ဘာကြောင့်လဲဆိုတော့ ကျွန်မသည် မရနိုင်သောအရာများကို မျှော်လင့်တတ်သော အရွယ်မှ လွန်မြောက်ခဲ့ပြီမို့ဖြစ်သည်၊
ကျွန်မသည် လောကထံမှာ အဖော်တစ်ယောက် တောင်းခံဖို့ဝန်လေးနေခဲ့ပြီ၊ အဖော်တစ်ယောက် တောင်းခံတိုင်းကျွန်မရရှိလာသော မှားယွင်းသည့် လက်ဆောင်များကိုလည်း ကျွန်မရယ်မောနိုင်ခဲ့ပြီ၊ ဟိုတုန်းကတော့ ကျွန်မက လောဘအလွန်ကြီးခဲ့သည်၊ ယောက်ျား တစ်ယောက်ထံမှ အရည်အချင်းဆိုတာကို ကျွန်မမက်မောခဲ့သည်။ တကယ် သူ့ထံမှ ရလာသည်က မျက်လှည့်ပညာသာ ဖြစ်သည်။ နောက်ထပ် ယောက်ျားတစ်ယောက်ထံမှ ကတိဆိုတာကို ကျွန်မတောင်းခံခဲ့သည်။ တကယ်သူ့ထံမှ ရလာသည်က ရေစုန်မှာ လှေကြုံလိုက်တတ်သည့် ထူးဆန်းမှုတစ်ခုသာဖြစ်သည်။ ယောက်ျားတစ်ယောက်တံမှ အပြန်အလှန် ဖေးမကူညီမှုနှင့် ညီညွတ်မှုကို ကျွန်မ လိုချင်စွာမျှော်လင့် ခဲ့သည်။ တကယ်သူ့ထံမှ ရလာသည်က သူ့အတ္တများသာ ဖြစ်သည်၊
ယခုတော့ ကျွန်မသည် ယောက်ျားတို့ထံမှ ဘာကိုမှ မမျှော်လင့်သူ။ မလိုချင်သူ ဖြစ်ခဲ့ပြီ။ သူတို့၏ အရည်အချင်းဆိုတာကိုလည်း ကျွန်မ မလိုအပ်တော့ပါ။ သူတို့၏ ကတိတွေကိုလည်း ကျွန်မ မလိုအပ်တော့ပါ။ သူတို့ပေးလာမည့် နှင်းဆီပန်းများထက် ကျွန်မ ကိုယ်တိုင် စိုက်ပျိုး ယူရသည့် နှင်းဆီပန်းများကို ပို၍ မက်မောစွာ တန်ဖိုးထားပါသည်။ ဤအချက်ကို ကိုယ်တိုင် သတိပြုမိသောအခါ လောကသည် အသက်ရှင်နေထိုင်ရတာ ထိုက်တန်လာသည်ဟု ခံစားရသည်၊
သို့သော် အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်မဘေးမှာ အဖော်တစ်ယောက်လောက်တော့ ရှိစေချင်သည်။ ထိုအဖော်သည် ချစ်သူ တစ်ယောက်ဖြစ်စရာမလို၊ ခင်ပွန်းတစ်ယောက်ဖြစ်စရာမလို၊ သားတစ်ယောက်ဖြစ်စရာမလို၊ သမီးတစ်ယောက်လဲ ဖြစ်စရာမလို၊ လူသားတစ်ယောက်ယောက် .... ကျွန်မငိုလျှင် ၀မ်းနည်းပေးမည့် ကျွန်မပျော်ရွှင်လျှင် ကြည်နူးပေးမည့် လူသားတစ်ယောက်ယောက် ကျွန်မ ဒါထက်ပို၍မမျှော်လင့်ပါ၊ သို့သော် ထိုမျှလောက် ဆန္ဒကလေးကိုပင် လောကထံမှ မတောင်းခံရဲ၊
ချစ်သူတစ်ယောက်ဖြစ်စရာမလို၊ ခင်ပွန်းတစ်ယောက်ဖြစ်စရာမလို၊ သားတစ်ယောက်ဖြစ်စရာမလို၊ သမီးတစ်ယောက်လဲ ဖြစ်စရာမလို၊ လူသားတစ်ယောက်ယောက်ကျွန်မငိုလျှင် ၀မ်းနည်းပေးမည့် ကျွန်မပျော်ရွှင်လျှင် ကြည်နူးပေးမည့် လူသားတစ်ယောက်ယောက် ကျွန်မ ဒါထက်ပို၍မမျှော်လင့်ပါ၊ သို့သော် ထိုမျှလောက် ဆန္ဒကလေးကိုပင် လောကထံမှ မတောင်းခံရဲ၊
Saturday, November 11, 2006
အရောင်များနှင့်ကစားခြင်း (ဂျူး)
Posted by Maw at 5:02 AM
Labels: ခံစားမိသမျွ ဆရာမ ဂျူး၏ စာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment