်နေ့ ကိုယ်အိမ်ပြန်ရောက်ပြီး ညစာစားနေတုန်း ဘေးကထိုင်ပြီး မနက်အတွက် ဟင်း အမေချက်ပြီးသွားပြီး။ ကြက်သားဟင်း။ မနက်ကို နွေးပြီးထည့်သွားရုံပဲ။ တဲ့။
ကြည့်ဦး ကိုယ့်ထက်ဦးအောင် အစောကြီးကြိုချက်ထားတယ်။

ထားတော့ မနက်လည်း ကိုယ့်အစ်မက ၅ နာရီထတာကို ၃ နာရီလောက်မှာ သူက ထချက်ထားပြန်တယ်။ ကိုယ်တို့နိုးတော့ အားလုံးပြီးနေပြီ။ ခက်တာပဲနော်.. ။

ဒုက်ခ။ သူအတင်းလိုက်လုလုပ်နေတော့ သူပိုပင်ပန်းတာပေါ့။ ကိုယ်လည်း စိတ်လျှော့ထားလိုက်တယ်။ စနေမနက်ကျတော့ ၇ နာရီ ကိုယ်ထတယ်။ ရယ်ရတယ်။ မေမေဈေးသွားပြီတဲ့။ ကြည့်ဦး။ ဈေးဝယ်တာကိုယ်ဝယ်မှာစိုးလို့ သူဦးအောင် ထွက်သွားတာလေ..။
အဲ.. သူဟာ လူမမာမဟုတ်ပါဘူးဆိုတဲ့ အဓိပါယ်နဲ့ စနေနေ့မှာ မုန့်ဟင်းခါးချက်ပါတယ်။ ကိုယ်က စနေ အိုဗာတိုင်မ်လာလုပ်ရတော့ ရုံးကို မုန့်ဟင်းခါး အပို့လွှတ်လိုက်တယ်။ ကိုယ့်အစ်မကြီးနဲ့။ ငါလည်းပြောမရဘူးဟယ်တဲ့ အစ်မကြီးက ညည်းတယ်။ သူကငါတို့ထက်ဦးအောင် လုလုပ်တော့ သူပိုပင်ပန်းတာပေါ့တဲံ။ သည်နေ့ တနင်္ဂနွေ နောက်ကျမှ ထချင်တာပေါ့ကွယ်..။ အိပ်ယာကထတော့ ၇ နာရီ ခွဲ.. မနေ့က ကျန်တဲ့မုန့်ဖတ်နဲ့ စားလို့ရအောင် ငါးဟင်းခါး ချက်ထားတယ်။ အာပူလျှာပူဆန်ဆန်ပေါ့။ အဆင်သင့်ပဲ။

ကဲ.. မခက်ဘူးလား။

ကိုယ့်အမေက မီးဖိုချောင်ကို သည်နည်းနဲ့ ပြန်လည်သိမ်းပိုက်လိုက်ပြန်ပြီ။
အပြင်အလုပ်လုပ်ရတဲ့ ကိုယ်တို့လည်း သူ့ကိုပြိုင်ပြီး သူ့ထက်စောအောင် ဘယ်သူမှ မထနိုင်ပါဘူး။ မလုပ်ပါနဲ့လို့ ဇွတ်ပြောပြန်ရင်လည်း သူ့ကို လူမမာလိုဆက်ဆံလို့ သူက မကြိုက်ဘူး။ အိမ်ဖော်လည်းခေါ်လို့မရ။ အရင်တုန်းကခေါ်ဖူးတာတွေလည်း သူကမကြိုက်လို့။ ခုတော့ မိသားစုက များလာတော့ အိမ်မှာကျပ်တာလည်းပါတာပေါ့။ နေ့ခင်းပိုင်းပဲ လျှော်တာဖွတ်တာ မီးပူတိုက်တာ အတွက်ပဲ ခေါ်တော့တယ်။

မီးဖိုချောင်ကတော့.. သူ့လက်ထဲက လုံးဝလက်မလွှတ်ချင်တဲ့သဘော..။