Saturday, November 11, 2006

(ဂျူး) စိမ်းလဲ့ညို

တကယ်တော့ ကျွန်မ သူ့ကို ချစ်ပါသည်။ သူ၏ ရိုးသားဖြောင့်မှန်မှု၊ စေတနာဖြူစင်မှု၊ အေးချမ်းမှု.. အဲဒါတွေ ကို ကျွန်မ ချစ်ပါသည်။ သူသည် စာပေ အနုပညာကို မသိ၊ ပန်းချီ အနုပညာကို မသိ၊ ရုပ်ရှင်နှင့် ဗီဒီယို အနုပညာကို မသိ၊ နိုင်ငံရေးနှငိ့ လူမှုရေးအကဲခတ်ပညာကို မသိ၊ အဆင့်မြငိ့ သိပ္ပံပညာကို မသိ၊ ကွန်ပြူတာ အတတ်ပညာကို မသိ၊ နိုင်ငံခြားဘာသာစကား ဟူ၍ ကျောင်းမှာသင်ခဲ့ရသော အခြေခံ အင်္ဂလိပ်စာမှ တစ်ပါး ဘာမှမသိ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်ဆိုတာကို မသိ။ ကျွန်မနှင့်သူ ဆွေးနွေးစရာ ဘာသာရပ်တွေ တဖြည်းဖြည်း နည်းပါးပျောက်ကွယ်ကုန်ခဲ့သည်။ ချစ်သူနှစ်ဦး ချစ်ကြသည့် ကိစ္စမှာ အဲသည် ပြင်ပရေးရာ အတတ်ပညာတွေ အသိပညာ ဗဟုသုတတွေ လိုအပ်လား ဟု ကျွန်မ ကိုယ် ကျွန်မ ခဏခဏ စစ်ဆေး မေးခွန်းထုတ်ကြည့်ခဲ့ဖူး၏။ သိပ်လိုတာပေါ့ ဟူသော အဖြေကိုသာ ထပ်ကာ ထပ်ကာ ရခဲ့သည်။
.
.
သူချစ်သည့် မောင်မောင်ကြီးသီချင်းကို ကျွန်မ ချစ်သည်။ သူချစ်သည့် ကိုသန်းလှိုင်ကို ကျွန်မချစ်သည်။ သူစိမ်းလဲ့ညိုကို ညည်းလျှင် ကျွန်မက ရင်ထဲမှ သီချင်းပိုဒ် နှစ်ပိုဒ် လောက်ကို လိုက်ညည်းနိုင်သည်။ .. .. .. .. .. .. .. .. .. .. သူချစ်သည့် သီချင်းမှန်သမျှ ကျွန်မက ချစ်နိုင်ပေမယ့် ကျွန်မ ချစ်သည့် သီချင်းတွေကို သူမချစ်နိုင်ခံပေ။ မင်းမင်းလတ်ကို သူချစ်ဟန်ဆောင်နိုင်သည်ထား။ ဇော်ဝင်းထွဋ်ကို ချစ်ဖို့ ကြိုးစားနိုင်သည်တား၊ Bee Gees ကို သူမခံစားနိုင်ခဲ့။ Eagle ကို သူမခံစားနိုင်ခဲ့။ "အဲသည်တော့ ဘာဖြစ်လဲ" ဟု ကျွန်မ အားတင်းကြည့်ဖူးသည်။ အဲသည်တော့ သူနှင့် ကျွန်မ ပြောစရာ စကားတွေ ရှားပါးခဲ့တာပေါ့။

(ဒါကို ဖတ်မိသွားတော့ သူ့ကို သတိရသွားသည်။ ဒီလိုတွေ ဖြစ်ခဲ့သည်။ ထပ်တူမဟုတ်ခဲ့ပေမယ့် ဒီ အတိုင်းပါပဲ.. .. အရင်ကတော့ ချစ်ခဲ့သည် တင်၏။ ‘ဒါပေမယ့် အသွင်မတူညီကြတာနဲ့ အမျှ တစ်ယောက်အနား တစ်ယောက် ရှိနေရခြင်းသည် အဓိပ္ပါယ်တွေ မဲ့နေခဲ့ကြဖူးတာ သတိ ရမိပြန်တယ်.. တစ်သက်လုံးများ အတူနေကြရရင်.. ဘုရား.. တစ်ယောက်တည်း ရယ်ချင်နေပြန်တော့သည်။ ဘယ်သူကများ ရိုက်နှက် တိုက်တွန်းနေလို့လဲ.. ခက်နေတာကတော့ ကိုယ့်ရဲ့ အတ္တပါ )

ကျွန်မအတွေးနှင့် သူ့အတွေး ဘယ်လောက်တောင် ဝေးကွာနေခဲ့သလဲ ဆိုလျှင် သူ့ကို ကျွန်မ မယူနိုင်သည့် အကြောင်းပြချက် ပေးပါဟု တောင်းလို့ ကျွန်မ ပေးခဲ့သောအခါ ထိုအကြောင်းပြချက်စစ်စစ် ကို သူမယုံခဲ့ပေ။

ကျွန်မ သူ့ကို မယူနိုင်၊ သူ့ကိုမှ မဟုတ်၊ ဟောသည် ကမ္ဘာလောကတွင် ဘယ်ယောက်ျားကိုမှ လက်မထပ်နိုင်၊ ကျွန်မ အိမ်ထောင်မကျလို၊ ကျွန်မနှင့် အိမ်ထောင်သည်ဘ၀ သင့်တော်ကိုက်ညီမှာမဟုတ်။ မိသားစုဘ၀၏ အရသာကို ကျွန်မပေးနိုင်မှာလည်း မဟုတ်။ ရနိုင်မှာလည်း မဟုတ်။ ကျွန်မသည် တစ်ထစ်ကလေးမျှ အလျှော့ မပေးချင်၊ အပွန်းအပဲ့မခံချင်၊ အေးအတူ ပူအမျှ ဆိုသည့်အပေးအယူတွေ လိုက်လျောမှုတွေ ထိန်းချုပ် မျိုသိပ်မှု တွေကို မကြုံချင်။ ကျွန်မ၏ အတ်တကို နည်းနည်းမှ အထိခိုက်မခံနိုင်။ အိမ်ထောင်သည် ဘ၀၏ ဂီတစည်းချက် နှင့် လိုက်လျောညီထွေစွာ ကျွန်မ ကနိုင်မှာ မဟုတ်။
(အင်း.. ဒါကြီးကတော့ တဆိတ် ပြင်းထန်လွန်းသေးသည်.. )


သူမယုံခဲ့ပေ။

လောကမှာ အဲသည်လောက် ကြောင်သည့် မိန်းမ မရှိဟု သူတွက်ပုံရောစးောစးသည်။ ကျွန်မ သူ့ကို မယူနိုင်တာက ကျွန်မက ပညာပိုတတ်ပြီး သူက ပညာမတတ်လို့တဲ့။ (ဗုဒ္ဓေါ လို့သာ အော်ဖို့ကောင်းတော့ သည်။.. ဒီအတိုင်း နိးပါးပါပဲ..) ကျွန်မက ချမ်းသာပြီး သူက ဆင်းရဲလို့..တဲ့။ တကယ့်အကြောင်းပြချက် ကို သူမယုံသော အခါ သူထင်သည့် အကြောင်းပြချက်ကို ပဲ မှန်ကန်ပါသည် ဟု ကျွန်မ ၀န်ခံလိုက် ရသည်။

သူ့ကို မယူနိုင်ပါဘူး ဟု ဖွင့်ဟ ကြေငြာပြီးပေမယ့် ကျွန်မချစ်သူသည် သူပဲဖြစ်နေသည်။ ကျွန်မ အတွက်က ဘာမှ မပြောင်းလဲ ပေ။ သို့သော် သူကတော့ ကျွန်မတို့ နှစ်ယောက်၏ ဘ၀ကလေး ပြောင်းလဲ သွားပြီဟု ယူဆလိုက်ကာ ချစ်သူဘ၀မှ တစ်ဆင့် နောက်ဆုတ် ပစ်ခဲ့သည်။

"နင့်ကို ငါမယူတာနဲ့ပဲ နင်နဲ့ ငါ ချစ်သူတွေ မဖြစ်ရောစးတော့ဘူး လား။ ဟင့်အင်း.. မရဘူး။ နင့်ကို ငါချစ်သလို နင်လဲ ငါ့ကို ချစ်နေရမယ်။.." ကြည့်စမ်း ကျွန်မ ဘယ်လောက်တောင် အတ္တကြီးခဲ့မိသ လဲ။ သူသည် ယောက်ျားမာနနှင့် ကျွန်မ ကို ချစ်သည့် အချစ်အကြားမှာ သူ့ဘ၀သူ အလူးအလဲ ရွေးချယ်ဖို့ ကြိုးစားခဲ့ရသည်။ ...

(တော်လောက်ပါပြီ.. ဆက်မဖတ်သင့်တော့ဘူး ထင်ပါရဲ့ .. ‘လောကမှာ .. ဒီလောက်တောင် တိုက်ဆိုင်တာမျိုး ရှိနေသတဲ့။.. ဒါပေမယ့် .. မနေနိုင်လို့ ဆက်ဖတ်တော့.. သည့်ထက်တိုက်ဆိုင်တာ ရှိသေးသည်။ အဲသည်မိန်းမက သူ့ရည်းစားလက်ထပ်တော့မယ် ဆိုတော့ အဲသည်မင်္ဂလာဆောင်ကို တတ်ဖို့ ရွာကို ပြန်လာခဲ့တယ်.. မင်္ဂလာမဆောင်ခင်တစ်ရက် သူအဲသည်ရွာကို ရောက်တယ်.. သူ့ရည်းစား ခမျာ သူလာတိုင်း သူ့ကို လာတွေ့လေ့ရှိတာကိုး.. ခုတော့ မနက်ဖြန်မင်္ဂလာဆောင်မယ့် သူတို့သားက ရည်းစားဟောင်းကို ဘယ်လာ တွေ့တော့မလဲ.. ‘ဒါပေမယ့် သူက မျှော်လင့်တယ်.. စောင့်နေကျနေရာမှာ သွားစောင့်နေတယ်.. မှောင်လုတဲ့အထိမလာဘူး.. ဒါပေမယ့် အဲသည်မိန်းမ ရဲ့ စိတ်ဖြေသိမ့်မှုကိုကြည့်ပါဦး..)

အို..သူမလာဘူးလို့ ကျွန်မ သေချာလို့လား.. ကျွန်မက ရွာကို ကျောပေး၍ မြစ်ကို မျက်နှာချင်းဆိုင်၍ ထိုင်နေခဲ့သည့် ကြာမြင့်သော ကာလမှာ ကျွန်မနောက်နားဆီသို့ သူရောက်ချင် ရောက်လာနိုင်ခဲ့တာပဲ။ ကျွန်မဆီသို့ ခြေတစ်လှမ်းထပ်တိုးဖို့ ဟန်ပြင်ပြီးမှ နောက်ပြန်ဆုတ်ကာ ပြန်သွားတာလည်း ဖြစ်နိုင်ခဲ့တာပဲ.. ကျွန်မ ရွာဖက်ပြန်လှည့်လာခဲ့သည်။ ကျွန်မ တစ်ရပ်လောက်မြင့်သည့် (လမ်းဘေးဝဲယာရှိ) ပြောင်းပင် တွေသည် မလင်းတလင်း လရောင်အောက်မှာ လေဖြင့် ယိမ်းနွဲ့နေကြသည်။ အဲသည် ပြောင်းပင်တန်း တွေကြားမှာ လူတစ်ယောက် အသာလေးရပ်ပြီး သည်ဘက်ကို လှမ်းကြည့်နေနိုင်ခဲ့တာပဲ။ ကျွန်မဆီကနေ သဲသဲကွဲကွဲ မြင်နိုင်မှာ မဟုတ်ဘူးလေ။ ထို့နောက် ခပ်တိုးတိုးရယ်မိသည်။ သူပြောခဲ့တာ သိပ်မှန်၏။ ကျွန်မ အလွန်စိတ်ကူးယဉ်လေသည်။

ကိုယ်ကတော့ ဟက်ဟက်ပက်ပက်သာ ရယ်မိတော့သည်။ သူနဲ့ နောက်ဆုံးအကြိမ် ရန်ဖြစ်ပြီး စေတ်တ ပြတ်စဲခဲ့ချိန်က ကိုယ့်ကျောင်းကို လာနေကျအတိုင်းသူလာမယ် လို့ မျှော်လင့်ဖူးသည်။ (တွေ့ချင်နေလို့ ရယ်တော့ မဟုတ်ပါ.. သူက တွေ့ချင်နေစေချင်တာပါ.. ကြောင်တာလေ..) ကျောင်းဂိတ်ပေါက် အုတ်ခုံမှာ ရှိမနေတဲ့အခါ လမ်းဟိုဘက်က Fashion Shop ထဲကနေ ကိုယ့် ကို ကြည့်နေနိုင်သားပဲ.. သူအဲသည်မှာ ရှိနေမှာပေါ့ .. လို့ တွေးပြီး စိတ်သက်သာရာ တွေးကြည့်ခဲ့ဖူးသည်။ ကိုယ်ကတော့ စိတ်ဆင်းရဲမှု လေးတောင် မခံစားချင်ဘဲ.. အဲသလို စိတ်ချမ်းသာသလို လှည့်တွေးပစ်ခဲ့တာ ချည်းပါပဲ.. ဖြစ်စေချင်သည့်အတိုင်းသာ စိတ်ကူးယဉ်ပစ်လိုက်တာပါပဲ.. (အမြဲနိုင်ချင်သည်လေ..) တော်တော်တော့ ရယ်ရသည်.. ကဲ.. ကြည့်ပါဦး .. ကိုယ် အခုရယ်နိုင်ပြီ။ ဒါဆိုရင် ဘာမှ ခက်နေတော့မယ် မဟုတ်ဘူး.. ထင်ရဲ့..

No comments: