တကယ်တော့လည်း ကျွန်မတို့ လူ့ဘ၀ဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်သမုဒ္ဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေ တစ်စင်းစီးဖြင့် ခရီးနှင်နေကြရခြင်းပဲ မဟုတ်လား..
.
ကျွန်မ၏ရွက်လှေက ဘယ်လောက်ခိုင်ခံ့သလဲ။ ဘယ်လောက် လုံခြုံသလဲ။ ကျွန်မမသိ၊ ဘယ်သူမှလည်းမသိ၊ ကိုယ့်လှေကို လှပအောင် ဆွဲဆောင်မှု ရှိအောင် ကျွန်မတို့ဆေးခြယ်ရင်း အောင်မြင်ခဲ့သူတွေရှိမည်။ မအောင်မြင်ခဲ့သူတွေလည်းရှိမည်၊ လှပနိုင်သူ သစ်လွင်နိုင်သူတို့က ဂုဏ်ယူစွာ ရွက်လွှင့်နေချိန်တွင် မအောင်မြင်သူတွေက အစုတ်အပြဲ အဖာအထေးရွက်တို့ဖြင့် မွဲနွမ်းလှသော လှေကိုယ်ထည်ဖြင့် နာနာကြည်းကြည်း ရွက်လွှင့်နေကြလိမ့်မည်။ ကိုယ့်လှေကိုယ် ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် တာရှည်ခံသည်ထက် ခံအောင် ကြိုးစားပြင်ဆင်လိုသူတွေလည်း ရှိမည်။ ကံစီမံရာပဲဟု ကံကြမ္မာအပေါ် ပုံအပ်ထားသူတွေလည်းရှိမည်။ မုန်တိုင်း ဗဟိုနှင့်နီးစပ်သူတွေရှိမည်။ အဖျားအနားပဲ ထိသူတွေရှိမည်၊ အချိန်မတိုင်မီ နစ်သူတွေရှိမည်။ (အချိန်တိုင်ခြင်း မတိုင်ခြင်းကို ရော ဘယ်သူက ဆုံးဖြတ်ပေးမလဲ)
ကျွန်မတို့ ခရီးနှင်ရာ၏ အဆုံးပန်းတိုင်က ဘာလဲ။ အမှန်အတိုင်းပြောရလျှင် ကျွန်မမသိပါ။
(ဟုတ်ပါရဲ့.. ဒါကိုကိုယ်မသိသေး..) နစ်မြုပ်ခြင်းသည် ခရီးဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာရခဲ့လျှင် ဟိုဘက်မှာ ဘာရှိသလဲ။ ဘာကိုမျှော်လင့်ပြီး ကျွန်မတို့ ရွက်လွှင့်နေကြတာလဲ၊ မေတ္တာတရားအတွက်လား၊ ဗြဟ္မစိုရ်တရားအတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန်ဟု စကားအရသာ သိပြီး တကယ်လက်တွေ့ ကျွန်မ မသိမြင် နိုင်သော စိတ်အခြေအနေတစ်ခုဆီသို့လား၊ သီးသန့်နေရာတစ်ခုဆီသို့လား၊
(တရားစာအုပ်တွေဖတ်ခဲ့ချိန်.. တရားထိုင်ခဲ့ချိန်တွေတုန်းက သိသလိုရှိပြီး.. လက်တွေ့တွေ..နဲ့ ချိန်ဆလို့ ပြန်ပြီး စဉ်းစားချိန်တွေမှာေ၀၀ါးသွားပြန်တာမို့ ကိုယ်လုံးဝမပြောတော့တဲ့ ဘာသာရေးအကြောင်း.. သိအောင်ထပ်ကြိုးစားရဦးမည်.. ဖမ်းဆုပ်ဖို့ ကြိုးစားရင်းနဲ့.. ဘာကိုမှ မတွေ့သလိုဖြစ်နေတုန်း.. )
ကျွန်မကရော ဘယ်ကို ဦးတည်ပြီး ရွက်လွှင့်နေခဲ့ပါသလဲ ဟု ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ ကျွန်မ တော်တော် လန့်သွားသည်။ ဘာကိုဦးတည်မှန်းသာ မသိပေမယ့် ခရီးကတော့ အတော်ပေါက်ခဲ့ပြီး လေပြီ။ ကျွန်မ၏ရွက်လှေပေါ်မှာလည်း လိုချင်၍ သယ်ယူလာခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံ ယူခဲ့ရသည့် အမှားများ၊ လွှင့်ပစ်လို့ရလျှင် ချက်ချင်း လွှင့်ပစ်လိုက်ချင်သော နောင်တများ စသည်ဖြင့် ကုန်စည် ပစ္စည်းများလည်း အသင့်အတင့် စုံခဲ့ပြီ။
ကျွန်မဘယ်ကိုရောက်မှာလဲ ဆိုတာကိုလည်း သိချင်လာပြီ၊ မုန်တိုင်းကြောင့် သို့မဟုတ် ကျွန်မ၏ ပဲ့ကိုင် ထိန်းချုပ်ခြင်း အတတ်ညံ့ဖျင်းမှုကြောင့် လှေကလေး နစ်သွားလေမလား ဟု လည်း စိုးရိမ်ပူပန်လှပြီး ဘယ်သူကမှ အာမခံပေးလို့မရသည့် ဟောသည် သမုဒ္ဒရာ ပြင်ကျယ်ကြီးထဲမှာ မင်းရဲ့လှေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး ဟူသော ဖျောင်းဖျနှစ်သိမ့် အားပေးမှုကိုလည်း တစ်ဖက်က ကြားချင်နေပြန်သည်း ကိုယ် တောင် ဘယ်အချိန် နစ်မလဲ မသိနိုင်သည့် ခရီးမှာ သူများလှေတွေ နစ်လုမတတ်ဖြစ်တာ နစ်သွားတာတွေကို သူရဲကောင်း ဆန်ဆန် ကယ်တင်နိုင်လေမလား ဟုလည်း ကိုယ့်ကိုယ် ကို ဘ၀င်မြင့် ခဲ့မိပြီးပြီး ကိုယ့်လှေ ခိုင်ခံ့အောင် လုံခြုံအောင် ပြုပြင်တည်ဆောက် မည့်အစား အပေါ်ယံ ဆေးခြယ်မှုကို ပို၍ဦးစားပေးခဲ့မိသည့် ကာလကလည်း တော်တော်ရှည်ကြာခဲ့ပြီ၊
ကျွန်မ၏လှေထဲမှာ သယ်ယူခဲ့သည့် ပျော်ရွှင်ခြင်းဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့မရတော့သည့် တစ်ခါသုံးပစ္စည်းတွေ အမှိုက်တွေသာ ဖြစ်တော့သည်။
ကျွန်မက ကျွန်မလိုအပ်သည့်အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့ဖူး၏။ ငွေကြေးဥစ္စာဟု ထင်ခဲ့ဖူး၏။ အဲဒါတွေကို ရမှ ဖြစ်မယ် ဟုထင်ကာ မနိုင်မနင်းသယ်ယူခဲ့ပြီးပြီ။ (အင်း .. ကိုယ်က တော့ ကြိုးစားနေဆဲ..) ကျွန်မလိုတာဒါမဟုတ်ဘူး ဟု သိသလိုလို ရှိလာချိန်မှာ ဒါတွေကို လွှင့်ပစ်ဖို့လည်းမဖြစ်နိုင်၊ အဲသည်အရာတွေနှင့် ကျွန်မက အတော်ကြီးပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီမဟုတ်လား။ လှေကလေးပေါ့အောင် ကိုယ် ထိန်းသိမ်းတိုင်း လိုရာရောက်အောင်က ဒါတွေကို ပစ်ချခဲ့မှ ရမည်ထင်ပါရဲ့။
(လိုရာဆိုတာ ဘယ်..ပါလိမ့်..ကိုယ်တွေးမိသည်.)
အခုတော့ ကျွန်မ ရွက်လည်းလွှင့်နေဆဲ။ လေးလံသော အပိုပစ္စည်းများကိုလည်း လွှင့်ပစ်ဖို့ ကြံရွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေး ခိုင်ခံ့ဖို့ပြုပြင်တည်ဆောက်မှ ဖြစ်မည်ဟူသော အသိတရားကလေး ရေးရေး ပေါ်လာပြန်တော့ အလုပ်စတင်ဖို့ တွန့်ဆုတ်နေဆဲ။
အဲသလိုနှင့် သည်လှေ၏ သက်တမ်းက လှေတစ်စင်း၏ ယေဘုယျသက်တမ်း ထက်ဝက်ပင် ကျော်ခဲ့ပြီ။ (သက်တမ်းခုနှစ်ဆယ် ဆိုရင်တော့ ကိုယ်က သုံးပုံတစ်ပုံကိုရောက်နေပါပြီ) ရှေ့မှာ ခရီးက မိုင်ပေါင်းများစွာ ရေပြင်ကျယ်ကြီး.. ဘာကမ်း.. ဘာသောင် မှ မမြင်ရသေးသည့် ရေပြင်ကျယ်ကြီး၊ သည်လှေနှင့် သည်ခရီး မျှတပါရဲ့လား.. ကျွန်မမသိ။ ကျွန်မ ဘာမျှမသိပါ၊
(ဟုတ်ပါရဲ့..ကိုယ်ဘာမှ မသိသေး.. ကိုယ် သိအောင်ကြိုးစားရဦးမည်.. ဘယ်ဟာက အရေးပါသလဲ.. ဘယ်ဒင်းက အရေးမပါသလဲ.. စာရင်းတစ်ခု ချရေးရမည်.. မလိုတာတွေဖြုတ်ချခဲ့ရမည်.. ကြည့်စမ်း.. ကိုယ့်အကြောင်းတောင် ကိုယ် ရေရေရာရာ မသိနိုင် .. နားမလည်နိုင်တဲ့ကိုယ် က လောကအတွက် .. လူတွေအတွက်.. လူသားတွေရဲ့ အခွင့်အရေးအတွက်.. ဟင့် အင်း.. ခုကစလို့ မကြုံးဝါးနဲ့တော့.. တကယ်တော့ ကိုယ်ဟာ ကိုယ်တိုင်လမ်းပျောက်နေသူပါလား.. မတတ်နိုင်တာတွေကို စိတ်ကိုလျှော့လို့ ချန်ထားရစ်ခဲ့ရမယ်.. မနှစ်မြို့နိုင်တဲ့ မတရောစးောစးားမႈေတြ ကိုယ်နဲ့ တိုက်ရိုက်မပတ်သတ်လာသေးသ၍ မျက်စိခဏမှိတ်လို့ လစ်လျူရှုဖို့ တဆိတ်ကြိုးစားဦး.. ကိုယ့်ရဲ့လှေကို ပြုပြင်ရဦးမယ်.. ရှေ့ခရီးကို ဆက်ဖို့ ရွက်တွေတပ်ဆင်ရဦးမယ်.. ရိက္ခာဖြည့်ရမယ်.. ကိုယ့်ရဲ့ ရှုပ်ထွေးေ၀၀ါးနေတဲ့ အာရုံတွေကို အရင် ထင်ရှားပြတ်သားစွာမြင်နိုင်ဖို့.. ကိုယ် အရင် ကြိုးစားရဦးမည်..)
Saturday, November 11, 2006
ရွက်လှေများ (ဂျူး)
Posted by Maw at 4:41 AM
Labels: ခံစားမိသမျွ ဆရာမ ဂျူး၏ စာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment