အရင်ဝတ္ထုတွနဲ့ ယှဉ်ရင် .. အားလုံးပြောသလိုပဲ...နည်းနည်းတော့ ဖွာနေသလိုပါပဲ... (ဓာတ်ပုံတစ်ပုံဟာ သိပ်မပြတ်သားဘဲ.. ဆေး ဖွာသလိုမျိုးကိုပြောတာပါ)
ဒါပေမယ့်.. သိပ်လှပါတယ်.. ကိုယ်က ပိုလို့ ခံစားမိတယ်.. စိတ်တွေ ထိန်းသိမ်းလို့ မရအောင်ဖြစ်တဲ့အခါ.. ဘာကိုလုပ်မိမယ်ဆို တာ ကြိုတင် ပြဌာန်းထားလို့ မရတာကြောင့်.. ကစဥ့်ကလျားဖြစ်တဲ့စိတ်နဲ့.. လုပ်လိုက်မိမှာပဲ.. နောက်တစ်ခုက အောက်ချင်းငှက်မလေးရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပုံ နဲ့.. နိမိတ်ပုံထင်ကြည့်လိုက်ရင်.. ငွေ့လုပ်ရပ်ဟာ ဂရုဏာသက်စရာပါ..
သူ့မှာ အချစ်ရှိတယ်.. သူ ထျန်းအုပ်ထန် ကို ချစ်တယ်... ပိုင်စိုးကို တွယ်တာတာ.. တကယ်တော့ ထျန်းအုပ်ကို ချစ်တယ် လို့ သူထင်သွားတယ်.. အဲသည် အချစ် အတွက်နဲ့ပဲ.... အင်း... ဘယ်လိုပြောရမလဲ.. ထျန်းအုပ် က သူ့ကို ချစ်နေသော်ငြားလည်း.. ချင်းလူမျိုး မျိုးနွယ်ကို စောင့်ရှောက်ရမယ်.. လေ.. အဲဒါက သူ့ကို ရှက်စိတ်နာစေတယ်.. ပထမမှာ ပိုင်စိုးလား.. ထျန်းအုပ် လားမသိပေမယ့်.. ထျန်းအုပ် နဲ့ မဖြစ်နိုင်တော့ပါလား ဆိုတာကို သိတဲ့ အချိန်မှာ သူချစ်သူဟာ ထျန်းအုပ်ပဲ လို့ သေချာ သွားသလိုမျိုး.. အဲဒါဟာ စိတ်ရောဂါ တစ်မျိုး ဆိုရင်.. အဲသည် စိတ်ရောဂါ ကိုယ့်မှာလည်းရှိတယ်.. အဲဒါကြောင့်.. သူ့ကို ကိုယ်နားလည်တယ်..
ကားချောက်ထဲကျသွားတဲ့အချိန်မှာ.. သူ့ကိုချောက်ခြားစေတာက . .အတိတ်က အဖြစ်ဆိုးရယ်.. အခု လက်ရှိအခြေအနေရယ်.. အတိတ်က ကောင်လေး ဖုဒုလျန် ဟာ.. သူ့ကို ရုးရူးမိုက်မိုက်ချစ်ရင်း... သူနဲ့ ဝေးရမှာချင်းအတူတူ ဆိုပြီး ချောက်ထဲကို (ခုန်ချ သွားတယ်လို့ယူဆရတာပဲ.) ကျပြီး သေသွားရတယ်.. အဲဒါဟာ.. ဒီကလေးအပေါ် သူ့တာဝန်မကင်းဘူး လို့ နောင်တရ ချောက်ခြားနေတယ်..
ဒီတစ်ကြိမ်မှာတော့.. သူကိုယ်တိုင်က တွယ်ငြိမိပေမယ့်.. သူ့ကို ငြင်းဆန်ခဲ့သူ.. ချစ်စကားပြောမယ် ထင်မိပြီး ငြင်းလိုက်မယ် ဟန်တွေ ပြင်ပြီးကာမှ.. မမျှော်လင့်တာကြားလိုက်ရလို့.. ပိုပြီး မြတ်နိုးမိဟန်ရှိတဲ့ (ကိုယ့်ယူဆချက်ပါ) ချစ်သူ ပါ.. အဲသည် ချစ်သူအတွက် အသက်စွန့်တယ် လို အတိအကျ ပြောလို့ မရသလို မဟုတ်ပါဘူး လို့လည်း ငြင်းလို့ မရဘူး.. . ဒီနေရာမှာ ငွေဝန်းဟာ.. သူ့အတ္တ အတွက်လည်း အသက်စွန့်တာ ဖြစ်လို့.. အဲသည် အချိန် အဲသလိုလုပ်လိုက်တဲ့ ငွေဝန်းရဲ့ ဆုံးဖြတ်ချက်ကို အဖြေရှာမယ် ဆိုရင်.. ရှုပ်ထွေးနေမှာ အသေအချာပါပဲ...
သူ့အတ္တအတွက် လို့ ဆိုရတာက.. သူ့ကြောင့် လူတစ်ယောက် အသက်ရှုံးရတယ် ဆိုတဲ့ နောင်တနဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက် အဖို့.. သတိမေ့နေတဲ့ ထျန်းအုပ်ထန်ကို ထား ခဲ့ပြီး .. သူက အပေါ်ကို ရောက်လို့ အသက်ဘေးက လွတ်မြောက်နိုင်သည်ထား.. ထျန်အုပ်ထန် သာ ကျန်ခဲ့ရင် ချောက်ထဲပြုတ်ကျပြီး သေမှာ အသေအချာပဲလေ.. အဲသည် အခါ.. သူ့နောင်တက ၂ ဆင့်တက်နောင်တနဲ့ သူဘယ်လိုများ အသက်ရှင်မလဲ.. ဖုဒုလျန်က သူ့ဟာသူ မိုက်မဲစွာ သေလိုက်တာတောင်.. သူကို ချောက်ခြားနေစေခဲ့တာ.. ဒီတစ်ခါ.. သူတစ်ကိုယ်ကောင်းဆန်စွာ.. ကိုယ့်အသက် ဘေး လွတ်မြောက်ဖို့ဥိးစားပေးလိုက်လို့ ထျန်းအုပ် သေရတာပါ ဆိုရင်.. သူဟာ .. ပထမ ခံစားနေရတဲ့ စိတ်ဝေဒနာ ထက် ဆိုးတဲ့ စိတ်နဲ့ အသက်ရှင်နေသွားရတော့မယ်.. .
ထျန်းအုပ်ကို ချစ်တဲ့ စိတ်.. ကိုယ့်ကိုယ်ကို ချစ်လွန်းတဲ့ အတ်တ.. တွေနဲ့အဲသည် လို သူလုပ်လိုက်တာ.. အဲဒီအချိန်မှာ သူသေလိုက်ဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူး.. ထျန်းအုပ်ထန် အပေါ်ရောက်သွားပြီး နောက်ထပ်ကျလာမယ့် ကြိုးတစ်ချောင်းကို မျှော်လင့်နေခဲ့သေးတယ်..
တောင်အောက်ကို ကျနေချိန်မှာလည်း.. သေဖို့ ကြောက်တဲ့စိတ် မဟုတ်တော့တဲ့.. ကစဥ့်ကလျား သို့သော် တည်ငြိမ်သော.. ထူးဆန်းတဲ့ စိတ်အခြေအနေ တစ်မျိုးနဲ့ .. ကျနေတယ်.. သိစိတ် မလွတ်ဘူး.. မိုးလင်းရင် မေ့နေတတ်တဲ့ အိပ်မက် ဟာ.. အဲသည် အချိန်မှာ ဖြတ်ခနဲ ပြန်သတိရတယ်.. ဒါဟာ ဖြစ်တတ်တာတစ်မျိုးပဲ.... ဒါကို အမိအရ ရေးနိုင်ခဲ့တာ ချီးကျူးရမှာပါ... အဲသည် အချိန် သူ ဟာ ရင်ခွင်တစ်ခုကို တမ်းတတယ်.. အဲဒါ ဘယ်သူလဲ.. သူမသိတော့ဘူး.. အဲသည် တောင်အောက်ကို ကျနေတဲ့ အချိန်မှာ.. ထျန်းအုပ်ထန် ဟာ သူ့ချစ်သူ မဟုတ်တော့ဘူး.. ကျေသွားခဲ့ပြီလေ.. သူလို မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ.. ကိုယ့်အသက်ကို ပေးပြီး ကယ်လိုက်ပြီးပြီ.. ဒီလူ အသက်ရှင် ကျန်ရစ်ပြိ.... ကိုယ်ကတော့ သေရတော့မယ်.. အဲသည် စက်ကန့်အပိုင်းအခြားမှာ.. သူဟာ ထန်အုပ် ကို ချစ်မနေတော့ဘူး.....
ချစ်ခြင်း၊ ချစ်သူ စတာတွေ ကို မကြုံလိုက်ရသေးဘဲ သေရမယ့် သူ့အဖြစ်ကို နှမျောမိတယ်..... ဒါပေမယ့် ပြန်လည် ပြင်ဆင်လို့ မရတော့လို့. . သူစိတ်ကို လျော့ထားတယ်..
ကိုယ်သိပ်ကြိုက်တဲ့ အဖွဲ့ကတော့ အဲသည် နောက်ဆုံးခန်းပါပဲ.. သေဖို့ အောက်ကို ကျနေဆဲ.. အချိန်ပါပဲ.. အဲဒီအချိန်မှာ ငွေဝန်းနဲ့ ကိုယ်နဲ့ ဟာ တစ်ယောက်တည်းလို....
သေသောသူတို့ အဖို့
မသေနိုင်သော ဂုဏ်သတင်း ရှိစေသတည်း.....
ရှင်သောသူတို့အဖို့
မသေနိုင်သော အချစ် ရှိစေသတည်း...
----------------------------------------------------
အဲဒါကတော့ တိမ်နဲ့ ချည်တဲ့ကြိုး နောက်ဆုံးခန်းရဲ့ အဖွင့် စာပိုဒ် ပဲ...
ငွေဝန်း သေလိုက်တာ ဂုဏ်သတင်းအတွက်.. မဟုတ်ခဲ့ပေမယ့်... သေလိုက်တဲ့ ငွေဝန်းမှာ ဂုဏ်သတင်းကျန်ခဲ့မှာ... ထျန်းအုခ်ထန် ခမျာတော့ ... မသေနိုင်သောအချစ် နဲ့ ဘယ်လို အသက်ဆက်ရှင်သွားရှာမယ် မသိ... သူ့အတွက်တော့ ငွေဝန်းရဲ့ လုပ်ရပ်ဟာ ကျိန်စာတစ်ခုလိုပဲ.... သူ့အသက်ရှင်ခြင်းဟာ ငွေဝန်းရဲ့ သေခြင်းနဲ့ လဲယူခဲ့တယ် ဆိုတာကို သိရပြီးတဲ့နောက်မှာ... ဘယ်လောက် ခံစားရဦးမယ်ရယ် မသိတတ်အောင်ပဲ...
..သူမ သစ်ပင် အကိုင်းကို ဆွဲမိဆွဲရာ ဆုပ်ကိုင်လိုက်သည် ...
အို.. နာလိုက်တာ.. ငွေဝန်းလက်ကို စူးရှသော ဝေဒနာက လွှမ်းမိုးသွားသည်..
သူမ အလန့်တကြားလွှတ်ချ လိုက်မိ၏။ သူမသည် ထိုနာကျင်မှုမှ လွတ်မြောက်သွားပြီ.. သို့သော် ထိုဝေဒနာသာမက အရားအားလုံးကနေ လွတ်သွားခြင်း ဖြစ်သည်.. သူမ နှာခေါင်း ထဲသို့ လေတွေ တိုးဝင်လာသည်။ အေးလိုက်တာ..
"အစ်မရေ"
အလောတကြီး ခပ်ဝါးဝါးအသံသည် သူမ နောက်ဆုံးကြားလိုက်ရသော အသံပါပဲ..
အဲသည် နောက်တော့ တစ်လောကလုံး တိတ်ဆိတ်သွား၏...
အသူတရာ နတ်လှသော ချောက်ကမ်းပါးကြီး ဟူသည့် အသုံးအနှုန်းကို သူမ ကြားဖူးနေတာ ခဏခဏပါပဲ.. သို့သော် မိမိ၏ နောက်ဆုံးအချိန်သည် ထိုစကားလုံးနှင့် ဆက်စပ်နေလိမ့်မည်ဟု မနေ့က အထိ ကြိုတင်တွေးမကြည့်မိခဲ့..
မိုးကောင်းကင်ကြီးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည်..
လေတွေက သူမ နှာခေါင်းထဲသို့ ကြမ်းတမ်း ပြင်းထန်စွာ တိုးဝင်လာသည်.. ..
သူမသည် အောက်သို့ လွင့်စဉ် ထိုးစိုက် ကျနေခဲ့သည်…
တိမ်တွေကို ထိတွေ့ချင်.. ခံစားချင်လွန်းသည့် မိန်းမ.. တိမ်တွေ ကြားထဲသို့ အဆီးအတားမရှိ တစ်ကိုယ်လုံး ထိုးစိုက်ဆင်းပြိး ၀င်သွားနေခဲ့ပြီ.. သူမ ပျော်ရွှင်ပါရဲ့ လား.. ကျေနပ်ပါရဲ့လား..
အောက်သို့ ကျဆင်းချိန် ဘယ်လောက် ကြာမှာလဲ.. ခြောက်မိနစ်၊ ရှစ်မိနစ်၊ တောင်က ဘယ်လောက် မြင့်ပါလိမ့်.. ပေငါးထောင်.. ခြောက်ထောင်.. မရောက်သေးဘူးလား..
တိမ်ငွေ့တွေက အေးစက်လွန်းသဖြင့် တုန်ခိုက်လာသည်..
သူမ ဘယ်လို အရာမျိုးအပေါ်ကျသွားမှာလဲ.. ကျောက်သားအတိ ပြီး သည့် ကျောက်နံရံစောင်းတစ်ခု ပေါ်လား..
သို့မဟုတ် မြေကြီးနှင့် ကျောက်သား ရောနေသည့် မာကျောသည့် အစိုင်အခဲတစ်ခုပေါ်သို့လား..
သို့မဟုတ် ယခုလိုပဲ နူးညံ့အေးခိုက်လှသည့် အဖြူရောင် တိမ်ခိုးတိမ်ငွေကတွေ ပေါ်သို့လား..
မကြောက်နဲ့..
သေရတော့မည်..
မကြောက်ပါနဲ့..
လောကကြီးမှာ မိမိကို စုပ်ယူဝါးမြိုထားသော အရာတွေက များလှသည်.. ထိုအရာများမှ လွတ်မြောက်ဖို့မှာ သေခြင်းတစ်ခုသာ အားကိုးစရာ ရှိတော့သည်..
သေခြင်းသည် သူမအား ကယ်တင်မည့် ကယ်တင်ရှင်..
မတုန်လှုပ်ပါနဲ့..
နာကျည်းတုန်လှုပ်မှုတွေဆီမှ လွတ်မြောက်အောင် သူမကို ကယ်တင်လိမ့်မည်..
နောင်တတွေ ထံမှ လွတ်မြောက်အောင် ..
စိတ်ပျက် အားလျော့မှုတွေ ထံမှ လွတ်မြောက်အောင်..
သည်တော့ သူမ ဘာကိုများ ကြောက်လန့်တုန်လှုပ်နေရဦးမှာလဲ..
ကျပစေပေါ့..
နာကျင်မှုလား..
အိုး.. အောက်သို့ မရောက်မချင်း နာကျင်မှုကို သူမ ခံစားရဦးမှာ မဟုတ်..
နောက် ဆုံးအချိန်အထိ တိမ်စိုင် တိမ်လိပ်များကို စီးပြီး တရွေ့ရွေ့ ခရီးနှင်နေသည် ဟု သဘောထားနိုင်သည်..
အောက်ခြေ အမာခံတစ်ခုခုနှင့် အရှိန်ပြင်းစွာ ထိပြီး အရိုးအစုအဝေးအဖြစ် ကွဲကြေ ကျိုးပြတ် မသွားမချင်းပေါ့...
တစ်ခုပဲ ရှိပါသည်..
သူမ ဤကဘာလောကမှ မထွက်ခွာမီ နောက်ဆုံးအချိန် .. နောက်ဆုံးမိနစ်.. နောက်ဆုံး စက္ကန့် တွက် မိမိချစ်သော သူတစ်ယောက်၏ ရင်ခွင်မှာ ရှိသွားနိုင်ဖို့ ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်..
အခုတော့.. .. ထိုစိတ်ကူးသည်.. ဘယ်လိုမှ မဖြစ်နိုင်တော့မှန်း သူမ သိလိုက်ရပြီ.. ..
ချစ်သူ၏ ရင်ခွင်မှာ ခိုဝင်မှေးစက် ခွင့်လေးကို တောင် မရနိုင်တော့သည့် အဖြစ်မို့ သူမ ၀မ်းနည်းလှပါသည်.. ..
ဒါပေမယ့် ကျွန်မ ချစ်သူက ဘယ်မှာလဲ.. ဘယ်သူလဲ...
----------------------------------------------------
Saturday, November 11, 2006
တိမ်နဲ့ ချည်တဲ့ကြိုး (ဂျူး)
Posted by Maw at 6:03 AM
Labels: ခံစားမိသမျွ ဆရာမ ဂျူး၏ စာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment